Cherry

ဓမ္မ၀ိဟာရီ နိဒါန်း၏ နိဒါန်း

“ဓမ္မ၀ိဟာရီ နိဒါန်း၏ နိဒါန်း”

ကမ္ဘာလောက ယနေ့ကာလ ရှိရှိသမျှ အဘိဓာန်ကျမ်း စွယ်စုံကျမ်းများ၏ စာမျက်နှာများ၌ မရှိသေးသော “ဓမ္မ၀ိဟာရီ” ဟူသည့် ပုဂ္ဂိုလ်များဖြစ်ပွား ပေါ်ထွန်းလျက်ရှိပေပြီ။ ထိုပုဂ္ဂိုလ်များသည် သူတို့ကိုယ်သူတို့ ပုဂ္ဂလ၀ိသေသများ မဟုတ်ကြ။ သူတို့သည် သာမည သဘောဓမ္မကို ဆောင်သူ သာမညများ ဖြစ်သည်ဟု အသိပေးသူများ ဖြစ်ကြသည်။

ဤအကြောင်းကို……
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဦးဆောင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးနှင့် နိုင်ငံတော် သမ္မတကြီး၊ ပြည်ထဲရေးဌာန တာဝန်ခံကြီး၊ တိုင်းနှင့်ပြည်နယ် ကောင်စီဥက္ကဌများ၊ ညမြို့နယ်ကောင်စီများနှင့် အခြားသက်ဆိုင်သူများထံသို့ ၁၉၈၃ ခု စက်တင်ဘာလ( )ရက် နေ့စွဲဖြင့် ဓမ္မ၀ိဟာရီတို့ ကြေငြာစာတမ်းအရ သိနိုင်ကြသည်။ ဤကြေငြာစာတမ်းသည် အောက်ပါအတိုင်းဖြစ်သည်။

ဓမ္မ၀ိဟာရီ
ရှင်ဉာဏ၊ ရှင်ဂုဏ တို့၏
ဓမ္မ၀ိဟာရီ ကြေငြာစာတမ်း

ကျွနု်တို့သည် ၁၃၄၄ ခု၊ ပြာသိုလဆုတ်( ၁၃ )ရက် ( ၁၀-၂-၈၃ ) ည( ၁၀:၃၀ ) နာရီ အချိန်၌ ဓမ္မ၀ိဟာရီအဖြစ် ရောက်ခဲ့ကြပါသည်။ ကျွန်ုပ်တို့နှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ ဓမ္မဓိဋ္ဌာန်ကျကျ သိမြင်နိုင်ကြရန် ဤကြေငြာစာတမ်းကို ထုတ်ပြန်ရခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ပြီးခဲ့သောအချိန်များက ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းကြီးဘ၀၌ မထေရ်နှင့် မဟာထေရ်များအဖြစ် ရောက်အောင်နေထိုင်ခဲ့ကြပြီး ပရိယတ်ပဋိပတ် နှံ့စပ်ကြိုးကုတ် အားထုတ်ခဲ့ကြသဖြင့် အရိယာအဖြစ် ကောင်းစွာ ရောက်ရှိခဲ့ကြပြီးသူများ ဖြစ်ကြသည်။ ထိုအချိန်က ကျွန်ုပ်တို့သည် ဉာဏ်မျက်စိများ၌ ထေရ၀ါဒ ဗုဒ္ဓဘာသာအတွင်းဝယ် တရားတော်ယောင်ဆောင်ပြီး တရားတော်ကို ဖျက်စီးနေကြသော တရားမဟုတ်သော တရားများ မင်းမူနေကြသည်ကို ပြက်ပြက်ထင်ထင် သိမြင်နေကြရပါသည်။
ထိုသို့ဖြစ်သော်လည်း ထိုအချိန်က ကျွန်ုပ်တို့သည် သံဃာ့ဘောင်၌ ၀ိနိစ္ဆိယများ မရှိပဲ ဖရိုဖရဲ ပြိုကွဲပျက်စီးနေသဖြင့် သံဃာကို မည်သို့မျှ မပြုပြင်နိုင်ပဲ ပုဂ္ဂလလုပ်ငန်းဖြင့် အချိန်ကြာမြင့်စွာ စခန်းသွားနေခဲ့ရပါသည်။ မြန်မာ့ဆိုရှယ်လစ်သမ္မတအစိုးရ တက်ပြီးချိန်၌ ကျွန်ုပ်တို့သည် မြန်မာ့သံဃာများ သက်ဝင်လှုပ်လာဖြင့် ပြုပြင်ရေးလုပ်ငန်းများ အစပြုလာကြပါသည်။

နိုင်ငံတော် သံဃာ့မဟာနာယကသို့ ရှေ့၊ နောက်ဘ၀ ရှိ၊ မရှိ အယူ ဘ၀အမြင်များနှင့် ရုပ်၊ နာမ်လောက မြဲ၊ မမြဲ အယူ လောကအမြင်မှား၊ ဤအမြင်မှားနှစ်ပါး ဖယ်ရှားပေးရန် လျှောက်ထားတောင်းဆိုခဲ့ကြခြင်း ဖြစ်ပါသည်။ ဤသို့ လျှောက်ထားတောင်းဆိုခြင်သည် အရိယာများအဖြစ်ဖြင့် လျှောက်ထားတောင်းဆိုခြင်းဖြစ်ကြောင်း အလေးအနက် သက်သေပြ လျှောက်ထား တောင်းဆိုခဲ့ကြခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် နိုင်ငံတော် သံဃာ့မဟာနာယက ဖွဲ့စည်းပေးသော ၀ိနစ္ဆိယက “တရားရပြီ” ဟု ပြောသည်မှာ လိမ်ညာခြင်းသာဖြစ်ကြောင်း ၀ိနစ္ဆိယအပြုခံရပြီး ရဟန်းအဖြစ်မှ ပထုတ်ခံခဲ့ကြရပါသည်။ ကျွန်ုပ်တို့ကလည်း ကျွန်ုပ်တို့အား စွပ်စွဲသော ထေရ၀ါဒ သံဃာသည် အရိယူပ၀ါဒကံ ထိုက်ပြီဖြစ်၍ ကံထိုက်သူများကို စွန့်ပစ်ရမည်ဟု ဆုံးဖြတ်ကြပြီး ထေရ၀ါဒသံဃာကို စွန့်ပစ်ခဲ့ကြပါသည်။

ကျွန်ုပ်တို့သည် ဤသို့ ထေရ၀ါဒကို စွန့်ပစ်ကြသော်လည်း လူ့ဘောင်၊ လူ့ဘ၀သို့ လူ့အသွင်သဏ္ဍာန်၊ လူ့ပုံဟန်များဖြင့် နေထိုင်ရန် မဖြစ်နိုင်တော့သူများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့ ရရှိပြီးသော တရားဓမ္မများသည် ကျွန်ုပ်တို့ကို လူလိုဝတ်၊ လူလိုနေ၊ လူလိုစား၊ လူလိုသွားပြီး၊ လူလိုပြောဆိုလုပ်ရန် အခွင့်မရရှိကြပါသည်။

ထို့ကြောင့် လောကီလူမှုဘ၀များနှင့် အသီးအခြားဖြစ်သော ကျွန်ုပ်တို့တရားဓမ္မက ခွင့်ပြုသည့် ၀တ်စားနေထိုင် လုပ်ကိုင်ပြောဆိုမှုရှိသူ ဓမ္မ၀ိဟာရီများအဖြစ် ရပ်တည်နေထိုင်ခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် ရပ်တည်နေထိုင်မှုကို တာဝန်ရှိသူများ ဓမ္မဓိဋ္ဌာန်ကျကျ သိမြင်ကြစေရန် ဖော်ပြကြေငြာရပါသည်။

ဓမ္မ၀ိဟာရီ အဓိပ္ပါယ် ။ ။ ကျွန်ုပ်တို့သည် တရားဓမ္မဖြင့်သာ နေထိုင်ကြသူများ ဖြစ်သောကြောင့် ဓမ္မ၀ိဟာရီ အမည်ရစေခြင်း ဖြစ်ပါသည်။

ဓမ္မ၀ိဟာရီ သိက္ခာ ။ ။ ဓမ္မ၀ိဟာရီတို့သည် မိန်းမနှင့်စပ်သော သိက္ခာ(၁၁)၊ ရွှေငွေနှင့် စပ်သော သိက္ခာ(၂)၊ ရောင်းဝယ်မှုနှင့်စပ်သော သိက္ခာ(၂)၊ စားခွက်နှင့်စပ်သော သိက္ခာ(၂)၊ အစားအသောက်နှင့်စပ်သော သိက္ခာ(၄၄)၊ အ၀တ်နှင့်စပ်သော သိက္ခာ(၂၁)၊ နေစရာနှင့်စပ်သော သိက္ခာ(၅)၊ ဆေးဝါးနှင့်စပ်သော သိက္ခာ(၂)၊ တရားဟောနှင့်စပ်သော သိက္ခာ(၁၆)နှင့် ကြွင်းသော သိက္ခာ(၁၀၀)ကျော် ကျင့်သုံးကြပါသည်။

သိက္ခာ ပိုင်ဆိုင်မှု ။ ။ ဓမ္မ၀ိဟာရီတို့သည် ဤသိက္ခာများကို ပိုင်ဆိုင်ကြပါသည်။

ဓမ္မ၀ိဟာရီတို့ သဘော ။ ။ ဓမ္မ၀ိဟာရီတို့သည် လူတိုင်း သိမြင်ရရှိနိုင်သော သာမည သဘောဓမ္မကို ဆောင်ယူကြသည်။

ဓမ္မ၀ိဟာရီတို့ ဦးတည်ချက် ။ ။ အကျင့်သိက္ခာကောင်းပြီး လူ့လောကကြီး ငြိမ်းချမ်းရန် ဖြစ်သည်။

ဓမ္မ၀ိဟာရီတို့ တားမြစ်ချက် ။ ။ ဓမ္မ၀ိဟာရီတို့သည် ရပ်ရွာမြို့ပြ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး အားလုံးတို့တွင် တရားဓမ္မနှင့် မဆိုင်ပဲ ပြုလုပ်စရာများ၌ ပါဝင်ပတ်သက်ခြင်း မပြု။

ဓမ္မ၀ိဟာရီတို့ နေရာ ။ ။ ဓမ္မ၀ိဟာရီတို့သည် သစ်ပင်၊ တောင်ခေါင်း၊ ကျောင်း၊ ဇရပ် သင့်ရာ အဆောက်အဦး၌ နေခွင့်ရှိသည်။

ဓမ္မ၀ိဟာရီတို့ အလုပ် ။ ။ ဓမ္မ၀ိဟာရီတို့သည် တရားဓမ္မလုပ်ငန်းသာ အလုပ်ဖြစ်သည်။

ဓမ္မ၀ိဟာရီတို့ အ၀တ် ။ ။ ဓမ္မ၀ိဟာရီတို့သည် ဘောင်းဘီအပြာ၊ အပေါ်ဝတ်အပြာ၊ ၀တ်ရုံအပြာနှင့် ၀တ်လဲပြာများကို ၀တ်ရုံသုံးစွဲကြသည်။

ဓမ္မ၀ိဟာရီတို့ အစား ။ ။ ဓမ္မ၀ိဟာရီတို့သည် မိမိကို လှူဒါန်းမည့်သများထံ အလှူခံ စားသောက်ကြသည်။

