၁၇။ လူ့ ကောင်းကျိုးဆောင်ဖို့  လူ့ သဘာဝကို မှန်ကန်အောင်သိရတယ်

ဓမ္မတွေ ညွှန်ပြကြသူတွေဟာ ဓမ္မညွှန်ပြသူတွေ လုပ်နေကြပေမယ့် ဓမ္မတွေကို မသိနေကြတာ တွေ့ ရတယ်။ ပြီးတော့လည်း ဓမ္မကို ဆောင်ရမည့် သူတွေကိုလည်း မသိကြဘူး။ သည်လို ဖြစ်နေတာ တွေ့ ရတယ်။

သူတို့  မသိကြောင်း ဘယ်လိုသိရသလဲ? မေးစရာ ရှိတယ်။ ဓမ္မရဲ့ အကျိုးကို လူကို လွန်ပြီး ပြကြတာတွေ တွေ့ နေရတာနဲ့  သိရတယ် ပြောရမယ်။ လူကို ဓမ္မအဆောင်ခိုင်းတယ်၊ အဲသည် ဓမ္မဆောင်ရတဲ့ အကျိုးကို လူသေပြီးမှ ဖြစ်မယ်လို့  ညွှန်ပြတယ်။

သည်လို ဖြစ်မှာကို တိကျတဲ့ သက်သေ သက္ကာယ ပြနိုင်ကြတာ မဟုတ်ကြဘူး။ စိတ်မှန်းနဲ့  ရမ်းဆပြနေကြတာတွေပဲ။ အခုအချိန်မှာ လူ့ မျက်စိတွေဟာ ကျယ်လာနေကြပြီ၊ တချိန်က ကိုယ့်မျက်စိ တဆုံး နားတဆုံးလောက် မြင်နိုင်၊ ကြားနိုင် လေ့ လာဆည်ပူးနိုင်ရာက အခု ကမ္ဘာအနှံ့ လောက် မြင်နိုင်၊ ကြားနိုင်တဲ့ အဖြစ်ရှိလာခဲ့ပြီ။

ရှေးအခါက မြင်းမိုရ်တောင်ကြီးနဲ့  တောင်စဉ် ခုနှစ်ထပ် ကျွန်းကြီး လေးကျွန်းဟာ ပုံပြင်ထဲ သွင်းပြီး ကြပြီ။ နှလုံးသားအတွင်း သွေး လက်တဖက်ရဲ့ အလည်မှာ ပုန်းညက်စေ့ပမာဏ ဟဒယမှာ စိတ်က တည်မှီတာလည်း ပုံပြင်ဖြစ်ခဲ့ပြီ။ လူဖြစ်ဖို့  တဘက်ဘ၀က လာခဲ့ရတယ် ဆို တာလည်း လူ့ ဗီဇဆဲလ်(Chromosome cells) ထဲမှာ လူ့ အဖြစ်အတွက် ပြည့်စုံးအောင် ပါဝင် နေတာကို အခု ရာစု တ၀က်လောက်အတွင်းမှာ သိပြီးခဲ့တာက ချေဖျက်တာ ခံလိုက်ရပြီ။

ဓမ္မ မသိဘဲ၊ ဓမ္မဆောင်ကြမယ့် လူတွေလည်း မသိဘဲ ဓမ္မညွှန်ပြ သူတွေဟာ လောကရဲ့ လက်ညှိုး ငေါက်ငေါက်ထိုးပြီး သရော်တာ ခံကြရမယ့် သူတွေပါပဲ။ သည်အထဲမှာ နောက်ဆုံး ပွင့်မယ့် တမန်တော် လီဟုန်ကြည်လည်း လွတ်ဖို့ မရှိတာ တွေ့ ရပါတယ်။

လူ့ အတွက် ဓမ္မတွေကို တည်ဆောက်ကြတာပဲ။ လူမသိဘဲ ဓမ္မတည်ဆောက်တော့ လူမှား သလောက် ဓမ္မလည်း မှားရတော့တာပါပဲ။ လူမှာ ၀န်ထုပ် ၀န်ပိုးတွေ အပိခံနေရတယ်။ ဒါကို မြင်ပြီး လူပေါ်က ၀န်တွေ ကျကုန်ကြဖို့  ဆောင်စရာ အဆောင် ဓမ္မတွေကို ညွှန်ပြကြတယ်။ လူ့ အမြင်က မမှန်တော့ ဓမ္မညွှန်ပြချက်လည်း မမှန်ဖြစ်ရတာပဲ။

