၁၉။ လူ့ သဘာဝနဲ့  သဘာဝပေါ်ကဘဝ

လူတိုင်းမှာ *** သိမြင်၊ ခံစား၊ မှတ်သား၊ တုံ့ ပြန် (ဆော်ဖန်)နဲ့  ရှင်သန်ရပ်တည်မှုတွေ ကိုယ်စီကိုယ်င ရှိကြတယ်။ သည်တော့လည်း လူဟာ သိမြင်တယ်၊ ခံစားတယ်၊ မှတ်သားတယ်၊ တုံ့ ပြန်(ဆော်ဖန်) တယ်၊ ရှင်သန်ရပ်တည်တယ်။ ဒါတွေဟာ လူတွေမှာရှိတဲ့ သဘာဝတွေပဲ။

လူသဘာဝဟာ နောက်ကလာ၊ မလာနဲ့  နောင်ကိုသွား၊ မသွားနဲ့  သည်မှာရှိ၊ မရှိ၊ ဒါတွေနဲ့  မဆိုင်ဘူး။ လူဟာ ဘယ်သူ့  တယောက်ဆီက ရတာဖြစ်ဖြစ် မရတာဖြစ်ဖြစ် သိတတ်၊ ခံစားတတ်၊ မှတ်သားတတ်၊ တုံ့ ပြန်(ဆော်ဖန်)တတ်၊ ရှင်သန်ရပ်တည်တတ်တာတွေ သဘာဝ အားဖြင့် ရှိနေသူဖြစ်တယ်။ ဒါတွေ လူမှာရှိတဲ့ သဘာဝဖြစ်တာကို တလောကလုံးကလည်း အမှန်အဖြစ် သိနေကြတယ်။ ကိုယ်တိုင်လည်း ဘယ်သူ့ ပြောဆိုချက် ရရ၊ မရရ သိနေတယ်။ လူမှာအလိုလို ဖြစ်နေ၊ ရှိနေတဲ့အရာ သဘာဝဟာ ဒါတွေပဲဆိုတာ လူတိုင်းငြင်းစရာ မရှိတာဘဲ။

ဒီလိုသဘာဝတွေရှိတဲ့ လူ့ အပေါ်မှာ လူ့ ကြောင့်ဖြစ်တဲ့ ဘ၀တွေ ဖြစ်ပေါ်တယ်။သိမြင်၊ ခံစား၊ မှတ်သား၊ တုံ့ ပြန်(ဆော်ဖန်)၊ ရှင်သန်ရပ်တည်မှုတွေကို ဖြစ်စေတဲ့ အာရုံတွေက များတယ်။ လူ့ ဝန်းကျင်မှာ တည်ရှိကြတဲ့ အဆင်းတွေ၊ အသံ၊ အနံ့ ၊ အရသာ၊ အတွေ့  တွေနဲ့  တွေးစရာတွေပဲ။

ဒါတွေကလည်း အယုတ်၊ အမြတ်၊ အကြမ်း၊ အနု၊ နီး,ဝေး၊ တွင်း,ပြင်၊ ခု,နောက်,နောင်တွေပဲ။ သည်တော့လည်း သိမြင်မှု အမျိုးမျိုး ခံစား,မှတ်သား,တုံ့ ပြန်(ဆော်ဖန်), ရှင်သန်ရပ်တည်မှု အမျိုးမျိုးတွေ ဖြစ်ရပြီပေါ့။

လူက သည်အာရုံအမျိုးမျိုးတွေ အပေါ်မှာ အာရုံအမျိုးမျိုးတွေရဲ့  ပမာဏ(အတိုင်းအရှည်) အမှန်အတိုင်း သိမြင်ခံစား,မှတ်သား, တုံ့ ပြန်(ဆော်ဖန်), ရှင်သန်ရပ်တည်နိုင်ဖို့  မလွယ်ဘူး။ အာရုံ အမျိုးမျိုးတွေကို အာရုံခံအင်္ဂါ အမျိုးမျိုးတွေက အာရုံအမျိုးမျိုးတွေရဲ့  ပမာဏမှန်အတိုင်း သိမြင်, ခံစားမှု အစစတွေ လိုက်လုပ်နိုင်ဖို့  မလွယ်ဘူး။ အာရုံအမျိုးမျိုးတွေက ကျွမ်းထိုးပြနေ သလိုဖြစ်ပြီး သိမြင်, ခံစား, မှတ်သား,တုံ့ ပြန်(ဆော်ဖန်),ရှင်သန်ရပ်တည်မှုတွေလည်း ကျွမ်းပြန်ကုန်ကြတာ ဖြစ်ကြရတယ်။