ဓမ္မ၀ိဟာရီတို့ အသွား ။ ။ ဓမ္မ၀ိဟာရီတို့သည် မိုးတွင်း၌ ခရီးရှည်မသွားပဲ ရှိကြသည်။

ဓမ္မ၀ိဟာရီတို့ စင်ကြယ်မှုဖော်ပြချက် ။ ။ ဓမ္မ၀ိဟာရီတို့သည် တစ်လ( ၂ )ကြိမ် အချင်းချင်း စင်ကြယ်မှုကို ဖော်ပြကြသည်။

ဓမ္မ၀ိဟာရီတို့ စင်ကြယ်အောင် လုပ်ဆောင်ချက် ။ ။ ဓမ္မ၀ိဟာရီတို့သည် ပျက်ယွင်းသော သိက္ခာရှိလျှင် ၀န်ချပြင်ဆင်ကြသည်။

ဓမ္မ၀ိဟာရီတို့ မကိုးကားရသော စကား ။ ။ ဓမ္မ၀ိဟာရီတို့သည် မည်သည့် ဘာသာတရား၏ ဟောပြောချက်နှင့် ကျမ်းထွက်ကိုမျှ ကိုးကား မပြောဆိုကြပါ။

ဓမ္မ၀ိဟာရီတို့ မပုတ်ခတ်ရသော စကား ။ ။ ဓမ္မ၀ိဟာရီတို့သည် မည်သည့်ဘာသာတရား၏ ဟောပြောချက်နှင့် ကျမ်းထွက်ကိုမျှ မပုတ်ခတ်ရပါ။

ဓမ္မ၀ိဟာရီတို့ အချင်းချင်း သဘောထား ။ ။ ဓမ္မ၀ိဟာရီတို့သည် အခြားဓမ္မ၀ိဟာရီတို့၏ သုခ၊ ဒုက္ခကို အမျှယူကြပါသည်။

ဓမ္မ၀ိဟာရီတို့ စကားမပြောရမည့် နေရာ ။ ။ ဓမ္မ၀ိဟာရီတို့သည် မတရား လွှမ်းမိုး နှိပ်စက်ခံရလျှင် မတရား လွှမ်းမိုး နှိပ်စက်ခံရချိန်၌ စကား လုံးဝမပြောပဲ ရှိကြသည်။

ဓမ္မ၀ိဟာရီတို့ မနေရမည့် နေရာ ။ ။ ဓမ္မ၀ိဟာရီတို့သည် ဥပဒေက လွတ်လပ်ခွင့်မပေးသည့် မြို့၊ ရွာ၊ နိုင်ငံတို့၌ မနေပဲ ရှိကြပါသည်။

ဓမ္မ၀ိဟာရီတို့ အသက်ရှင်အောင် အားထုတ်မှု(အာယုသင်္ခါရ)မပြုရမည့် နေရာ ။ ။ ဓမ္မ၀ိဟာရီတို့သည် မတရား ဖမ်းဆီးချုပ်နှောင်ခံရလျှင် ဤမတရား အဖမ်းဆီး အချုပ်နှောင်တို့၌ အသက်ရှင်အောင် အားထုတ်မှု(အာယုသင်္ခါရ) အစားအသောက်များ စားသောက်ခြင်း မပြုပဲရှိကြရပါသည်။

ဤကြေငြာချက်သည် ဓမ္မ၀ိဟာရီကြေငြာချက် ဖြစ်ပါသည်။ ဓမ္မ၀ိဟာရီတို့သည် ဤကြေငြာချက်အောက်တွင် လက်မှတ်ရေးထိုး၍ အလေးအနက် ထုတ်ပြန်အပ်ပါသည်။

ဤကြေငြာချက်သည် ဓမ္မ၀ိဟာရီများကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ ပေါ်လွင်စေခဲ့ပါသည်။ ဤဖေါ်ပြချက်အရ ဓမ္မ၀ိဟာရီတို့က သူတို့ကိုယ်သူတို့ သာမညဖြစ်သော သဘောမျှကို ဆောင်သူ သာမညများမျှ ဖြစ်ကြောင်း ပြောဆိုကြသော်လည်း၊ ယနေ့လောကရှိ လူတို့အမြင်၌ သာမည၏ ပြောင်းပြန် ဆန့်ကျင်ဘက် အဓိက ပုဂ္ဂိုလ် ( သို့မဟုတ် ) ၀ိသေသ ပုဂ္ဂိုလ်အဖြစ် မြင်ကြရဖွယ် ရှိသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့လောက၌ သာမညသဘောကို ဆောင်သူ သာမညပုဂ္ဂိုလ်တို့၏ အတွေးအခေါ် အသိအမြင်သည် အမှန်တကယ်ရှိနေသည်နှင့် တထပ်တည်းကျကြသည်။ ထို့ပြင် အပြောအဆိုသည်လည်း အတွေးအခေါ် အသိအမြင်နှင့် တထပ်တည်းကျကြသည်။ အပြုအမူ အနေအထိုင်သည်လည်း အပြောအဆိုနှင့် တထပ်တည်းကျကြသည်။ ဤသို့ဖြစ်မှသာ ကမ္ဘာလောကရှိ အမှန်အကန် ဖြစ်ကြသူအားလုံးနှင့် တထပ်တည်းရှိသူ သာမညအဖြစ် ရောက်နိုင်သောကြောင့် ဖြစ်သည်။

သာမညသည် အရှိကို အရှိအတိုင်းသာ သိသူ၊ အရှိထက် အပို၊ အလွန်တို့အား မသိနိုင်သူ၊ အရှိအတိုင်သာ ပြောသူ၊ ပြုလုပ်သူ၊ အရှိထက်လွန်အောင်၎င်း၊ ပိုအောင်၎င်း၊ မပြောနိုင်၊ မပြုနိုင်သောသူ၊ ပုဂ္ဂိုလ် ဧကန်ဖြစ်သည်။

သာမန်မျှဖြစ်၍ သာမညဖြစ်သော်လည်း ယနေ့လောကရှိသူများသည် ဤသို့မျှ သာမန်ဖြစ်ရန်ကိုပင် မလွယ်၊ မတတ်နိုင်အောင် ရှိပေသည်။ ထို့ကြောင့်ပ်င ဓမ္မ၀ိဟာရီတို့သည် သာမညဖြစ်သော်လည်း လူတို့အမြင်၌ အတုမရှိ၊ အတုမရှိ ပြိုင်ဘက်ကင်းအောင် အဓိကသဘော ၀ိသေသသဘော ဆောင်သူများ ဖြစ်နေကြရသည်။

ယနေ့လောကရှိ လူများတို့၏ အပြုအမူ၊ အပြောအဆို၊ အကြံအစည်များသည် အမှန်တကယ်ရှိသည်နှင့် ကင်းလွတ်လျက် ရှိနေကြသည်။ဓမ္မ၀ိဟာရီတို့သည် ထိုသို့သော သူများနှင့် မတူ ကွဲပြားခြားနားမှု ၀ိသေသရှိနေပါသည်။ ထို့ကြောင့် ဓမ္မ၀ိဟာရီတို့သည် ထိုသို့သောသူတိုနှင့် မတူသောသူများနှင့်သာ တူသည့်သူများ ဖြစ်ကြပါသည်။

ထိုကြောင့် ဓမ္မ၀ိဟာရီတို့သည် အမှန်တရား၏ အဓိက ဗဟိုမဏ္ဍိုင်ဖြစ်ပါသည်။ ဤသို့ဖြစ်သောကြောင့် အကျိုးများရေး၊ အစီးအပွားဖြစ်ရေး၊ ငြိမ်းချမ်းရေးကို တည်ဆောက်နေကြသော အများပြည်သူတို့သည် ဓမ္မ၀ိဟာရီများကို သိရှိအပ်ပေသည်။ လေ့လာအပ်ပေသည်။ ဦးညွှတ်အပ်ပေသည်။

ဤအမှုများ ပြုနိုင်စေရန် ဓမ္မ၀ိဟာရီတို့၏ အတိတ်သမိုင်းရေးရာသည် အရေးပါလှပါသည်။ အတိတ်မှကင်းကွ၍ သိရှိအပ်သော ပစ္စုပ္ပန်ဖြစ်ရပ်သည် အကယ်မရှိနိုင်သော အကြောင်းဖြစ်သည်။ ဓမ္မ၀ိဟာရီများကို အပြည့်အစုံ သိမြင်နိုင်ရန် ဓမ္မ၀ိဟာရီတို့၏ အတိတ်ဖြစ်ရပ် သမိုင်းသည် မပါလျှင်မပြီးသော အရာဖြစ်သည်။ ဓမ္မ၀ိဟာရီတို့၏ အတိတ်သမိုင်းသည် ဓမ္မ၀ိဟာရီတို့၏ အကြောင်းရင်း ဇစ်မြစ်ပင် ဖြစ်သည်။ ဤအရာကိုပင် ဓမ္မ၀ိဟာရီ နိဒါန်းဟူ၍ ဥဒါန်းပြုအပ်ပါသတည်း။

To Enter

သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ စာတမ်း။

“ရှင်ဥာဏ၊ ရှင်ဂုဏ မထေရ်တို့၏ သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ”

ဆက်ကပ်ရန်
ဥက္ကဋ္ဌ
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဌာနချုပ်၊
ဇမ္ဗူဒီပကျောင်းဆောင်၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့။