လူကို ဘယ်လို အမြင်မမှန်သလဲ?
ဒါကို ဖြေကြည့်ရမယ်။ သည်လူဟာ သူမမွေးမီ ဘ၀ကြီးငယ်က ပြုခဲ့တဲ့ ကံတွေရဲ့ အကျိုး ၀ိပါက် အထုအထည်ဖြစ်တယ်- လို့ မြင်ကြတယ်။ သည်လူဟာ မိဘနှစ်ပါးက ပေါက်ပွား လာတာဆိုတာ သိကြပြီး ဖြစ်ပေမယ့် မိဘနှစ်ပါးက မပေါက်ပွားခင် ကတည်းက ရှိပြီးသား အဖြစ် မှတ်ယူချင်ကြတယ်။

သည်လို မှတ်ယူချင်ကြတာမှာလည်း အကြောင်းမရှိတော့ မဟုတ်ဘူး။ လူတွေ တစ်ဦးနဲ့  တစ်ဦး မတူခြားနား ကွဲပြားကြတာဟာ သည်လိုမှတ်ယူချင်ကြခြင်းရဲ့ အကြောင်းပဲ။ လူတွေ ဟာ သည်လို တစ်ဦးနဲ့  တစ်ဦး မတူခြားနား ကွဲပြားကြတာကို တအားစိတ်ဝင်စားကြတယ်။ ဒါပေမယ့် အဲဒါတွေဟာ ဘယ့်ကြောင့် ဖြစ်ရတယ်လို့  မဖော်နိုင်ကြဘူး။

တခြားတခြား သက်ရှိတွေလည်း အနည်းအပါးက အများအပြားအထိ ကွဲပြားတာတွေ ရှိမှာပဲ။ ဒါတွေကို ကိုယ်တွေ့ အဖြစ် မဟုတ်တော့ စိတ်မ၀င်စားကြတာပဲ ဖြစ်မှာပဲ။ ပြီးတော့လည်း သစ်ပင်တို့  တိရစ္တာန်တို့  ရှင်သန်မှုဟာ ကိုယ်ပိုင်စိတ်နဲ့  သိပ်ကြီး လှုပ်ရှားနိုင်တယ်လို့  မရှိ သလောက်ဆိုတော့ မသိတာလည်း ဖြစ်မယ်။

လူကတော့ သဘာဝထဲ စီးမျောနေတာလောက် မကတော့ဘဲ စားဝတ်နေရေး ကျန်းမာရေး ဆိုင်ရာတွေကို ကိုယ်တိုင် ဖန်တီးနေကြသူတွေ ဖြစ်နေကြပြီ မဟုတ်လား။ သည်တော့ ဖန်တီး ခွင့်နည်သူ၊ များသူ၊ ဖန်တီးအားရှိသူ၊ မဲ့သူအလျောက် ဖြစ်ထွန်းမှုကလည်း မတူကွဲပြားပြီး အခြားနားကြီး ခြားနားကြမယ် မဟုတ်လား။ သည်တော့ လူ့  ခြားနားမှုက ဘယ်ကို အကြောင်း ခံပြီး ဖြစ်ပွားတယ် ဆိုတာ ပြဿနာဖြစ်ကြတာပဲ။

သည်ပြဿနာကို အဖြေထုတ်တဲ့ အနေနဲ့  လူကို ဝေဖန်ကြံစည် ကြတာပဲ။ လူဟာ မိဘ နှစ်ပါးက ပေါက်ပွားတာမျှ မကရဘူး- လို့ ပဲ။ ဘုရား ဖန်ဆင်းတာလား? ကံပစ်ချတာလား? လုပ်ကြတော့တာပေါ့။ လူကို ဘုရား ဖန်- မဖန်နဲ့  ကံပစ်ချ- မချ ကွဲပြားအောင် သိတဲ့ အသိဉာဏ်တွေ လူတွေဆီမှာ မရှိကြဘူး။ ဘုရားဖန်တာ ဖြစ်ချင်လည်း ဖြစ်စရာရှိတယ်။ ကံပစ် ချတာလည်း ဖြစ်ချင် ဖြစ်စရာ ရှိတယ်လို့  မဆုံးဖြတ်နိုင်တာတွေ ဖြစ်နေကြတယ်။

