၁၆။ လီဟုန်ကြည်ရဲ့ ဓမ္မစကြာလည်စေသော် လူသား အကျိုးဆောင်ရဲ့လား?

ဒုတိယအချက် သုံးသပ်ချက်ကို သုံးသပ်ရပါမယ်။
အရိယသစ္စာ မဟုတ်သော်မှ အကျိုးရှိတဲ့ လူသားလျှောက်လမ်း ဟုတ်- မဟုတ် သုံးသပ်စရာ ပါဘဲ။ လီဟုန်ကြည်ရဲ့ ဓမ္မစကြာလည်စေသော် ဟောပြောချက်ဟာ လီဟုန်ကြည်ရဲ့ ကိုယ်စွမ်း ကိုယ်စ ပြချက်တွေနဲ့  ခန္တီ၊ သစ္စာ၊ မေတ္တာ တည်ဆောက်ပြချက်တွေပဲ။ ပုဂ္ဂလ နဲ့  ဓမ္မ အဖြစ် ဒါတွေပဲ ပြရမှာတွေပါပဲ။ သည်ပြချက်တွေကြောင့် အခုလောက် အောင်မြင်တာလည်း ဖြစ်စရာ ရှိပါတယ်။

သည်ပြချက်တွေဟာ ၀ါကြွားတာလို့  ထင်စရာ ဖြစ်ပါတယ်။ သည်လိုဟုတ်မှာ မဟုတ်ဘဲ သည် လုပ်ငန်းဟာ သည်လို လုပ်ဖန်များသူ သည်လိုပဲ ဖြစ်တတ်စမြဲ ရှိပါတယ်။

ဗမာပြည်က တောင်တန်း သာသနာပြု ပုဂ္ဂိုလ်ကြီးတစ်ဦး ဆိုရင် တောထဲမှာ ပရိတ်တွေ ရွက်ဖက်နေလိုက်တာ ကြာတော့ နတ်တွေ လာနာကြတယ်- လို့ မြင်ရတဲ့ အဖြစ် ဖြစ်ကြောင်း ပြောတာပါပဲ။ သူ ပရိတ်ရွတ်လိုက်ရင် ရေတွေဆူလာတာလည်း ပြောတော့ တာပဲ။ လူတွေ လည်း မြင်ရတယ်လို့ အထိ ဖြစ်ကြရတယ်။ ဗီဒီယို ဆရာက သည်အဖြစ်ကို ထူးဆန်းချက် မှတ်တမ်းတင်ပြချင်လို့  ကြိုးစားပေမယ့် မှတ်တမ်းတော့ ၀င်အောင် မတင်နိုင်ဖြစ်ရတယ်။ ဗီဒီယိုက ဇီဝပစ္စည်း မဟုတ်တာ ဆိုတော့ မှတ်တမ်းထဲ မ၀င်တာပေါ့။

ရောဂါတွေ ပျောက်ဖို့ တရားသင်တန်း လာမတတ်နဲ့ ။ တရားသင်တန်းတက်ရင် ရောဂါတွေ ပျောက်နေပြီး ဖြစ်နေမယ်။ သင်တန်းတက်နေသူ တဦးဟာ တနေ့ မှာ ကားအတိုက်ခံရပေမယ့် ဘာမှ အထူးမဖြစ် ဘဲရှိတာ။ ဒါလို အစစတွေလည်း ပြောလောက်တာပါပဲ။

လူဟာ သက်ဝင်သွားရင် လူထဲက ဟော်မုန်းတမျိုး ထွက်တယ် သိရတယ်။ အဲဒါက အဲသည် သူ့ ပြချက်တွေမှာ ယံမှုကို ဖြစ်စေတတ်တယ် မဟုတ်ပါလား။