နေ့စွဲ၊

အကြောင်းအရာ။ ။ သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာပါ ဘုရား။


မြန်မာနိုင်ငံ သံဃာ့အဖွဲ့အစည်း ၀ိနည်းဓမ္မကံ မှုခင်းဆုံးဖြတ်ရေးလုပ်ထုံး အပိုဒ်( ၆၀ ) အရ သာသနာတော်၏ ဓမ္မကံအညစ်အကြေးများကို ဖယ်ရှားသုတ်သင်ပေးရန် လျှောက်ထားတောင်းဆိုအပ်ပါသည် ဘုရား။
ဤသာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ မိတ္တူများကို တပည့်တော်တို့ နေရာ ရက်ကွပ်/ကျေးရွာအုပ်စု သံဃာ့မဟာနာယကအဖွဲ့၊ မြို့နယ် သံဃာ့မဟာနာယကအဖွဲ့၊ တိုင်းသံဃာ့မဟာနာယကအဖွဲ့၊ ပြည်ပမှ လက်လှမ်းမှီသမျှ ထေရ၀ါဒ သံဃာ့အဖွဲ့အစည်းများနှင့် နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်းများသို့ ပေးပို့ပါသည် ဘုရား။
တပည့်တော်တို့ သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာကို မလျှောက်ထားမှီ နိဒါန်းအဖြစ် လျှောက်ထားရခြင်း၏ အကြောင်းနှင့် လျှောက်ထားသူ တပည့်တော်တို့၏ ဘ၀ကို ရှေးဦးစွာ တင်လျှောက်ပရစေ ဘုရား။
သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ လျှောက်ထားရခြင်း၏အကြောင်းမှာ ယနေ့ဗုဒ္ဓဘာသာဝင်များ အကျင့်အကြံပျက်ပျား၊ အသိဉာဏ်ခေါင်းပါး နေသည်ကို ဖယ်ရှားနိုင်ရန်ဖြစ်ပါသည်။ ဤစကားကို ပေါ်လွင်ရန် ချဲ့ထွင်ပါမည် ဘုရား။ တပည့်တော်တို့ ယနေ့ဗုဒ္ဓဘာသာဝင်များသည် အကျင့်အကြံလည်းပျက်ပြားနေကြပါသည်။ အသိဉာဏ်လည်း ခေါင်းပါးနေကြပါသည်။
တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် ခိုးစရာ၊ ဆိုးစရာ၊ လိမ်လည်ပြောဆိုစရာ အစရှိသော အကျင့်အကြံပျက်ပြားစရာကြုံလျှင် ငါတို့ ဗုဒ္ဓဘာသာပဲ ဟူ၍ မရှောင်မရှားပဲ ပျက်ပြားနေကြပြီဖြစ်ပါသည်။ ဤလျှောက်ထားချက်၏ အထောက်အထားအဖြစ် ထောင်များ တန်းများ အချုပ်ခန်းများ၌ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များ၏ ပမာဏကိုကြည့်လျှင် သိသာပေါ်လွင်မည် ဖြစ်ပါသည်။
တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် အခြားသော မိစ္ဆာဒိဋ္ဌိဘာသာများအောက် ရာခိုင်နှုန်း မလျော့အောင် မကောင်းမှု ဒုစရိုက်များဖြင့် ပျက်ပြားကျင့်ကြံနေကြပါသည်။ ကောင်းကျိုး၊ မကောင်းကျိုး၏ ထုထည်ပမာဏကို ကောင်းမှု၊ မကောင်းမှု၏ ထုထည်ပမာဏဖြင့် ဆုံးဖြတ်ရမည်ဖြစ်၍ ဗုဒ္ဓဘာသာဝင်တို့၏ အနာဂါတ် ကောင်းကျိုး၊ မကောင်းကျိုးကို သူတို့၏ ကောင်းမှု၊ မကောင်းမှုဖြင့် မျက်ဝါးထင်ထင်ကဲ့သို့ တွေ့မြင်ခွင့်ရှိပါသည်။ တပည့်တော်တို့၏ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာဝင် ဖြစ်ကြသော်လည်း မိစ္ဆာဒိဋ္ဌိ ဘာသာဝင်များနှင့်မခြား အကျိုးမများသူများသာ ဖြစ်ကြပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအတွက် ဗုဒ္ဓဘာသာကို ကိုးကွယ်ရခြင်းသည် အဟောသိကံ ကဲ့သို့ ဖြစ်နေပါသည်။
ဤနေရာ၌ ရှင်းလင်းရန် လျှောက်ထားလိုပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် အခြား မိစ္ဆာဒိဋ္ဌိဘာသာဝင်များထက် မြတ်သည်ဟု ထင်တတ်ကြမြဲဖြစ်ပါသည်။ ဘယ်သို့မြတ်သနည်းဟု မေးလျှင် အခြားဘာသာဝင်များ၌ ဘုရား၊ တရား၊ သံဃာ မရှိ မိမိ တို့မှာသာ ရှိသည်ဟု ဖြေတတ်ကြပါသည်။
ဤသို့ဖြေသော်လည်း ဗုဒ္ဓဘာသာဝင်များသည် အခြား ဘာသာများ၌ ဘုရား၊ တရား၊ သံဃာ မရှိသည်ကို အကယ်သိသည် မဟုတ်ကြပါ။ ထို့ပြင်လည်း မိမိတို့၌ ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးကို ဆည်းကပ်ရခြင်း အကြောင်းသည် သီလ၊ သမာဓိ၊ ပညာ ၀င်ပြီး သန့်စင်သော အမှုများ ဖြစ်ပွားရန် ဖြစ်၍ မဖြစ်ပွားလျှင် ဘုရား၊ တရား၊ သံဃာသည် မိမိအတွက် အကျိုးသက်ရောက်မည် မဟုတ်သောကြောင့် အခြားဘာသာဝင်များနှင့် ထူးခြားမှု မရှိ ဖြစ်ပါမည်။
တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် နောက်တစ်နည်းအားဖြင့်လည်း မိမိတို့ကသာ မြတ်ကြောင်း ထင်မြင်တတ်ကြပါသေးသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာမှာသာ စိတ် သဘာဝ၊ စေတသိတ် သဘာဝနှင့် ရုပ်၊ နာမ် သဘာဝများ စေ့ငကုံလုံ ရှိသည်၊ ဘယ်စိတ်၌ စေတသိတ် ဘယ်လောက်ယှဉ်သည်၊ ဘယ်ရုပ်များသည် ဘယ်စိတ်ကြောင့် ဖြစ်သည်၊ မြင်စိတ် ကြားစိတ်ကလေးများ ဖြစ်သောအခါ ပထမဘ၀င် လှုပ်သည်၊ နောက် ဆင်ခြင်သည်၊ နောက် မြင်စိတ်ဖြစ်သည်၊ နောက် ခံလင့်သည်၊ စုံစမ်းသည်၊ ဆုံးဖြတ်သည်၊ အစစ သေးစိတ်တရားများ သိရသည်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ဖြစ်ရသည်မှာ မြတ်သည် ဟူ၍ ဖြစ်ကြပါသည်။
ဤသို့ သိရခြင်းကြောင့် မြတ်သည် ဆိုရာ၌ သိရခြင်းသည်ပင် အမြတ်လော၊ သိရခြင်းကြောင့် ဖြစ်သော အခြားအမြတ်များ ရှိသေးသလော စိစစ်ရပါမည်။ သိရခြင်းသည်ပင် အမြတ်ဆိုလျှင် ပရမတ်များကို သိသော ပရမတ်ဆရာများနှင့် အဘိဓမ္မာစာပေ ပညာရှင်များသည် မြင့်မြတ်သူများ ဖြစ်ရာပါမည်။ အကယ်၍ ဤသူများသည် လောက၌ ထူးချွန်ထက်မြတ်သော လူမြတ်များ မဖြစ်ကြသည်မှာ အထင်အရှားဖြစ်သည်။ ပရတ်မတ်သမား လူ့ကပ်ဖဲ့များကို လူတိုင်းတွေ့နိုင်ကြပါသည်။ ထို့ကြောင့် သိရခြင်းသည်ပင် မြတ်သည်ဆိုသော စကား မမှန်ပါ။
သိရခြင်းကြောင့် အခြားအမြတ်လည်း အကယ်မရှိပါ။ ရုပ်၊ နာမ် ဓမ္မသိလျှင် ကျင့်သည်။ ကျင့်လျှင် မြတ်သည်။ ဤသို့တွက်၍မဖြစ်ပါ။ လောက၌ သိသူတိုင်း မကျင့်ကြပါ။ ကျင့်သူတိုင်းလည်း ရုပ်၊ နာမ် ဓမ္မ သိကြသည်မဟုတ်ပါ။ ထို့ကြောင့်အကျင့်နှင့် ရုပ်၊ နာမ် ဓမ္မအသိသည် မစပ်ဆိုင်ပါ။ ထို့ကြောင့် သိခြင်းအတွက် အခြားအမြတ်လည်း မရှိပါ။
ထို့ကြောင့် တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် မိစ္ဆာဒိဋ္ဌိဘာသာဝင်များထက် ရုပ်သဘာဝ၊ နာမ်သဘာဝ ပရမတ္ထများကို သိရခြင်းကြောင့် မြတ်သည်ဟု မဆိုသာပါ။ အကျင့်အကြံ မကောင်းလျှင် ဘာသိသိ ယုတ်မာသည်ပင်ဆိုရမည် ဖြစ်ပါသည်။
တနည်းအားဖြင့်လည်း တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် အခြား မိစ္ဆာဒိဋ္ဌိ ဘာသာဝင်များနှင့် မကျင့်မကြံကြခြင်း ဟူစေကာမူ အခြားဘာသာဝင်များ၌ မဂ်သံ၊ ဖိုလ်သံ၊ နိဗ္ဗာန်သံ ကြားရ၍ မြတ်သည် ဆိုချင်ကြပါသည်။ ဤသို့ပင် ကမ္ဘာလှည့်ဆရာတစ်ပါး တိုင်းတပါးမှာ ပြောကြားခဲ့ကြောင်း ဖတ်မှတ်ခဲ့ရပါသည်။ ဟိုက ပြောလိုက်သည်မှာ အခြားဘာသာများ၌ သူ့မဂ်၊ ဖိုလ်နှင့်သူ ရှိတော့ ဘယ်လိုလုပ်မလဲ ဟူ၍ဖြစ်သည်။ အဲ့ဒါတော့ မသိဘူးဟူ၍ပင် ဖြေခဲ့ရသည့်အခြေ ဆိုက်ခဲ့ပါသည်။
ဘယ်လောက်ပင် မဂ်သံ၊ ဖိုလ်သံကြားကြား မိမိတို့ကြားသော မဂ်၊ ဖိုလ်ကို မရလျှင်ကား မကြားသူနှင့် ခြားရန် အကြောင်းနည်းလှပါသည်။ မိမိတို့ကြားနာမှတ်သားရသော မဂ်တရား၊ ဖိုလ်တရားများ ပွားများကျင့်ကြံကြမှ မိစ္ဆာဒိဋ္ဌိ ဘာသာဝင်များနှင့် ခြားနားအောင် မြင့်မြတ်ကြမည် ဖြစ်ပါသည်။
မဂ်တရား၊ ဖိုလ်တရား ပွားများသူသည် အကျင့်အကြံ မှောက်မှားပျက်ပြားမှုကို ရှေးဦးစွာပင် ရှောင်ရှားရပါမည်။ မဂ်သံ၊ ဖိုလ်သံပင် ကြားစေကာမူ အကျင့်အကြံ မှောက်မှားပျက်ပြားနေလျှင် မဂ်သံ၊ ဖိုလ်သံမကြားသော မိစ္ဆာဒိဋ္ဌိဘာသာဝင်များနှင့် အခြားမရှိ ဖြစ်ပါမည်။ ဤသို့ဖြစ်လျှင် တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် မိစ္ဆာဒိဋ္ဌိဘာသာဝင်များထက် အမြတ်များ အခြားမရှိသောကြောင့် ဗုဒ္ဓဘာသာကို ကိုးကွယ်ရသည်မှာ အဟောသိကံကဲ့သို့ ဖြစ်ပါသည်။
တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကောင်းကျိုး၊ မကောင်းကျိုး ထုထည်ပမာဏကို မိစ္ဆာဒိဋ္ဌိဘာသာဝင်များ၏ ကောင်းကျိုး၊ မကောင်းကျိုး ထုထည်ပမာဏကဲ့သို့ ကောင်းမှု၊ မကောင်းမှုဖြင့် တိုင်းထွာရန်မှတပါး အခြားမရှိနိုင်ပါ။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကောင်းမှုပမာဏသည် မိစ္ဆာဒိဋ္ဌိဘာသာဝင်များ၏ ကောင်းမှုပမာဏထက် မသာလွန်လျှင် တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် မိစ္ဆာဒိဋ္ဌိဘာသာဝင်များထက် မသာလွန်သူများသာဖြစ်ပါသည်။
တပည့်တော်တို့ ဗုဒ္ဓဘာသာတရားတော်၏ အနှစ်သာရသည် လူများအကျင့်အကြံ ကောင်းမွန်ရေး လမ်းညွှန်ချက်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာတရားတော်သည် ဗုဒ္ဓဘာသာဝင်များ၏ အကျင့်အကြံ( စာရိတ္တ )ကို တာဝန်ခံသောတရားတော် ဖြစ်ပါသည်။ ထိုသို့ဖြစ်သော်လည်း ယနေ့ဗုဒ္ဓဘာသာဝင်များသည် ကိုယ်ကျင့်တရာအသိ( စာရိတ္တပညာ )ကို သီးခြားရှာနေရသည် အဆင့်အထိတိုင် ရောက်ခဲ့ပြီကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြီ ဖြစ်ပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် ဤမျှအထိ ပျက်ပြားနေကြပြီ ဖြစ်ပါသည်။
ဆက်လက်၍ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များ အသိဉာဏ် ခေါင်းပါးနေကြပုံကို လျှောက်ထားရပါမည် ဘုရား။