လူနဲ့ စပ်ပြီး သိကြပြီးသားက ပြောလောက်အောင်မှ မရှိကြတာပဲ။ လူ့ အစာအိမ်၊ လူ့ အသဲ၊လူ့  ဦးနှောက် အစစတွေဟာ ဘာအလုပ်တွေ လုပ်ကြသလဲ? သည်လိုကလေးတောင် မှန်ကန်အောင် သိကြသေးတာမှ မဟုတ်ကြတာဘဲ။ သည်တော့ ဘုရားဖန်နဲ့  ကံပစ်ချကို ငြင်း ဆန်အား မရှိကြဘူးပေါ့။

ဒါပေမယ့် ရှေးကတည်းက မေးခဲ့ကြတာတွေတော့ ရှိပါတယ်။ ဘုရားဖန်တာဆိုရင် သည်ဖန်တဲ့ ဘုရားကိုတော့ ဘယ်သူ ဖန်သလဲ? - ဆိုတာပါပဲ။ သည်မေးခွန်းဟာ ဘုရားကို သေစေတဲ့ မေးခွန်းပါပဲ။ သည်လိုဖြစ်ပေမယ့် လူနဲ့ စပ်ပြီး သည့်ထက်ကောင်းတဲ့ သိဆိုင်ရာက မရှိတော့ အဖေမရှိတော့ အဘနဲ့ ပျော်တယ် ဆိုတာမျိုး ကံပစ်ချစနစ်ကို လူတွေ လက်မလွှတ်နိုင် ဖြစ်ကြ ရတယ်။

သည်ဖန်ဆင်းရှင် ဘုရားနဲ့ ကံဟာ ဘယ်သူမှ ကိုယ်တိုင် သိနိုင်တာ မဟုတ်တော့ လောက အမှန်လည်း မဟုတ်ဘူး။ ဒါကြောင့်လည်း ဖန်ဆင်းရှင် ကြိုက်သူဟာ ဖန်ဆင်းရှင် ခံယူပြီး ကံ ကြိုက်သူက ကံခံယူနဲ့  တစ်ဦးနဲ့  တစ်ဦး ညှိမရတမ်း ကွဲပြားနေကြတာပဲ။ အခုခေတ် သင်္ချာတို့  သိပ္ပံတို့  ဆိုရင် တွေ့ သိပြီးတာကို တလောကလုံး လက်ခံကြတာပဲ မဟုတ်လား၊ ကိုယ်တိုင် လည်း သိတာပဲ။

တဦးနဲ့  တဦးမှာ တဦးက ချေဖျက်တာကို အချေဖျက်ခံရသူက မကျေပျက်ကြောင်း ပြန်မဖြေ ရှင်းနိုင်ဘဲ ဆက်လက်ပြီး ကိုယ်ခံယူတာကို သိမ်းပိုက်ထားကြတာဟာ အယူတွေကွဲကြောင်း ဖြစ်တယ်။ ရှေးအခါက လူတွေဟာ အတော်ကြီး ကလေးဆန်ကြတဲ့ အနေမှာ ရှိကြတယ်။

အခုခေတ်မှာ ကျားထိုးတန်း ကစားတဲ့ အခါ သူ့ ကျားဖြစ်ဖြစ်၊ ကိုယ့်ကျားဖြစ်ဖြစ် အစားခံရပြီ ဆိုရင် ပွဲမပြီးမချင်း အစားခံရပြီး ကျားဟာ ကျားကွက်မှာ ပြန်ဝင်ကစားလို့  မရပါဘူး။ ဒါက အပျော် ကစားတာမှာ တောင်ရှိတဲ့ ထုံးစံပါ။