၁၉၆၀ ခုနှစ် ၀န်းကျင်လောက်ဆီက ဗမာပြည် အရှေ့ မြောက်ဖျား တနယ်မှာ “ ဆရာထန်” ဆိုသူ တဦး ပေါ်ခဲ့ဖူးတယ်။ သူတရားကျင့်ပြီး ဘုရားဖြစ်သွားတယ်ပေါ့။ သူ့ ကို သန္တွီ၊ သီပေါ အရောက် စော်ဘွားနဲ့  နယ်သားတွေ ပူဇော်ပြီးကြပြီ။ မန္တလေး ရောက်လုလု ဖြစ်သွားပေမယ့် မရောက်တော့ မရောက်လိုက်ဘူး။ အရှေ့ မြောက်တခွင် ခရီးစဉ်မှာ ဦးသန်းဖေမြင့်က ဘုရားထန်ကို တွေ့ တော့ ရွေဘော်ထိုးနေတယ်- လို့ ရေးထားတယ်။ နောင် အကြောင်း သင့်မှ ဘုရားပြန်လုပ်မယ် ပြောတယ်- ဆိုလား မှတ်ရတယ်။ ဒါတွေပြောရတာ အယုံနဲ့ စပ်လို့ ပါပဲ။ ယုံတယ်ဆိုတာ တဘက်သူက ကိုယ့်စိတ်ယူနိုင်ရင် ယုံတော့ တာပါပဲ- လို့ ပေါ့။

နောက် ဥပမာတစ်ခုပြောပါ့မယ်။ ၁၉၅၀-၆၀ လောက်က စပြီး သထုံနယ်က အလံတရာ ဆရာ တော်ဆိုတာ ၈-နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ လက်လံတစ်ရာ အ၀န်း၊ အဲသည် အတိုင်း အမြင့်ရှိတဲ့ စေတီတဆူကို ခေတ်သစ် အင်္ဂတေမပါဘဲ အုံတုံ၊ ကျွဲကော် အစရှိတဲ့ ရှေးခေတ် ဟောင်း သရွတ်ဖော်စပ်နည်းနဲ့  တည်ခဲ့ပါတယ်။ တည်တဲ့နေရာမှာ တည်ဆောက်တဲ့သူတွေကို ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီးမရွေး သက်လွတ်စားစေပြီး ငါးပါးသီလ စောင့်ထိန်းစေကာ ခန္တီ၊ သစ္စာ၊ မေတ္တာနဲ့  နေဖို့  သွန်သင်ပါတယ်။ သူ့ ကိုလည်း နောက်ပွင့်မယ့် အရိမေတ္တောယျ ဘုရားလောင်းအဖြစ် ယုံကြည်စေခဲ့ပါတယ်။

သည်ယုံကြည်မှုတွေဟာ အလံတစ်ရာ ဒေသ၀န်းကျင်က လူတွေသာမက ဗမာပြည်အရပ်ရပ် က လူတွေကိုပါ ယုံကြည်စေပြီး သည်စေတီ တည်ဆောက်ရေးမှာ ကိုယ့်ဘ၀ တစ်ခုလုံးပေးပြီး လာရောက် လုပ်ဆောင်သူတွေ ရာဂဏန်း ထောင်ဂဏန်းအထိရှိပါတယ်။ ၁၉၈၀ ပြည့်ကျော် မှာတော့ သရွတ်နဲ့  တည်တဲ့ သည်စေတီဟာ တည်လိုက်ပြိုလိုက်နဲ့  အစမသတ်နိုင်ဘူး။ ဒါနဲ့  နောက်ပိုင်းမှာ ခေတ်မှီ အင်္ဂတေနဲ့ ဆက်တည်မှ စေတီပြီးသွားပါတယ်။ အရိမေတ္တေယျ ဘုရား ဟာ ကံ့ကော်ပင်အောက်မှာ ပွင့်မယ်လို့  ရှေးနှစ်ပေါင်း နှစ်ထောင်ကျော်လောက် ဗျာဒိတ်စာက ရှိထားတယ် ဆိုလေတော့ အလံတရာစေတီ သွားတဲ့လမ်းမှာ ကံ့ကော်ပင်တွေ တန်းစီးပြီး စိုက် ထားတာ ယနေ့ ထိ တွေ့ နိုင်ပါတယ်။