ဗုဒ္ဓဘာသာဝင်သည် အနည်းဆုံး ကမ္မသကတာဉာဏ်ဟု ဆိုအပ်သော ကံနှင့် ကံကျိုး ဆက်သွယ်မှု၌ အသိဉာဏ်ရှိရမည့်သူ ဖြစ်ပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် ဤအသိဉာဏ်မျှ မရှိသူများ ဖြစ်နေကြပါသည်။ ကံကိုပင် ကောင်းစွာမသိ ဖြစ်နေကြပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များ ပြောရိုးစကားပင် ရှိပါသည်။ ကံထမ်းလာသည်ကို မမြင်ရ၊ လှံထမ်းလာသည်ကိုသာ မြင်ရသည်ဟူ၍ ဖြစ်ပါသည်။

ထို့ပြင်လည်း ဗုဒ္ဓဘာသာဝင်များသည် ကမ္မ၀ိသယော အစိန္တေယျောဟု ဆိုပြီး ကံအရာ မကြံရဟူလည်း ဆုံးမခဲ့ကြသည်။ ကံကို အရိယာများမှ သိနိုင်သည်ဟုလည်း ဆိုခဲ့ကြပါသည်။ ဤသို့ပင် ကံမှုမသိလျှင် ကံနှင့် ကံ၏ အကျိုး ဆက်သွယ်မှု၌သာ ဖြစ်သော ကမ္မသကတာဉာဏ် ဘယ်သို့မျှ ဖြစ်ရန်အကြောင်းမရှိပါ။

ဗုဒ္ဓဘာသာဝင်လောက၌ ဤအသိဉာဏ်သည် အောက်ထစ်ဆုံးဉာဏ် ဖြစ်ပါသည်။ ဤဉာဏ်မျှ မထင်လျှင် ဗုဒ္ဓဘာသာဝင်ဖြစ်ရန်ပင် အာနည်းလှမည် ဖြစ်ပါသည်။ ဤသို့ဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်များသည် ဤအသိဉာဏ်မျှမရှိ ဖြစ်နေကြပေသည်။ မမွေးမီကပြုခဲ့သော ကောင်းမှုကြောင့် ယခုကောင်းစားရသည်၊ မမွေးမီက ပြုခဲ့သော ဆိုးမှုကြောင့် ယခုဆိုးဝါးရသည်၊ ဤယခု ကောင်း၊ ဆိုး နှစ်ခုသည် သေပြီးနောက် ကောင်း၊ ဆိုး နှစ်မျိုးကို ဖြစ်စေလိမ့်ဦးမည်။ ဤသို့ ယုံကြည်မှုကို ကမ္မသကတာဉာဏ် ထင်မှတ်ပြီး တင်းတိမ်နေကြပါသည်။ အကယ်၍ အသိများသည် အကယ်သိသော အသိများ မဟုတ်သောကြောင့် အသိဉာဏ်ပင် မဖြစ်နိုင်သော အရာများ ဖြစ်ပါသည်။

ဤအရာကို ရှင်းလင်းစွာ လျှောက်ထားရပါမည်။ လူသည် ကံနှင့် ကံ၏ အကျိုး ဆက်သွယ်မှုကို အကယ်သိလျှင် အသေးအဖွဲ မကောင်းမှုကို ရံဖန်ရံခါ ပြုသည်မှ အပ ပြုရန်ခဲယဉ်းပါသည်။ မည်သူမဆို ကိုယ် ဒုက္ခရောက်မည် သိလျှင် ကြဉ်ရှောင်မြဲ ဖြစ်ပါသည်။ ကိုယ် ဒုက္ခရောက်မည့် အရာကို ရှောင်ကြဉ်နိုင်ခြင်း မရှိလျှင်ကား အကယ်မသိ၍သာ ဖြစ်မည်မှာ အမှန်ဖြစ်ပါသည်။ အကျင့်အကြံ ပျက်ပြား၍ မှားကြခြင်းသည် ကမ္မသကတာဉာဏ် အကယ်မပေါက်၍ ဖြစ်ပါသည်။ ကမ္မသကတာဉာဏ်ပေါက်လျှက် အကျင့်အကြံ ပျက်ပြား မှားယွင်းသည်ဆိုလျှင် ထိုသူသိသော ကမ္မသကတာဉာဏ်သည် အတုမျှသာ ဖြစ်ရန် မလွဲဧကန် ဖြစ်ပါမည်။

တပည့်တော်တို့ ဗုဒ္ဓဘာသာများသည် အခြား မိစ္ဆာဒိဋ္ဌိ ဘာသာများနှင့် မခြား အကျင့်အကြံ ပျက်ပြားကြခြင်းမှာ ကမ္မသကတာဉာဏ်မျှ မရကြသောကြောင့် ဖြစ်ပါသည်။ အထက်ထက်ဖြစ်သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ကိလေသာများကို ပယ်လှန်ရန် ဉာဏ်များကား ဝေးထက်ဝေး ဖြစ်ရာပါမည်။

တပည့်တော်တို့ ဗုဒ္ဓဘာသာသည် အကျင့်အကြံကို ယုံကြည်ချက်ဖြင့် တည်ဆောက်ခဲ့သော ဘာသာမဟုတ်ပါ။ အသိဉာဏ်ဖြင့် တည်ဆောက်ခဲ့သော ဘာသာ ဖြစ်ပါသည်။ သီလ၊ သမာဓိ၊ ပညာ ဟူ၍ သိက္ခာသုံးရပ်ရှိသော ဘာသာဖြစ်ပါသည်။ သီလသည် သမာဓိနှင့် ပညာကို ကျေးဇူးပြုပါသည်။ သမာဓိသည် သီလနှင့် ပညာကို ကျေးဇူးပြုပါသည်။ ပညာသည် သီလနှင့် သမာဓိကို ကျေးဇူးပြုပါသည်။ ထို့ကြောင့် သီလကို သမာဓိ၊ ပညာတို့ဖြင့် စင်ကြယ်စေရန် ဟောဆိုသော ဘာသာဖြစ်ပါသည်။ ပညာမရှိလျှင် သမာဓိ မတည်နိုင်၊ သမာဓိ မတည်လျှင် သီလ မမြဲနိုင်ပါ။ တပည့်တော်တို့ ဗုဒ္ဓဘာသာများ အကျင့်အကြံ ပျက်ပြားနေကြသည်မှာ ပညာမဟုတ်သည်၌ ပညာလုပ်နေကြသောကြောင့် ဖြစ်ပါသည်။

ဤနေရာ၌ တပည့်တော်တို့ ဗုဒ္ဓဘာသာများ ပညာမရှိရခြင်း၏ အကြောင်းကို ထင်ရှားစေရန် လျှောက်ထားရပါမည်။ ဗုဒ္ဓဘာသာများ ပညာမရှိရခြင်း၏ အကြောင်းကို ထင်ရှားစေရန် လျှောက်ထားရပါမည်။ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာ ဆရာ သမဏတို့၏ အဆိုအဆုံးမကို ရကြလျှက် အဘယ့်ကြောင့် ပညာမရှိ ဖြစ်နေကြရသနည်း စိစစ်ဖွယ် ရှိပါသည်။ သာသနာတော်၏ ယနေ့အခြေအနေသည် မကောင်းတော့၍ဟု ဆိုရပါမည်။ ဤအချက်ကို ဆရာတော်တို့ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၏ နိဒါန်းမှ စကားအပိုဒ်ကို ကိုး၍ လျှောက်ထားရပါမည်။ ဤစကားပိုဒ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ယခုအခါသာသနာအခြေအနေ၊ မျက်မှောက်ခေတ် သာသနာတော်၏ အခြေအနေကို ကြည့်ရှုသုံးသပ်မည် ဆိုပါလျှင် သာသနာတော်ကြီး ဂုဏ်သိက္ခာ နိမ့်ကျညှိုးနွမ်း ဆုတ်ယုတ်သွားစေရန် လည်းကောင်း၊ သာသနာတော်ကြီး ပျက်စီးပျောက်ကွယ်သွားစေရန် လည်းကောင်း ကျင့်ကြံလုပ်ဆောင်နေကြသူ၊ ပြောဆိုဟောပြောနေကြသူ၊ ရေးသားထုတ်ဝေနေကြသူ ရှင်လူ အချို့ ပေါ်ထွက်စပြုနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ကြားသိ ဖတ်ရှုနေကြရပေသည်။

ယနေ့သာသနာတော်၏ အခြေအနေသည် အမှန်ပင် ဤအတိုင်း ဖြစ်နေပေသည်။ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ ဟူ၍ သာသနာတော် သုံးရပ်ရှိသည့်အနက် ယနေ့အခြေအနေ၌ ပဋိဝေဓ( သာသနာ )ဆောင် ပုဂ္ဂိုလ်ဟူ၍ မည်မည်ရရ မရှိပါ။ ပဋိပတ္တိ( သာသနာ )ဆောင် ပုဂ္ဂိုလ်များကား အများအပြားရှိသော်လည်း ဘုရားတရားချင်း တူပါလျက် တစ်ပါးနှင့် တစ်ပါးပင် မကွဲပြားအောင် မတတ်နိုင်ရှိနေပါသည်။

ပဋိပတ္တိ( သာသနာ )ဆောင် ပုဂ္ဂိုလ်တစ်ဦး၏ ပဋိပတ်ကို အခြား ပဋိပတ်ဆောင် ပုဂ္ဂိုလ်တစ်ဦးသည် အမှန်မထင် အမှားမြင်သည်။ ဤသို့ အမှားမြင်ခံရသော ပဋိပတ်ဆောင် ပုဂ္ဂိုလ်ကလည်း မိမိ၏ ပဋိပတ်ကို အမှားမြင်ပြသူ ပဋိပတ်ဆောင် ပုဂ္ဂိုလ်၏ ပဋိပတ်ကို အမှားပင် မြင်ပြန်ပါသည်။ ဤပုဂ္ဂိုလ်နှစ်ဦးသည် နှစ်ဦးလုံး မမှားပဲ တစ်ဦးသာမှားလျှင် မှားသော တစ်ဦး၏ ပဋိပတ်သည်သာ အပြစ်တင်ခံရ ရာပါသည်။ အဘယ်ကြောင့်ဆိုသော် မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်သည် သဒ္ဒိဋ္ဌိက ဂုဏ်နှင့် ပြည့်စုံရုံမျှမက၊ ဧဟိပဿိက ဂုဏ်တော်နှင့်လည်း ပြည့်စုံသောကြောင့် ဖြစ်ပါသည်။

မြတ်စွာဘုရား တရားတော်မှန်လျှင် လူ၌ဖြစ်ပွားသော အရှိများကို အခြေခံသောကြောင့် ငြင်းခုံဖွယ်မရှိသော တရားတော်ဖြစ်ပါသည်။ ငြင်းခုံတင်းကြမ်းပြည့်လျှက် ပဋိပတ္တိဆောင် ပုဂ္ဂိုလ်များ၏ ပဋိပတ္တိသည် သာသနာတော်၏ စည်းလုံးညီညွတ်မှု သမဂ္ဂသမောဓါနကို ပျက်ပြားစေရုံမျှဖြစ်၍ မလွမ်းနိုင်စရာ ဖြစ်ပါသည်။