တရားဓမ္မဟာ ကစားတာလည်း မဟုတ်ဘူး။ သည်လို ဖြစ်လျက်နဲ့  သေပြီးနေတဲ့ သဘော တရားကို အသက်သွင်းပြီး ဆည်းကပ် နေကြတယ်။ ဘယ်လောက် ကလေးဆန်လိုက်ကြ သလဲပဲ။ သည်ဘာသာဝင်တွေက သည်လိုလုပ်တာအတွက် မိုးကြိုးပစ်တာမှာ ထန်းလက်နဲ့  ကာတယ် ဆိုတာမျိုးလို လုပ်ပြကြပါတယ်။ အဲဒါက ဘာသာတရားဟာ အသိဝိဇ္ဇာတရား ဆိုတော့ သိပ္ပံလို ရှင်းပြလို့ မရဘူး- ဆိုတာမျိုးပါပဲ။

ဘယ်သဘောတရား ဖြစ်ဖြစ် ၀ိဇ္ဇာသိပ္ပံ မရွေးဘဲ လူသုံးရမယ့် ပစ္စည်းဖြစ်တယ်ဆိုရင် လူတဦး က လူတဦးကို အသိပေးရမှာပဲ။ အဲသည်အခါ စကားနဲ့ လား၊ စာနဲ့ လား ရေးရ - ပြောရိမှာပဲ။ အဲဒါတွေနဲ့  ဘာမှ လုပ်လို့ မရရင် ဘာမှ မဟုတ်လို့ ဘဲ။ ရေးပြ ပြောပြတဲ့ အရာက လူ- ဘာမှ မသိစေတာ ဆိုရင်လည်း သည်လိုပဲ ဘာမှ မဟုတ်လို့ ဘဲ။

ဘာမှ မဟုတ်တာတွေဟာ ဘာမှ မဟုတ်ဘူးသာ ဆိုရတယ်၊ ဘာမှ မဟုတ်ရာမှ နေတာတော့ မဟုတ်ဘူး။ လူတိုင်းလို့  ပြောရလောက်တဲ့ လူတွေပေါ်မှာ ဂုတ်ခွစီးနေကြတယ်။ လူတွေမှာ ဒါတွေ အတွက် ၀န်တတ်နေကြရတယ်။ လူတွေ တွေးကြရင်လည်း ဘာမှ မဟုတ်တာတွေနဲ့ ပဲ တွေးကြတယ်။ ပြောကြ လုပ်ကြရင်လည်း သည်လိုပဲ။ ဘာမှ မဟုတ်တာတွေပဲ ပြောကြ လုပ်ကြတယ်။ ဒါတွေ အတွက် ဆုံးရှုံးကြရတဲ့ လူတွေရဲ့ လုပ်အားတွေဟာ ရေတွက်လို့  မနိုင် အောင် ဖြစ်မယ်။

ဘာမှ မဟုတ်တာတွေဟာ ဘာမှ မဟုတ်မှန်း မသိခင်က ဘာမှ မဟုတ်တာတွေနဲ့  လူစုခဲ့ကြ တာဆိုတော့ သည်နေ့  ဘာမှ မဟုတ်တဲ့ လူတွေရဲ့ အစုအမက်ကြီးဟာ ကြောက်ခမန်းလိလိ ဖြစ်နေပြီ။ ဘာမှ မဟုတ်တဲ့ အစုအမက်ကြီး ပြိုလဲ မသွားအောင် တည်ဆောက်ပေးနေတဲ့ ဘာမှ မဟုတ်တာရဲ့ တမန်တွေနဲ့  တင်းတင်းကြပ်ကြပ် ဖြစ်နေခဲပြီ။ အဲသည် တမန်တွေဟာ ကျက်သရေဆောင်တွေ ဖြစ်ကြပြီး၊ လူ့ အမှုကိစ္စတွေရဲ့ ဦးစီး ဦးကိုင် အရာကို ရထားကြသူ တွေပဲ။

ဘာမဟုတ်တာတွေရဲ့ အစုဟာ တစုနဲ့  တစု အသာစီးရအောင် လုံးပမ်းနေကြတယ်။ ** ကမ္ဘာမှာ ငါတို့ ပဲ ဟုတ်တယ်- ဆိုတဲ့ အဖြစ် ရောက်ရမယ်ပေါ့။ အဲဒါနဲ့  လူတွေ သေကြ ကျေကြ တိုက်ခိုက်ကြတဲ့ အထိ ဖြစ်ကြတယ်။ ဒါတွေဟာ ရှုးသွပ်နေကြသူတွေရဲ့ တိုက်ပွဲတွေပဲ။ ရုးသွပ်နေကြသူတွေလို့  ပြောလိုက်တာ ဆိုးဆိုးဝါးဝါး လွန်လွန်မင်းမင်း ပြော လိုက်တာလို့  ထင်စရာပဲ။