သည်တော့ လူ့ သဘာဝအပေါ်မှာ သဘာဝမဟုတ်တဲ့ လူလုပ်ဘ၀တခု ဆင့်ပွား ဖြစ်တည်လာ တယ်။ ဒါလည်း အာရုံရဲ့ အရှိန်အဟုန်တွေကို လူက မလိုက်နိုင်ရာက လူကို အာရုံတွေက ဖိစီးဝါးမျိုတာ ခံရတယ်လို့  ပြောရမှာပဲ။ လူဟာ ငယ်တဲ့အလျှောက် သည်အပြစ်က ဘယ်သူမှ မလွတ်နိုင်ခဲ့ကြဘူး။

သိစရာမဟုတ်တဲ့ အာရုံ သိနေတာ၊ ခံစား,မှတ်သား,တုံ့ ပြန်(ဆောင်ဖန်), ရှင်သန်ရပ်တည်ရမှာ မဟုတ်တဲ့ အာရုံတွေမှာ ခံစားနေတာ မှတ်သားတုံ့ ပြန်(ဆော်ဖန်)ရပ်တည်နေတာတွေဟာ လူကို အလွဲလွဲအချော်ချော်ဖြစ်တဲ့ ရူးသွတ်သူ ဖြစ်စေတာတွေပဲ။ ဒါ 'ဘ၀' လို့ ခေါ်ပါတယ်။

လူ့ သဘာဝတွေနဲ့  အာရုံတွေ လုံးကြတဲ့အခါ လူ့ သဘာဝတွေ ရှုံးပြီး လူမှာ ဘ၀တွေ ပေါ်ရတာပါ။ လူ့ သဘာဝတွေက သွက်လက် ချက်ခြာလာအောင် ပြုပြင်တာခံရပြီး သွက်လက် ချက်ခြာလာရင် အာရုံတွေကို လူက အသာကလေး ၀ါးမျို လွန်မြောက်တာပါပဲ။

လူ့ သဘာဝနဲ့  လူ့ ပတ်ဝန်းကျင်အာရုံတို့  တိုက်ပွဲမှာပဲ လူက ရှုံတော့ ဘ၀ပေါ်ပြီး၊ လူကနိုင်တော့ ဘ၀ငြိမ်းတာပဲ။

ဘ၀ပေါ်တာက လူရူးသွတ်တာ၊
ဘ၀ငြိမ်းတာက လူ့ အရူးပျောက်တာပေါ့။
လူ့ မှာ ရူးသွတ်တဲ့အဖြစ်ရတာဟာ အရမတော်တာပဲ။
အရူးပျောက်တဲ့အဖြစ် ရတာဟာ အရတော်တာပဲ။ လူတိုင်းလည်းလက်ခံတယ်။ ဒါကို ရူးသွတ်နေတဲ့ဘ၀ ရှိနေသူတွေက ဒါကလေးများလို့  လုပ်ကြတယ်။ သူ လွန်လွန်ကျူးကျူး ဘ၀ လုပ်ထား, ဖြစ်ထားတာတွေကို သိမြင်,ခံစား,မှတ်သား,တုံ့ ပြန်(ဆော်ဖန်), ရှင်သန်ရပ်တည် ပြုတာတွေနဲ့  ချဉ့် ကြည့်လိုက်တော့ မမြင်သာအောင် သိမ်မွှားသေးငယ်နေ တာကြောင့် ပျင်းရိစရာကောင်းနေလို့ ပဲ။ ဒါ့ကြောင့် ဒါမျိုး စိတ်မ၀င်စား မပျော်မွေ့ ဘူး။ ဘ၀ကိုပဲ လုပ်ချင်တယ်။ အဲသည်မှာပဲ ပျော်ပါးမွေ့ လျော်တယ်လို့  ဖြစ်တော့တာပဲ။

ဒါဟာ လူနစ်နာဖို့  ဖြစ်စေတယ်။ ရောဂါရနေလျက် ဆေးကုမခံချင်သူ အဖြစ်မျိုးပဲ။ သည် အတိုင်း လူကို လွှတ်မထားထိုက်ဘူး။ လူ့ ဆောင်စရာတစ်ခုကို ပေးထိုက်တယ်၊ အဲသည် ဆောင်စရာဟာ တရားဓမ္မပဲ။ အဲသည် တရားဓမ္မက သူ့ သဘာဝတွေနဲ့  အာရုံတွေကို ပမာဏ အမှန်အတိုင်း သိမြင်၊ ခံစား၊ မှတ်သား၊ တုံ့ ပြန်(ဆောင်ဖန်)၊ ရှင်သန် ရပ်တည်တဲ့ အလေ့ လုပ် တာတွေပဲ။


*** သိမြင်= ၀ိညာဏက္ခန္ဓာ၊ ခံစား= ဝေဒနာက္ခန္ဓာ၊ မှတ်သား=သညာက္ခန္ဓာ၊ တုံ့ ပြန်ဆော်ဖန် =သင်္ခါရက္ခန္ဓာ၊ ရှင်သန်ရပ်တည်= ရူပက္ခန္ဓာ

Website counter

Back to TOP