ဤမျှ ပဋိပတ္တိ( သာသနာ )ဆောင် ပုဂ္ဂိုလ်များ ချွတ်ခြုံကျနေသောကြောင့်ပင် တပည့်တော်တို့ သာသနာတော်၌ ပဋိဝေဓဆောင် ပုဂ္ဂိုလ်ဟူ၍ သွားဆဲထက် ပိုပြောနိုင်သူ မရှိဖြစ်ခြင်း ဖြစ်ပါသည်။ သောတာပန်၊ သကဒါဂါမ်ဟူသော ပဋိဝေဓဆောင် ပုဂ္ဂိုလ်ထက် တစ်ဆင့်တက်၍ ကြေငြာဝံ့သူကား မည်မည်ရရမရှိ ဖြစ်ရပါသည်။ အနည်းအပါး ကြေငြာသူများလည်း အတိမ်းတိမ်း အပါးပါးဖြစ်ကြောင်း သူတို့သဘောတရားအရ ထင်ရှားလှပါသည်။

တပည့်တော်တို့ သာသနာတော်၌ ပရိယတ္တိ( သာသနာ )ဆောင် ပုဂ္ဂိုလ်များကား အင်အားအကောင်းဆုံး ဖြစ်ပါသည်။ ယနေ့အခြေအနေသည် မြန်မာနိုင်ငံအနေဖြင့် အထွန်းကားဆုံးကားဆုံး အမြင့်မောက်ဆုံး အခြေအနေ ဖြစ်နိုင်လောက်ပါသည်။ စာရင်းဇယားချ၍ အတိအကျစစ်လျှင် ယနေ့ထက် ပေါ်လွင်သော ပရိယတ်မျိုး မရှိနိုင်တန်ရာပါ။ သင်ကြားပေးသူ ပညာရှင်၊ သင်ယူသူ စာသင်သား၊ သင်ကြားမှု အထောက်အကူပြု စာအုပ်စာပေနှင့် ကျောင်းကန်ကနား၊ သင်ကြားမှုကို အားပေးသည့် ဒကာ၊ ဒကာမ အစစ တွက်ချက်ရပါမည်။

ပရိယတ္တိသာသနာတော်သည် ထို့ထက် ထွန်းကားရန် မရှိပြီ ဟူ၍ပင် ဆိုချင်ဖွယ် ဖြစ်ပါသည်။ ထို့ထက် ထွန်းကားလျှင်လည်း ပရိယတ်သည် ပဋိပတ်အတွက်၊ စာပေသည် စာပေအတွက် ဖြစ်၍ တိုးတက်ဖွယ် မဟုတ်တော့ပါ။ ယနေ့ပင် ဤအခြေအနေ မဆိုက်ဟု ဆိုရန် ခက်နိုင်ပါသည်။ တပည့်တော်တို့ သာသနာတော်၌ သာသနာတော်၏ အခြေခံအုတ်မြစ်ဖြစ်သော ပရိယတ္တိသာသနာ ဤမျှထွန်းကားနေလျှင် ပဋိပတ္တိသာသနာ၊ ပဋိဝေဒသာသနာများ ထွန်းကားပြီး ဗုဒ္ဓဘာသာဝင်များ အကျင့်အကြံ ပျက်ပြား၊ အသိဉာဏ်နည်းပါးမှုများ ပပျောက်သွားရဖွယ် ရှိပါသည်။ ယနေ့ ဤသို့မဟုတ်ပါ။

ပရိယတ္တိသာသနာ ထွန်းကားလျှက် ကြွင်းသော သာသနာများ မထွန်းကားသည်မှာ မရိယတ္တိဆောင် ပုဂ္ဂိုလ်များ၏ အပြစ်ဖြစ်ပါသည်။ ပရိယတ္တိဆောင် ပုဂ္ဂိုလ်များသည် မိမိတို့ဆောင်နေကြသော ပရိယတ္တိသာသနာဖြင့် လပ်သပ္ပကာ၊ ဂုဏ်သိက္ခာအကျော်အဇော ပြည်စုံနေပြီဖြစ်၍ ပဋိပတ္တိသာသနာတော်ကို ဆက်လက်ဆောင်ရွက်ရန် အားအင်မစိုက် လက်ပိုက်နေခဲ့ကြပါသည်။

ဤမျှမက နောင်ဘ၀၌ နတ်ပြည်တက်၍ နတ်သုဒ္ဓာကိုစားပြီး အရိယာနတ်တို့ထံမှ ဓမ္မတရား နာကြားလျှက် နတ်သားဖြစ်နိုင်သော အခြေအနေ ဧကန်ရှိပြီဟုလည်း သွေးနားထင်ရောက် မာန်မောက်နေကြပေသည်။

မြန်မာပြည်၌ ကျမ်းပေါင်းများစွာ ပြုသွားခဲ့၍ ထင်ရှားသော အနေအထိုင်လည်း စံပြုထိုက်သော စာသင်သား အများဆုံးထဲက စာသင်ဆရာတော်ကြီးတစ်ပါးလည်း သူမသေမီ သူ့တပည့်များကို ပဒပရမ ပုဂ္ဂိုလ်များဖြစ်ရန် တစ်ဖွဖွမှာကြား၍ အဆုံးအမ ပေးသွားကြောင်း သိရပါသည်။ ထို့ပြင် ပိဋကတ်သုံးပုံဆောင် ဆရာတော်ကြီးတစ်ပါး ဆိုလျှင်လည်း ရန်ကုန်မြို့မှ ထိပ်တန်း ဗုဒ္ဓဘာသာ ဥပါသကာ၊ ဥပါသကီ လူပုံတို့ အလယ်၌ ဂါထာဖွဲ့သီ၍ ဆိုမြည်တောင့်တပြသွားသည်ကို ဖတ်မှတ်ရဘူးပါသည်။

ဤသည်မှာ ထင်ရှားသည်ကိုသာ ပြဆိုချက်ဖြစ်ပါသည်။ သူတို့လောက်မှ မတော်ကြ မတတ်ကြသူများ၌ကား ဆိုဖွယ် အဘယ်ရှိပါမည်နည်း ဟူ၍ လျှောက်ထားရပါမည်။ ပရိယတ္တိဆောင် ပုဂ္ဂိုလ်များ၏ အကြောင်းကို ဤမျှချဲ့ဖွင့်၍ လျှောက်ထားရသည်မှာ အကြောင်းရှိပါသည်။ ပရိယတ္တိဆောင် ပုဂ္ဂိုလ်တို့၏ အမြင်သည် မိမိတို့ဆောင်နေရသော ပရိယတ်၌ ဆောင်နေရသော်လည်း ယုံကြည်ခြင်းမရှိသည်ကို ပေါ်လွင်စေကြောင်း သိသာရန် ဖြစ်ပါသည်။

တပည့်တော်တို့ ပရိယတ္တိဆောင် ပုဂ္ဂိုလ်များသည် ကိုယ်ဆောင်နေရသော ပရိယတ်၌ ဤမျှ အယုံမဲ့နေကြပါသည်။ နတ်ပြည်ရောက်မှ သုဓမ္မာသဘင်ဝင်၍ အရိယာနတ်များ ဟောကြားမည်ကို နာကြားပြီး တရားယူမည်ကြံကြသည်မှာ ကိုယ်ဆောင်နေရသော ပရိယတ်တရားကို အယုံမထားကြောင်း အမြင့်ဆုံး စော်ကားချက်ဖြစ်ပါသည်။

သုဓမ္မာသဘင်၌ အရိယာနတ်များ စောကြားမည့် တရားသည် တပည့်တော်တို့ ပရိယတ်တရားနှင့် သီးခြားဖြစ်မည်လော၊ အရိယာနတ်များသည် ဘုရားမျက်မှောက်မှ တိုက်ရိုက်နာယူ သိမြင်သူများဖြစ်သည်ထားဦး တပည့်တော်တို့ ဆောင်နေရသော ပရိယတ်လည်း ဘုရားမျက်မှောက်မှ တိုက်ရိုက်နာယူရသူ ရှင်အာနန္ဒာ၏ ဆောင်ယူချက်များပင် ဖြစ်၍ အကယ်ခြားရန် အကြောင်းမရှိပါ။ ယနေ့ တပည့်တော်များ ဆောင်ယူနေရသော ပရိယတ်သည် ရှင်အာနန္ဒာ တစ်ဆင့် ဟောပြသော ပရိယတ်ဖြစ်ပါသည်။ ရှင်အာနန္ဒာသည် ယနေ့နတ်ပြည်မှ နတ်များထက် မညံ့မဖျင်းပဲ သာလွန်၍ပင် နေရပါမည်။

ထို့ကြောင့် သုဓမ္မာသဘင်မှ နတ်တို့၏ ဟောပြောချက်သည် တပည့်တော်တို့ ဆောင်နေရသော ပရိယတ်လောက်ပင် ပြည့်စုံနိုင်ခြင်း မရှိရာပါ။ ယနေ့ ပရိယတ်ဆောင် ပုဂ္ဂိုလ်တစ်ဦးသည် နိဗ္ဗာန်ရောက်ကြောင်း သုတ္တန်ပေါင်း များစွာကို ဆောင်ယူလျက်ရှိပါသည်။ ဤသုတ္တန်များသည် နတ်တို့ဆောင်ထားသော သုတ္တန်နှင့် သီးခြား ဖြစ်ပါသလော။ ဤသို့လည်း ပရိယတ်ဆောင် ပုဂ္ဂိုလ်များ လက်ခံကြမည် မဟုတ်ပါ။ အတူဖြစ်လျှင် ပရိယတ်ဆောင် ပုဂ္ဂိုလ်များသည် နတ်ဟောသုတ္တန်များကို မျှော်လင့်နေရန် အကြောင်းမရှိပါ။ ဤသို့ဖြစ်လျှက် လူသိထင်ရှား နတ်ဟောသုတ္တန်များ နာကြားပြီး နတ်သားအဖြစ် သောတာပန် ဖြစ်လိုသည်ဟု ဆုဆို တောင့်တပြသည်မှာ မိမိဆောင်ယူထားသော ပရိယတ်ကို လုံးဝ အယုံအကြည်မရှိကြောင်း အလေးအနက် မိန့်ဆိုချက်သာ ဖြစ်ရာပါသည်။

ဤသို့ပင် ပရိယတ် ထိပ်ခေါင်တင်ကြီးများက ပရိယတ်ကို အယုံအကြည်မရှိကြောင်း လက်ရဲဆက်ရဲ တင်ပြနေ၀ံ့သည်အထိ ဆိုက်နေကြလျှင် ခေါင်မိုးမလုံဖြစ်သောကြောင့် သေးသေးဖွဲဖွဲ ပရိယတ်ဆောင် ပုဂ္ဂိုလ်များ အဘယ်သို့ ရှိမည်မှာ အထူးဆိုဖွယ်မရှိတော့ပါ။ ပရိယတ်ဆောင် ပုဂ္ဂိုလ်များ ဤသို့အခြေအနေ မကောင်းလျှင် ပဋိပတ်နှင့် ပဋိဝေဓသည် ပရိယတ်၏ အပွင့်အသီးများ ဖြစ်၍ အထူးဆိုရန် အကြောင်းမရှိတော့ပါ။ ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဒ ဟူ၍ရှိသော သာသနာတော်သုံးရပ် အခြေအနေမလှဖြစ်လျှင် သာသနာတော်သည် အသွင်သဏ္ဍာန်မျှသာ ကြွင်းတော့သော ( လိင်္ဂ )သာသနာတော် ဖြစ်ရာပါသည်။

To Enter

၁။ ရာဇဂြိုလ်နှင့် နာလန္ဒာအကြား အမ္ဗလဌိကာ သရက်ဥယျာဉ်၌ ရဟန်းတို့ အား ဘုရားဟော သောဒေနာကွန်ရက်တရား