တကယ်တော့ အရင်းအမြစ်ဖြစ်တဲ့ ဖန်ဆင်းရှင်တို့ ကံတို့  ဆိုတာ မသိဘဲ၊ အခိုင်အမာ ပြနိုင်ခြင်း မရှိကြဘဲ စိတ်မှာ ယုံတယ်ဆိုတာ တခုတည်းနဲ့  လုပ်နေကြသူတွေအတွက် အမည် ဟာ တစ်ခုတည်း ဖြစ်လို့  ပြောလိုက်ရတာပဲ။ ယုံတယ် ဆိုတာ စိတ်မှာ ထင်တာပဲ။ စိတ်မှာ ထင်တာ ဖြစ်ကောင်းပါတယ်။ ထင်တာကို မြင်သာတဲ့ အထိ ဆက်ပြနိုင်ရမယ် မဟုတ်လား။ မြင်သာတဲ့ အထိ ဘာမှ သရုပ်မဖော်နိုင်ဘဲ ဘယ်တော့ ဖော်နိုင်မှာလိုလို၊ ဘယ်မှာ ဖော်နိုင်မှာ လိုလို ဟိုရွေ့  သည်ရွေ့ အမျိုးမျိုးရွေ့ တာ ခံနေရပြီး၊ နောက်ဆုံးပိတ် ကိုယ်တိုင် မသိနိုင်တဲ့ နေရာ အရောက် ရွှေ့ သွားတဲ့အထိ လက်ခံနေတာဟာ ရှုးသွပ်တာပဲ မဟုတ်ပါလား။

ဒါတွေ မကျေနပ်ကြသူတွေဟာ သည် အရှုးအ၀န်းအ၀ိုင်းက ရုန်းကြပါတယ်။ အိက်္ကဇစ် တို့  ကွန်မြူနစ်တို့ ပေါ့။ သူတို့ လည်း လူ့ အပေါ် အမြင်မှန်သွားကြသူတွေ မဟုတ်ကြဘူး။ ရှေးက လူအပေါ် အမြင်မှား ပြသွားကြသူတွေရဲ့ အမြင်တွေကို ငြင်းဆန်ပြသွားကြ သူတွေပဲ ဖြစ်တယ်။ သူတို့ ဟာ လူကို လူ- လို့ ပဲ မြင်ပြီး လူကို ခွဲခြမ်းစိတ်ဖြာပြီး မမြင်သူများ ဖြစ်ကြတယ်။

သည်တော့ လူဟာ အမှန်တရားဖြစ်တော့ လူလုပ်တာတွေဟာ အမှန်ပဲလို့  ပြောသူကပြောပြီး၊ လူတယောက်က တယောက်ကို ခေါင်းပုံဖြတ်တဲ့ လူရဲ့အမှုဟာ မမှန်ဘူး- ပြောသူက
ပြောတာပဲ။ သူတို့ လည်း လုပ်ဆောင်ရမယ့် ဓမ္မကို မညွှန်ပြနိုင် ဖြစ်ကြရတယ်။ ဒါကြောင့် သူတို့  ဓမ္မတွေ လောကမှာ ထွန်းတောက် မလာကြဘူး။



(** သည်ခေတ် အမေရိကန်တွေ “America first” ဆိုပြီး သူတို့ ဟာ အကြီမြင့်ဆုံး ဆိုကြ သလို ၊ ဒုတိယ ကမ္ဘာစစ် မတိုင်မီက ဂျာမန်တွေက “We Arians the greatest” = ငါတို့  ဂျာမန် အာရိယန်တွေသာ အကြီးမြတ်ဆုံး ဆိုခဲ့တယ်။ အလားတူ ရဟူဒီတွေ၊ ဂျပန်တွေ၊ အင်္ဂလိပ်တွေ၊ ရှေးခေတ် ရောမတွေလည်း သည်လိုပဲ ဆိုခဲကြတာပဲ)

Website counter

Back to TOP