၂၀။ လူ့ သဘာဝပေါ်က ဘ၀ကို တိုက်ထုတ်တဲ့ အကျင့်ဟာ လူ့ ဆောင်စရာပဲ

ပဌမဆုံးအနေနဲ့ ...
လွန်ကျူးတာတွေ ရပ်တံ့တာ လုပ်ရမယ်။
ဒုတိယအနေနဲ့  မလွန်ကျူးမိအောင် သတိဝိရီယနဲ့  စိတ်ဓါတ်တွေ ပွားရမယ်။
တတိယနေနဲ့  လွန်ကျူးမှုရဲ့ အပြစ်ခပ်သိမ်းကို အမှန်ကျ မြင်ရ၊ တွေးရမယ်။

လူကို လူလုပ်ဘ၀တွေကနေ လွတ်လပ်ပြီး လူ့ သဘာဝအတိုင်း ပုံမှန်ဖြစ်ဖို့  လေ့ကျင့်စရာတွေ က လူ့ အတွက် ဓမ္မတွေပါပဲ။ လူဟာ မြေလျှိုး မိုးပျံနိုင်တဲ့ သဘာဝရှိသူ မဟုတ်ဘူး။ လူဟာ ပြင်ပ အာရုံတွေကို ပြင်ပအာရုံခံယူတဲ့ အင်္ဂါတွေက ပြတာနဲ့  ပြချက်ကို မနအာရုံခံ အင်္ဂါက တွက်ချက်လို့  ရတာတွေ အရပဲ သိခွင့်ရှိသူ ဖြစ်တယ်။ လူမရှိခင်ကနဲ့  လူမရှိတဲ့နောက် လူ့  အဖြစ်တွေကို သိခွင့်သဘာဝရှိသူလည်း မဟုတ်ဘူး။ စီးပွားဥစ္စာနဲ့  ကျန်းမာအောင်မြင်ဖို့  ဆိုင် ရာအတွက် ဓမ္မကို အသုံးချဖို့  အကြောင်းမရှိဘူး။

ဓမ္မဟာ လူ့ သဘာဝကို အလျှော့အပို ဖြစ်စေတဲ့ ဘ၀တွေ ငြိမ်းဖို့ အတွက် အသုံးချဖို့ ပဲ။ ကျန် တဲ့ လူ့ ကိစ္စတွေ ပြီးမြောက်ဖို့ ဟာ ဓမ္မရဲ့ တာဝန် မဟုတ်ရဘူး ဖြစ်ရမယ်။ ဓမ္မဟာ လူ့  လွတ်လပ်မှု တခုတည်း အတွက်ပဲ။ လွတ်လပ်တယ် ဆိုတာလည်း လူ့ သဘာဝက ချော်သွား စေနိုင်တဲ့ ဘ၀တွေက လွတ်လပ်ရမှာသာ ဖြစ်တယ်။

လူမှာ ဓားခုတ်ခံရပေမယ့် မပြတ်ဘို့ ၊ တုတ်ရိုက်ခံရပေမယ့် မနာဘို့ ၊ ရန်ဖြစ်ပေမယ့် မရှူံးဘို့  တိရစ္ဆာန်ရိုင်းတွေ နှိပ်စက်တာ မခံရဘို့  ဆိုတာတွေဟာ လူ့  လွတ်လပ်မှု မဟုတ်တာတွေဘဲ။ လူ့ လုပ်ရပ်ပိုင်း ဆိုင်ရာတွေရဲ့ လွတ်လပ်မှုသာ ဖြစ်ချင် ဖြစ်မယ်။ လူ့ လုပ်ရပ်ပိုင်း ဆိုင်ရာတွေ ဟာ တရားဓမ္မတွေ မဟုတ်ကြဘူး။