“ရဟန်းတို့  - ငါကြွလာတာနဲ့ ပဲ ရပ်လိုက်ကြရတဲ့ မပြီးဆုံးသေးတဲ့ ပြောဆိုစကားတွေဟာ ဘာလဲ”
“သည်မင်းကွန်းမှာပဲ တည်းခိုနေတဲ့ တပည့်တော်တို့  ခရီးနောက်က လိုက်လာကြတဲ့ ဆရာ တပည့် နှစ်ဦးအကြောင်းပါပဲ ဗုဒ္ဓအသျှင်”

“သူတို့ မှာ ဘာပြောစရာရှိလို့ လဲ ရဟန်းတို့ ”
“သူတို့  ဆရာတပည့်တွေဟာ အတူသွား အတူနေပြီး စကားများ စိတ်ဝမ်းကွဲနေကြပါတယ်”

“ဘယ်အကြောင်းကြောင့်လည်း ရဟန်းတို့ ”
“ဗုဒ္ဓအသျှင်နဲ့  သံဃာတို့  အကြောင်းမှာပါ”

“ဘယ်လို ဖြစ်ကြတာတဲ့လဲ”
“ဆရာ ပရိဗိုဇ်သုပ္ပိယက ဗုဒ္ဓအသျှင်နဲ့  သံဃာကို ကဲ့ရဲ့ ရှုတ်ချစကား ဆိုပါတယ်။ တပည့် ဗြဟ္မဒတ္တလူငယ်က ချီးမွမ်းကျေးဇူးစကား ဆိုပါတယ်၊ သည်လို ဖြောင့်ဖြောင့် ဆန့် ကျင် ငြင်းခုံ ကြတာပါ”

“ရဟန်းတို့ - ငါကို ဖြစ်စေ၊ တရားတော်ကို ဖြစ်စေ၊ သံဃာကို ဖြစ်စေ ကျေးဇူးမဲ့ ကဲ့ရဲ့စကား ပြောမယ် ဆိုလျင် ပြောနိုင်တယ်။ သည်လို ပြောတာ ခံရလို့  အမျက်မထွက်ကြနဲ့ ။ ဝမ်းမနည်း ကြနဲ့ ။ တကယ်လို့  အမျက်ထွက်တာမျိုး စတာတွေ လုပ်ကြလျင် ရဟန်းတို့ မှာပဲ အန္တရာယ် ရှိကြမယ်။ ဘယ်လို အန္တရာယ် ထင်ကြသလဲ၊ စကားကောင်း၊ စကားဆိုး မသိနိုင်ကြတော့ တာပေါ့။ မသိလျင် မဟုတ်တာပြောလည်း မဖြေရှင်းနိုင်ဘူး။ ဟုတ်တာပြောလည်း မပြင်ဆင် နိုင်၊ ဝန်မခံနိုင်ဘူး မဟုတ်လား။
“ဟုတ်ပါတယ် ဗုဒ္ဓအသျှင်”

“ရဟန်းတို့ - မဟုတ်တာပြောလျင် ဖြေရှင်းကြ၊ ဟုတ်တာပြောလျင် ၀န်ခံကြ။ ဟုတ်တာကို ချီး မွမ်းပြောလည်း ၀မ်းသာ နှစ်သက် မဖြစ်ကြနဲ့ ။ ဘာကြောင့်လဲ ဆိုတော့ ပုထုဇဉ် လူအများဟာ ငါတို့  ကျေးဇူးပြောမယ် ဆိုလျင် သီလလောက်နဲ့ ပဲ ပြောဆိုစရာရှိတယ်။ သီလအကြီး၊ သီလ အလတ်၊ သီလအငယ်- သည်သုံးစားနဲ့  ပဲ ပြောမှာပဲ”
“ဗုဒ္ဓအသျှင် သီလအငယ်နဲ့  ဘယ်လို ပြောကြမှာလဲ”

“ရဟန်းတို့  သီလအငယ်နဲ့  ဒီလို ပြောကြမယ်-
ရဟန်း ဂေါတမဟာ မသတ်မှုနဲ့ ဘယ်လို စင်ကြယ်အောင် နေတာပဲ။ မခိုးမှု၊ ရွာဓလေ့ မကျင့်မှု၊ မလိမ် မဆဲ ကုန်းမတိုက် အဖျင်မပြောမှု၊ ညစာမစားမှု၊ အပျော်အပါး အလှအပ မလိုက်စားမှု၊ မအပ်သော အလှူ မခံမှု၊ မအပ်သော အလုပ်အကိုင် မလုပ်မှုနဲ့  ဘယ်လိုစင်ကြယ်အောင် နေတာပဲ- ပေါ့”
“သီလ အလတ်နဲ့  ဘယ်လိုချီးမွမ်းကြမှာလဲ အသျှင်”

“ရဟန်းတို့  - သီလအလတ်အဖြစ်နဲ့  သည်လို ပြောကြမယ်-
ရဟန်းဂေါတမဟာ တခြားရဟန်းတွေလို ဆွမ်းခံလည်း စားတယ်။ လယ်ယာစိုက်ပျိုးမှု မလုပ်ဘူး၊ ဆွမ်းခံစားပြီး ပစ္စည်းတွေ အပြည့်စုတာမျိုးလည်း မလုပ်ဘူး။ ဆွမ်းခံစားပြီး အပျော် အပါးလိုက်စား၊ လောင်းကစားတွေလုပ် မြင့်မြတ်တဲ့ အိပ်ယာ၊ အသုံးဆောင်တွေသုံး၊ အလှအပ တွေပြင်၊ အရပ်စကားတွေပြော၊ အငြင်းအခုံတွေပြု၊ သူများခိုင်းတာတွေလုပ်၊ လာဘ်တွေရအောင် မဟုတ်မဟပ်တွေ ကြိုးစား ဒါတွေမလုပ်ဘူးလို့  ချီးမွမ်းကြတာပဲ”
“သီလကြီးဖြင့် ချီးမွမ်းမှာက ဘယ်လိုပါလဲ အသျှင်”

“ရဟန်းတို့  သီလကြီးဖြင့် သည်လို ပြောကြမှာ ဖြစ်တယ်-
ရဟန်းဂေါတမဟာ လူသူ အများလှူတဲ့ ဆွမ်းစားပြီး မဟုတ်မဟပ် အသက်မွေးမှုတွေ မလုပ် ဘူး- လို့ ပဲ။ ပြည်သူ့ ဆွမ်းစားပြီး အမှန်တရားကို မှေးမှိန်စေတဲ့ အတတ်ဟော အမျိုးမျိုး အတတ်၊ ဗေဒင်၊ လက္ခဏာ၊ ကြန်အင်၊ အတိတ်ကောက်၊ နိမိတ်ကောက်၊ မန္တန်၊ ဆေးဝါး၊ အဆောင်၊ မ-စမှု၊ ပြုစားမှု၊ သည်လိုအမှု အမျိုးမျိုးတွေနဲ့  အသက်မွေးမှု မလုပ်ဘူး- လို့  ငါ့ကို ပြောဆိုစရာရှိတာပေါ့”
“သည်လို ပြောတာတွေလည်း အမှန်ဖြစ်လို့  ဝမ်းမသာထိုက်ဘူးလား အသျှင်”

“ရဟန်းတို့  သည် သီလကြီး၊ သီလလတ်၊ သီလငယ်တွေဟာ ငါ့အတွက် အလေ့အထပဲဖြစ်တယ်။ မချီးမွမ်းလောက်ဘူး။
“ဗုဒ္ဓအသျှင်- အရှင်ဘုရားကို ချီးမွမ်းမယ် ဆိုလျင် ဘယ်လို ချီးမွမ်းမှ ချီးမွမ်းရာ ရောက်ပါ့မလဲ”

“ကိုယ်တိုင် အသိဉာဏ်ထူးနဲ့  ထိုးထွင်းသိထားတဲ့ အတွေးအမြင် ဒဿနပညာရပ်တွေနဲ့  ချီးမွမ်းမှ ချီးမွမ်းရာရောက်မယ်”
“အဲဒါတွေကို တပည့်တော်တို့  နာပါရစေလား ဗုဒ္ဓအသျှင်”

“လောကကြီးမှာ လူတွေ ဘယ်လောက်များများ၊ သည်လူတွေရဲ့ အတွေးအခေါ် ဒဿန အမြင် ဟာ ခြောက်ဆယ့်နှစ်မျိုးပဲ ရှိတယ်။ သည် ခြောက်ဆယ့်နှစ်မျိုး ပိုက်ကွန်နဲ့  ဖမ်းလျင် ကြီးကြီး ငယ်ငယ် ဘယ်သူ တစ်ဦးတစ်ယောက် မှ မကျန်ဘူး။ အဲသည် မှားယွင်းတဲ့ လောကအမြင် မိစ္ဆာ ဒဿနကို ငါကိုယ်တိုင် အသိဉာဏ်ထူးနဲ့  ထိုးထွင်းသိတယ်။ သည်လို သိရုံမကဘူး။ သည်လောကအမြင် မစ္ဆာဒဿနတွေ ဖြစ်ဖို့  အကြောင်းတွေကို ငါပယ်တယ်။ အဲသည် လောက အမြင် မိစ္ဆာဒဿန ခြောက်ဆယ့် နှစ်မျိုးထက် လွန်မြတ်တဲ့ သမ္မာဒဿနတရားကို သိလို့  ငါ- ပွားများကျင့်ကြံတယ်။ အဲသည်လောကက ငါကျွတ်လွတ်တာလည်း ဖြစ်တယ် - ရဟန်းတို့ ”
“ဗုဒ္ဓအသျှင် သည်စကားတွေ ကြားရတာဟာ တပည့်တော်တို့  ဘဝမှာ အတိုင်မသိ တုန်လှုပ် စရာ၊ အံ့သြစရာကို တွေ့ ရလို့  ဘာကို ဘယ်လိုပြောရမယ် မသိအောင် တစ်ကိုယ်လုံး လှိုင်းထ သလို ခံစားရပါတယ် ဗုဒ္ဓအသျှင်”

“ရဟန်းတို့  သည်လို အစစ်အမှတ်ဂုဏ်နဲ့  ချီးမွမ်းဖို့ ရာ လူတွေ မသိကြဘူး။ ဒါကြောင့် သူတို့  ချီးမွမ်းတာဟာ အပေါ်ယံ အပယိက သီလလို့  ဆိုတဲ့ အလေ့အထလောက်ဖြစ်လို့  ဝမ်းမသာ ရဘူး - လို့  ငါပြောခဲ့တာ”
“ဟုတ်ပါတယ် ဗုဒ္ဓအသျှင်။ လူတွေဟာ ကိုယ့်ဒဿနခေါ်တဲ့ လောကပေါ် အမြင်ကို ကိုယ်သိ ပေမယ့်တခြား လောကလို့  ခေါ်တဲ့ ဒဿနကိုရော၊ ကိုယ့်ဒဿနထက် လွန်တဲ့ ဒဿနကို ရော မသိကြပါဘူး။ ဒါကြောင့် ကိုယ့်ဒဿနရဲ့ ပမာဏကိုလည်း ဘယ်အတိုင်းအထွာ ရှိတယ် ဆိုတာ မသိကြပါဘူး။ ဒါကြောင့် ဒဿနရှင်ဖြစ်ကြတဲ့ လောကအမြင်ပြ တရားဓမ္မခေါင်းဆောင် ကြီးတွေဟာ ကိုယ့်သမီး ကိုယ်ချော ဟောပြောနေကြတာတွေ ဖြစ်ကြပါတယ်”