ဒါနဲ့ ဒီဆရာတော်ဟာ သည်စေတီနဲ့  အဆုံးမသတ်သေဘဲ သည်စေတီရဲ့ မြောက်ဘက် ၅မိုင် လောက်မှာ သက္ကစေတီ ဆိုပြီး တည်ပြန်ပါတယ်။ ၁၉၉၃ ခုနှစ် ၀န်းကျင်လောက်မှာ အရိမေတ္တေယျ ဘုရားပွင့်တယ် ဆိုပြီး ကံ့ကော်ပင်အောက်မှာ မြပလ္လင် တက်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ပြုလုပ်ခဲ့ပါတယ်။ သည်ပွဲမှာလည်း သူ့ ကို ယုံကြည်တဲ့သူတွေ ထောင်ဂဏန်း သောင်းဂဏန်းထိ လာရောက် ဖူးမြော်ကြပါတယ်။ သည်လူတွေဟာ သည်ပုဂ္ဂိုလ်ကြီးရဲ့ ခန္တီ၊ သစ္စာ၊ မေတ္တာကို ဘ၀ပါပုံပေးပြီး ယုံကြည်ကြခြင်းဖြစ်တယ် ဆိုတာ သိနိုင်ပါတယ်။

ဓမ္မ သုံသပ်ကြရအောင်လား။
သည် ဓမ္မဟာ လူကို ခန္တီ၊ သစ္စာ၊ မေတ္တတွေ တည်ဆောက် ပေးချင်တာပါပဲ။ အဲဒါလည်း မရေ မရာ ဖြစ်နေပါတယ်။ လူကို ပီပီပြင်ပြင် မြင်တဲ့ အနေမှာ မရှိလို့ ပါပဲ။ သည်တော့ ဓမ္မစကြာ လည်စေသော် ညွှန်ပြချက်ဟာ လောကမှာ ရှိကြပြီး ဓမ္မတွေထဲက ဓမ္မတစ်ခုပဲ ဖြစ်ပါတယ်။

လောကမှာ ရှိကြပြီးတဲ့ ဓမ္မတွေ အားလုံးလိုလိုဟာ လူ့ အတွက် တည်ဆောက်ကြတာတွေ ဖြစ်ပေမယ့် လူ့ အတွက် ပီပြင်တဲ့ အထိ ပြီးစီးအောင် ဆောက်မသွားနိုင်ကြပဲ ရှိကြတာတွေ ချည်း ဖြစ်ကြတယ်။ ယာယီဆရာ ဦးတုတ် ယာယီလုပ်သလို ဖြစ်နေတာပေါ့။ ဦးတုတ်ဟာ လူ သေကို သုသာန်ပို့ တဲ့ အဆင်တန်ဆာ ယာယီလုပ်သူပဲ။ လူတစ်ဦးသေလျင် ယာယီတစ်ခါ လုပ်ရတာပဲ။ ယာယီပေါ်မှာ လူသေကို တင်ပြီး သင်္ချိုင်းပို့ တဲ့အခါ သင်္ချိုင်းအရောက် ဦးတုတ်က ယာယီဆေးလိုက်ခြယ်ပေးလို့  မပြီးသေးဘဲ ရှိနေတယ် - ဆိုတာပါပဲ။ သည်ယာယီဟာ သင်္ချိုင်း ရောက်ရင် ဖျက်ပစ်မှာပါ။ ယာယီဟာ သင်္ချိုင်းကို လွန်ပြီး အသုံးကျတာ မဟုတ်ဘူးပဲ။

သည်ကလုပ်တဲ့ ကောင်းကျိုး ဆိုးပြစ်တွေဟာ နောင်ဘ၀မှ ရမှာလို့  မပြောဆိုမညွှန်ပြတဲ့ ဓမ္မလို့  လောကမှာ မရှိသလောက်ပဲ။ လီဟုန်ကြည်ရဲ့ ဓမ္မလည်း သည်လိုပဲဖြစ်တာ တွေ့ ရတယ်။ ယာယီဆရာ ဦးတုတ် သင်္ချိုင်းရောက်တဲ့အထိ ဆေးလိုက်ရေးနေသလိုပဲ။

Website counter

Back to TOP