တရားဓမ္မဟာ လူ့ သဘာဝကို ပျက်ပြားစေနိုင်တဲ့ လူမှုဘ၀တွေက လွတ်လပ်ဖို့ ပဲ ဖြစ်တယ်။ လူဟာ လူ့ သဘာဝအတိုင်း ဖြစ်ပြီ ဆိုရင် လူ လွတ်လပ်တာပဲ။ လူ့ သဘာဝဟာ သိမြင်၊ ခံစား၊ မှတ်သား၊ တုံ့ ပြန်(ဆောင်ဖန်) ၊ ရှင်သန် ရပ်တည်တာတွေပဲ။ လူ့ ပတ်ဝန်းကျင်ရှိတဲ့ သိစရာ တွေကို လက်ခံယူစရာ အင်္ဂါနဲ့  အဲသည် အင်္ဂါက တဆင့် သိတာ မဟုတ်ဘဲ သိမြင်တယ် ဆိုတာ လူမှာ ဖြစ်တတ်ပါတယ်။ အဲသည် သိတာအတိုင်း ခံစား၊ မှတ်သား၊ တုံ့ ပြန်(ဆော်ဖန်) ရှင်သန် ရပ်တည်မှုတွေလည်း ဖြစ်တတ်ကြပါတယ်။ အဲသည် သိမြင်၊ ခံစား၊ မှတ်သား တုံ့ ပြန် (ဆော်ဖန်)၊ ရှင်သန်ရပ်တည်မှုတွေဟာ လူ့ သဘာဝတွေ မဟုတ်ကြပါဘူး။ လူ့ ဘ၀တွေပဲ ဖြစ် ကြပါတယ်။

အဲသည် လူ့ သဘာဝတွေဟာ လူပေါ်မှာ ရှင်သန် ကြီးထွားပြီး နေတတ်ကြပါတယ်။ သည်လို ဖြစ်ရင် လူဟာ ပတ်ဝန်းကျင်မှာ တကယ် မရှိတာတွေကို အရှိအဖြစ် သိမြင်၊ ခံစား၊ မှတ်သား၊ တုံ့ ပြန်( ဆော်ဖန်)၊ ရှင်သန် ရပ်တည်တာကြောင့် ဆင်ကန်းတောတိုး သလို အမျိုးမျိုး ဒုက္ခခံ ရတော့တာပါပဲ။

လူ့ ဘ၀တွေဟာ လူ့ သဘာဝတွေကို ပျောက်ပျက်အောင် ဖျောက်ဖျက်ပစ်နေတဲ့ အရာတွေပါပဲ။ လူ့ ဘ၀တွေဟာ လူ့ ဝန်းကျင်မှာ ရှိတဲ့ မြင်သိစရာတွေကို မြင်သိစရာရဲ့ ပုံမှန် အတိုင်း မမြင်သိဘဲ သူမြင်ချင်သလို၊ သိချင်သလို မြင်-သိတယ်။ အဲသည် မြင်-သိ တာအတိုင်း ခံစား၊ မှတ်သား၊ တုံ့ ပြန်( ဆော်ဖန်)၊ ရှင်သန် ရပ်တည်တယ်။ အဲသည်တော့ လူသိတာနဲ့  လူ့  အသိခံရှိတာနဲ့  မကိုက်ညီတော့တာပါ။

ကြား၊ သိ၊ နံ၊ လျက်သိ၊ တွေ့ သိနဲ့  တွေးသိ။ သည်အသိ အမြင်တွေမှာလည်း အဲသည် အသိတွေနဲ့  အသိခံရမယ့် သိစရာတွေရဲ့ ပုံမှန်အတိုင်း အသိအမြင်ဖြစ်တာ မဟုတ်ဘဲ သူ သိမြင်ချင်သလို သိမြင်တယ်။ အဲသည် အသိအမြင်အတိုင်း ခံစား၊ မှတ်သား၊ တုံ့ ပြန်( ဆော်ဖန်)၊ ရှင်သန် ရပ်တည်တယ်။ သည်တော့ အသိနဲ့  အသိခံ အရှိနဲ့  မကိုက်ညီတော့ဘူး ပေါ့။ ဆက်ပြီးလည်း ခံစား၊ မှတ်သား၊ တုံ့ ပြန်(ဆော်ဖန်)၊ ရှင်သန် ရပ်တည်တာနဲ့  အခံစားခံ၊ အမှတ်သားခံ၊ အတုံ့ ပြန် (အဆော်ဖန်)ခံ၊ ရှင်သန် ရပ်တည်ခံနဲ့  မကိုက်ညီတော့ဘူးပေါ့။