“ဟုတ်တယ် ရဟန်းတို့ ။ ကိုယ့်ဒဿန ကိုယ်သိပြီး၊ တစ်ခြားမသိလျင် ကိုယ့်ဒဿနရဲ့ အတိုင်း အထွာပမာဏ ဘာဖြစ်တယ် ဆိုတာ၊ ဘယ်လိုလုပ်သိကြမှာလဲ၊ ဒါကြောင့်လည်း ဒဿန ပြကြတဲ့ တရား ဓမ္မ ဆရာကြီးတွေဟာ ကိုယ်ထင် ကုတင်ရွှေနန်း ဖြစ်တဲ့ အထိ သူတို့ ဒဿန ထဲ သူတို့ စွဲငြိ နစ်မြုပ်သွားကြတာပဲ ရဟန်းတို့ ”
“တပည့်တော်တို့  သည်လို မဖြစ်ရအောင် လောကအမြင်ဖြစ်တဲ့ အမှားဒဿန ခြောက်ဆယ့် နှစ်မျိုးကို မိန့် ကြားဖို့  လျှောက်ထားပါတယ် ဗုဒ္ဓအသျှင်”

“သည်လိုဆိုလျင် လောကအမြင်မှား မိစ္ဆာဒဿန ခြောက်ဆယ့်နှစ်မျိုးကို ခေါင်းစဉ်အဖြစ် ပဌမ ဦးဆုံး မှတ်ထားကြ”
“ကောင်းပါပြီ ဘုရား”

“မိစ္ဆာဒဿန ခြောက်ဆယ့်နှစ်မျိုးဟာ ပြီးခဲ့တာကြံတဲ့ မိစ္ဆာဒဿန တစ်ဆယ့် ရှစ်မျိုး ရှိပြီး၊ နောက် မဖြစ်သေးတာကြံတဲ့ မိစ္ဆာဒဿန လေးဆယ့် လေးမျိုးပဲ ရဟန်းတို့ ”
“ပြီးခဲ့တာ ကြံတဲ့ တစ်ဆယ့် ရှစ်မျိုး မိန့် ပါ အသျှင်”

“မြဲဒဿန လေးမျိုး၊ တချို့ မြဲဒဿန လေးမျိုး၊ အဆုံးရှိ-မရှိ ဒဿနလေးမျိုး၊ စကားရှောင် ဒဿနလေးမျိုး၊ အကြောင်းမဲ့ ဒဿနနှစ်မျိုး၊ ဒါတွေဟာ ရှေးကြံတဲ့ (ပြီးခဲ့တာကြံတဲ့) ဒဿန တစ်ဆယ့်ရှစ်မျိုးပဲ”
“နောက် (မလာသေးတာ) ကြံတဲ့ လေးဆယ့် လေးမျိုးကော အသျှင်”

“သညာရှိဒဿန တစ်ဆယ့်ခြောက်မျိုး၊ သညာမဲ့ ဒဿန ရှစ်မျိုး၊ သညာရှိမရှိ မဟုတ်ဒဿန လေးမျိုး၊ အပြတ်ဒဿန ခုနစ်မျိုး၊ လက်ငင်းငြိမ်း ဒဿန ငါးမျိုး၊ ပေါင်း လေးဆယ့် လေးမျိုးပဲ”
“ဗုဒ္ဓအသျှင် မြတ်ဘုရား- လောကဒဿန ခြောက်ဆယ့် နှစ်မျိုးဟာ သတ္တ၀ါ အားလုံးရဲ့ ဒဿန တွေကို ခြုံမိတဲ့ ပိုက်ကွန်သဖွယ်ဖြစ်လို့  အလွန်သိဖို့  လိုအပ်လှပါတယ်။ ဒါကြောင့် ဒါတွေရဲ့ တစ်ခုချင်း ဖြစ်ပုံနဲ့  ဖြစ်ရခြင်းရဲ့ အကြောင်းပါ တပည့်တော်တို့ ကို မိန့် ကြားပေးပါ အသျှင်”

“မြဲဒဿနလေးမျိုးဖြစ်ပုံနဲ့  ဖြစ်ရခြင်းအကြောင်းကို အလျင်နာကြားကြ ရဟန်းတို့ ”
“ကောင်းပါပြီ အသျှင်ဘုရား”

“မြဲဒဿနတွေဟာ ရှေးကဖြစ်ခဲ့ဖူးတယ်လို့  ကြံစည်ပြီး၊ ရှေးကလည်း ဖြစ်ခဲ့တယ်၊ အခုလည်း ဖြစ်နေတယ်ဆိုတော့ ငါတို့ ရော သည်လောကကြီးပါ မြဲတယ်- လို့ ယူတဲ့အယူပဲ”
“လေးမျိုးက ဘယ်လိုကွဲတာပါလည်း အသျှင်”

“ဘဝအရေ အတွက်လောက်သိ မြဲ အယူ၊ ကပ်ကမ္ဘာတစ်ခု နှစ်ခုက ဆယ်ခုလောက်သိ မြဲ အယူ၊ ကပ်ကမ္ဘာအများအပြားသိ မြဲ အယူ၊ လေ့လာကြံဆသိ မြဲ အယူ၊ သည်လို လေးမျိုးကွဲ တာ”
“သိ- ဆိုတာတွေက တကယ်သိတာတွေလား အသျှင်”

“သူတို့  အောက်မေ့တာတွေပါ”
“အောက်မေ့တယ်ဆိုတာ ထင်တာလား ဘုရား”

“မှန်တယ်”
“သူတို့ က ဘာဖြစ်လို့  ထင်ရတာလဲ ဘုရား”

“စိတ်ကို ထက်အောင်မွေးပြီးတော့ ထင်တော့တာပေါ့”
“သည်လိုဆိုတော့ မြဲ အယူဟာ ကြံလုံး ပါပဲလား ဗုဒ္ဓအသျှင်”

“အေး”
“မမှန်ဘူးပေါ့ ဘုရား”

“မိစ္ဆာဒဿန(မိစ္ဆာဒိဌိ) ပါဆိုမှ ဘယ်မှန်ပါ့မလဲ၊ သူတို့  စိတ်ထဲမှာ ဖြစ်တဲ့ အရာ- စိတ္တဇပဲဟာ”
“ကောင်းစွာသိရပါပြီ အသျှင်”

“ဆက်ပြီး တချို့ မြဲအယူလေးမျိုး ဆက်နာကြ”
“ဟောတော်မူပါ ဘုရား”

“တချို့ မြဲ ဒဿနတွေဟာ -ကိုယ်ဟာ ဗြာဟ္မာ မဖန်ဆင်းခင်က မရှိဘူး၊ ဖန်ဆင်းခံရမှ ရှိတာ၊ ဗြဟ္မာက အမြဲ ရှိတာ၊ အပျော်ကျူးပြီး မေ့မူးနေတဲ့ နတ်တွေသေတယ်၊ မမြဲဘူး။ အပျော်မကျူး မမေ့မူတဲ့ နတ်တွေဟာ မြဲတယ်၊ စိတ်ဆိုးတဲ့ နတ်တွေသာ သေတယ်။ စိတ်မဆိုးတဲ့ နတ်တွေ မြဲတယ်။ သည်လို တချို့ မြဲ အယူလေးမျိုး ယူကြတာပဲ”
“ဗြဟ္မာတို့  နတ်တို့  တကယ်လားဘုရား”

“သူတို့ ရဲ့ စိတ်ကို အာရုံတစ်ခုတည်နေရာက ထွက်လာတဲ့ အောက်မေ့ကြံဆမှု အထင်တွေပဲ ရဟန်းတို့ ”
“ဒါတွေလည်း မိစ္ဆာတွေပေါ့ ဘုရား”

“အေး- မိစ္ဆာဒဿန၊ စိတ္တဇတွေပဲ”
“ကောင်းစွာ သိရပါပြီ ဘုရား။ အဆုံးရှိ- မရှိဒဿနလေးမျိုး နာကြားပါစေဘုရား”

“လောက အဆုံးရှိတယ်လို့  သညာရှိသူ၊ အဆုံးမရှိဘူးလို့  သညာရှိသူ၊ အထက်အောက် အဆုံးရှိပြီး၊ ဖီလာကန့် လန့်  အဆုံးမရှိ သညာရှိသူ၊ အဆုံးလည်း မဟုတ်၊ မရှိလည်းမဟုတ် ကြံဆသူ၊ သည်လေးမျိုးပဲ”
“ဒါတွေကော အမှန်လား ဘုရား”

“မိစ္ဆာတွေပေါ့၊ ဘယ်မှန်မလဲ စိတ္တဇပဲ”
“စိတ္တဇ ဆိုရင် သူတို့ စိတ်က ကြံစည် တွက်ချက်ထာတာပေါ့ ဘုရား”

“အေး- ဈာန်ပွားပြီး၊ မှတ်သားတော့ ထင်တာပေါ့”
“ဘာမှ မယူဘူးလို့  ဆိုတဲ့ အယူကို ယူသူလေးဦး -ကကော ဘုရား”

“မသိလို့  မှားမှာစိုးပြီး၊ ဘာမှ မယူတဲ့ အယူကိုယူသူ၊ မသိလို့  ဖြေမိတာ အပေါ်မှာ အစွဲဥပါဒါန် ဖြစ်မှာ စိုးလို့  ဘာမှမယူတဲ့ အယူကိုယူသူ၊ မသိဘဲပြောမိလျင် သူများ အဖိခံရနိုင်လို့  ဘာမှ မသိဘူး အယူကို ယူသူ၊ တစ်ခုခုကို အမှန်ထင်ပေမယ့် ထင်တာကို မပြတတ်လို့  ဘာမှ မယူ ဘူးအယူကို ယူသူ၊ သည်လေးယောက်ပဲ”
“ဒါကတော့ မိစ္ဆာဒဿန ဖြစ်တာ ထင်ရှားပါတယ် ဘုရား”

“အကြောင်းမဲ့ ဒဿန နှစ်မျိုး မှတ်သားကြ”
“ကောင်းပါပြီ ဘုရား”

“သညာမဲ့ အဖြစ်က ရွေ့ လျားပြီး၊ သညာ ဖြစ်လာတာကို မြင်လို့ ဖြစ်လာတဲ့ သညာဟာ အကြောင်းမဲ့ ဘဲလို့ ယူတာ၊ အမျိုးမျိုး ကြံဆပြီး အတ္တနဲ့  သည်လောကကြီးဟာ အကြောင်းမဲ့- လို့ ယူတာပဲ။
“ရှေးစွဲဒဿန တစ်ဆယ့်ခြောက်မျိုး တပည့်တော်တို့  သိကြပါပြီ ဘုရား”

“နောင် အနာဂတ်စွဲ ဒဿန လေးဆယ့်လေးမျိုးထဲက သေပြီးနောင်၊ မသေဘဲ သညာရှိဒဿန တစ်ဆယ့်ခြောက်မျိုး- ကို မှတ်ထားကြ”
“ကောင်းပါပြီ အသျှင်”

“သေပြီးနောက် - ရုပ်နဲ့  တကွ သညာရှိ၊ ရုပ်မဲ့နဲ့ တကွ သညာရှိ၊ ရုပ်ရှိ- ရုပ်မဲ့ နဲ့ တကွ သညာရှိ၊ ရုပ်ရှိလည်း မဟုတ် ရုပ်မရှိလည်း မဟုတ်နဲ့ တကွ သညာရှိ။ သေပြီးနောက် အဆုံး ရှိနဲ့  တကွ သညာရှိ၊ အဆုံးမရှိနဲ့ တကွသညာရှိ၊ အဆုံး ရှိလည်း ရှိ- မရှိလည်းမရှိနဲ့ တကွ သညာရှိ။ အဆုံး ရှိလည်း မဟုတ်၊ အဆုံးရှိလည်းမဟုတ်နဲ့  တကွ သညာရှိ။ သေပြီးနောက် သညာတစ်ခုရှိ၊ ထူးထူးပြားပြား သညာရှိ၊ နည်းနည်းရှိ၊ များများရှိ၊ သေပြီးနောက်- သုခနဲ့ တကွ သညာရှိ၊ ဒုက္ခနဲ့  တကွ သညာရှိ၊ သုခ- ဒုက္ခနဲ့ တကွ သညာရှိ။ သုခ- ဒုက္ခ မဟုတ်နဲ့ တကွ သညာရှိ၊ သည် တစ်ဆယ့်ခြောက်မျိုးပဲ”
“သေပြီးနောက် မသေဘဲ၊ သညာမရှိ ဒဿန ရှစ်မျိုး ကကောဘုရား”

“ရုပ်ရှိ၊ ရုပ်မဲ့ရှိ၊ ရုပ်ရှိလည်း ဟုတ်၊ ရုပ်မဲ့လည်း ဟုတ်၊ ရုပ်ရှိ ရုပ်မဲ့မရှိ မဟုတ်၊ အဆုံးရှိ၊ အဆုံး မရှိ၊ အဆုံးရှိမရှိ ဟုတ်၊ အဆုံးရှိ-မရှိ မဟုတ် သည်ရှစ်မျိုးပဲ”
“သေပြီးနောက် မဖြစ်ဒဿန ခုနစ်မျိုး- ဟောပါဘုရား”

“ဘယ်သူမဆို သေလျင်ပြတ်တယ် အယူ၊ ကာမာဝစရနတ်ဖြစ်ပြီးမှ ပြတ်တယ် အယူ၊ ရူပဗြဟ္မာ ဖြစ်ပြီးမှ ပြတ်တယ် အယူ၊ အာကာသာနဉ္စာယတန ဗြဟ္မာဖြစ်ပြီးမှ ပြတ်တယ် အယူ၊ ဝိညာဏနဉ္စာယတန ဗြဟ္မာ ဖြစ်ပြီးမှ ပြတ်တယ် အယူ၊ အာကိဉ္စညာယတန ဗြဟ္မာ ဖြစ်ပြီးမှ ပြတ်တယ် အယူ၊ နေဝသညာနာသညာတန ဗြဟ္မာ ဖြစ်ပြီးမှ ပြတ်တယ် အယူ သည် ခုနစ်မျိုးပဲ ”
“မျက်မြင်သဘော ငြိမ်းချမ်းမှု နိဗ္ဗာန်ရောက်လို့  သေပြီးနောက် မလိုဒဿန ငါးမျိုး မိန့် ကြားပါ ဘုရား”

“ကာမဂုဏ် အာရုံငါးမျိုး ပြည့်စုံမှု၊ ပဌမဈာန် ပြည်စုံမှု၊ ဒုတိယ ရုပဈာန် ပြည့်စုံမှု၊ တတိယ ရူပ ဈာန် ပြည့်စုံမှု၊ စတုတ္ထရူပဈာန် ပြည့်စုံမှု သည်ငါးမျိုးပဲ။”
“မြတ်စွာဘုရား- သည်ဒဿနတွေထဲ တစ်ခုဖြစ်စေ၊ တချို့ ဖြစ်စေ၊ အားလုံးဖြစ်စေ၊ မှန်ကန် သင့်မြတ်တာ ပါပါသလား”

“မပါဘူး ရဟန်းတို့  သည်ဒဿန ငါးမျိုးလုံးပဲ မသိကြ၊ မမြင်ကြသူ တွေရဲ့ ခံစားချက် ဝေဒနာ တွေ စွဲငြိချက် တဏှာ၊ ဒိဌိတွေ ဖြစ်ကြလို့ ပဲ”
“သူတို့ မှာ သည် တဏှာဒိဌိတွေနဲ့ တကွ တုန်လှုပ်မှုတွေ ဖြစ်ရလောက်အောင် ခံစားမှုဝေဒနာ တွေက ဘာ့ကြောင့် ဖြစ်ရတာပါလဲ အသျှင်”

“အတွေ့ အကြံ ဖဿကြောင့်ပဲ။ အတွေ့ အကြုံ ဖဿကလွဲလျင် သည်တဏှာဒိဌိတွေ မဖြစ်ဘူး။ အတွေ့ အကြုံ ဖဿဖြစ်တော့ ခံစားမှု ဖြစ်တာပေါ့။ သည်တော့ ငြိကပ်မှု တဏှာ ဖြစ်ပြီး အယူဒိဌိတွေ ဖြစ်တာပဲ ရဟန်းတို့ ”
“မြတ်စွာ ဗုဒ္ဓအသျှင် သည်အမှန်အကန် အသင့်အလျော်မပါတဲ့ သည်ဒိဌိတွေက လွတ်မြောက် အောင် ဘယ်လို လုပ်ရပါ့မလဲ ဘုရား”

“အတွေ့ အကြုံ ဖဿတွေရယ်၊ အတွေ့ အကြုံ ဖဿတွေရဲ့ သာယာဖွယ်ရယ်၊ အတွေ့ အကြုံ ဖဿရဲ့ အပြစ်ရယ်၊ အတွေ့ အကြုံ ဖဿကလွတ်မြောက်ရာ ရယ်ကို သိအောင် လုပ်ရမယ်။ ဒါဟာ အမြတ်ဆုံးပဲ။ ငါ့ကို ချီးမွမ်းလျင် ဒါနဲ့  ချီးမွမ်းမှ ပြည့်စုံတယ်”
“၀မ်းသာ ပါတယ် အသျှင်”

To Enter

၆။ ဝေသာလီ မဟာဝုန်ပြဿဒ်ကျောင်း၌ မဟာလိ( နှုတ်ခမ်းတွဲ) နှင့် ကောသလ၊ မာဂဓ မှ ဧည့်အမတ်များအား ဘုရားဟောသောတရား

“ဗုဒ္ဓအသျှင်- ရက်အတော်ကြာတုန်း လိစ္ဆ၀ီမင်း သုနက္ခနဲ့  တွေ့ လို့  သူပြောတာ ကြားခဲ့ရ ပါတယ်။ သူဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဗုဒ္ဓထံ ရဟန်းအဖြစ်နဲ့  နေခဲ့တယ်။ အဲသည်တုန်း က သူဟာ ချစ်စရာ နတ်အလှတွေ မြင်ခဲ့တယ်။ အသံတော့ မကြားခဲ့ဘူး လို့  ပြောပါတယ်။ အဲဒါ အသံမရှိလို့  သူမကြားတာလား ဘုရား”
“မဟုတ်ဘူး မဟာလိ”

“ဘာဖြစ်လို့  မကြားရတာလဲ ဘုရား”
“မြင်ဖို့ ပဲ သူ့ စိတ် ပွားထားလို့ ပေါ့”

“ကြားဖို့ ပွားလျင် မကြားဘူးလား ဘုရား”
“အေး - ကြားမယ်။ မမြင်ဘူး မဟာလိ”

“ကြားဖို့ ရော၊ မြင်ဖို့ ရော ပွားလျင်တော့ အားလုံးပဲ မြင်၊ ကြားဖြစ်မလား”
“အဒါလည်း အရပ်အနှံ့ မဟုတ်လျင် အရပ်အနှံ မမြင် မကြားဘူး။ ပွားတဲ့ အရပ်ပဲ မြင်ကြား ဖြစ်မယ်”

“ ဗုဒ္ဓအသျှင်- သည်လို သမာဓိတွေပွားဖို့  ရဟန်းပြုကြတာလား ဘုရား”
“မဟုတ်ဘူး မဟာလိ”

“ ဘာအတွက် ရဟန်းပြုကြတာလဲ ဘုရား”
“အဲသည် သမာဓိ ထက်လွန်တဲ့ တရား ရဖို့ ပဲ”

“အဲဒါ ဘာတရားတွေလဲ ဘုရား”
“သောတပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဆိုတဲ့ တရားထူးတွေပဲ”

“ဗုဒ္ဓအသျှင် - အဲသည်လို တရားထူးတွေရဖို့  နည်းလမ်း ကျင့်ရိုးတွေ ရှိပါသလား ဘုရား”
“အေး။ ရှိတယ်”

“ဘာတွေလဲ ဘုရား”
“အမြင်မှန်၊ အတွေးမှန်။ အပြောမှန်၊ အလုပ်မှန်၊ အနေမှန်။ ကြိုးစားမှန်၊ နိုးကြားမှန်၊ စိတ်ထား မှန်တွေပဲ”

“၀မ်းသာလှပါတယ် ဘုရား”
xxxxxxxxxxx xxxxxxxxx xxxxxxxx xxxxxxxxxxx xxxxxxxxxx

“မဟာလိ- ငါ ကောသမ္ဗီပြည်၊ ဃောသိတာရုံမှာ မုဏ္ဍိယပုဗိုဇ်နဲ့  သစ်သားသပိတ်ဆောင်တဲ့ ပုဗိုဇ်တပည့် ဇာလိယတို့ ကို လက်ခံတွေ့ ဆုံတုန်းက သူတို့ က ငါ့ကိုမေးတယ်။
ဗုဒ္ဓအသျှင်- အသက်ဇီဝဟာ သည်ကိုယ်ကြီးပဲလား၊ ဒါမှမဟုတ် သီးခြားလား၊ သိပါရစေ ဘုရား- လို့ ပဲ။ ငါက သူတို့ ကို ပြန်မေးတယ်-
ငါ့ရှင်တို့  အကျင့်သီလဖြည့်ပြီး၊ ဈာန်လေးပါး ၀င်စားနေတယ် ဆိုပါတော့။ အဲသည် ရဟန်းဟာ မင်းတို့ အမေးကို ဖြေဖို့ သင့်ပါ့မလား- လို့ 
ဘာဖြစ်လို့  မသင့်တာလဲ၊ သင့်ပါတယ် ဗုဒ္ဓအသျှင်- လို့ လျှောက်ကြတယ်။
သည်လိုဆိုလျင်ကော ငါ့ရှင်တို့ - ရဟန်းဟာ ရှေးဖြစ်ဟောင်း အောက်မေ့နိုင်မှု၊ ဘ၀ဟန် အမှန် မြင်နိုင်မှု၊ ဘ၀ စိတ်ကူးယဉ်ကျော မမျောမှု၊ ဖြစ်နေပြီ ဆိုလျင်ကော အဲသည်ရဟန်းဟာ အသက်နဲ့ ကိုယ် အတူပဲ၊ တခြားပဲ။ သည်လိုငါသိမြင်တယ်၊ ပြောဦးမလား- လို့ မေးတဲ့ အခါ၊ သူတို့  ပြန်ဖြေကြတယ်။
အဲသည်လို ဆိုလျင်တော့ အသက်နဲ့  ကိုယ်အတူပဲ၊ တခြားပဲ မပြောပလောက်တော့ပါဘူး ဗုဒ္ဓ အသျှင်- လို့ ပဲ မဟာလိရေ။
“ကောင်းလှပါတယ် အသျှင်ဘုရား။ နက်နဲလှတဲ့ တရားတွေ နာကြားရတာပါပဲ အသျှင်ဘုရား”

To Enter

Type your summary here Type rest of the post here

To Enter

Website counter

Back to TOP