သည်တော့ သူ့ သိမြင်တာဟာ ရှိတာ သိမြင်တာ မဟုတ်ဘဲ၊ မရှိတာ သိမြင်တာပေါ့။ ခံစား တာလည်း ခံစားစရာ အရှိကို ခံစားတာ မဟုတ်ဘဲ၊ မရှိတာ ခံစားတာပေါ့။ မှတ်သားတာ၊ တုံ့  ပြန်(ဆော်ဖန်) တာ၊ ရှင်သန် ရပ်တည်တာလည်း သည်လိုပဲ။ မရှိတာမှာ မှတ်သား တုံ့ ပြန် (ဆော်ဖန်၊ ရှင်သန် ရပ်တည်တော့တာပေါ့။

သည်လောက် အလွဲလွဲ အချော်ချော် ဖြစ်နေသူဟာ လူ့ သဘာဝတွေ ပျက်နေတဲ့ “လူပျက်” ဖြစ်တာပေါ့။ လူပျက် အဖြစ်ဟာ သူ့ အတွက်လည်း အသုံးမကျဘူး။ ပြီးတော့ သည်လူပျက် အဖြစ်ဟာ လူ့ မှာ ဖြစ်တတ်တဲ့ တခြားကူးစက်ရောဂါတွေ လိုပဲ တခြားလူတွေကို လူပျက် အဖြစ် ကူးစက်စေတယ်။

လူ့ သမိုင်း ဘယ်လောက်ရှည်ပြီလို့ တော့ မသိဘူး၊ လူတိုင်းတော့ လူပျက်အဖြစ် အကူစက် မခံရသူဆိုတာ မရှိဖြစ်နေတာ တွေ့ ရတယ်။ ဒါကြောင့် လူ့ အတွက် ဓမ္မဟာ လိုအပ်နေတယ်။

လူပျက် ကုစားဖို့  ဓမ္မတွေ ဖော်ထုတ်ပြီးသားတွေ အများအပြား တွေ့ ရတယ်။ အဲသည် ဓမ္မ တွေဟာ လူ့ သဘာဝကို သိပြီး ဖော်ထုတ်ထားကြတဲ့ ဓမ္မ မဟုတ်တာတွေချည်း လိုလို ဖြစ်နေ တယ်။ ဒါကြောင့် အဲသည် ဓမ္မတွေရဲ့ ဆိုက်ရောက်ရာ ပန်းတိုင်ဟာ နောင်တချိန်နဲ့  နောင် တနေရာ ဖြစ်ဖြစ်နေတယ်။

ရောဂါသူ တစ်ဦးက ရောဂါပျောက်ဖို့  ဆေးအကုခံရတာပဲ။ ဆေးကုခံရလို့  ရောဂါ ပျောက်မှာက နောင်တချိန်ဖြစ်တဲ့ နောင်ဘ၀နဲ့ ၊ နောင်တနေရာ ဖြစ်တဲ့ တခြားနေရာမှာ ဖြစ်တယ် ဆိုရင် တော်ပါ့မလားပေါ့။ ရောဂါနှိပ်စက်တာကို သည်လူက ခံနေရတာဆိုတော့ ရောဂါကို အကုသခံလိုက်လို့  ပျောက်ရင် သည်လူမှာပဲ ရောဂါအနှိပ်စက်ခံရတာ ငြိမ်းရမယ် မဟုတ်လား။

ဆေးဝါး အကုသခံခြင်းရဲ့ အကြောင်း နိဒါန်းဟာ လူမှာရှိမှ ဆေးဝါး အကုသခံခြင်းရဲ့ နိဂုံးကလည်း လူမှာပဲ ဖြစ်ရမယ် မဟုတ်ပါလား။ ရောဂါဟာ ဆေးဝါးအကုသခံခြင်းရဲ့ နိဒါန်း အကြောင်း၊ ရောဂါငြိမ်းတာဟာ ဆေးဝါး အကုသခံခြင်းရဲ့ အကျိုး နိဂုံးပေါ့။

သည်တော့ ရောဂါငြိမ်းတဲ့ အကျိုးနိဂုံး ဖြစ်ပေါ်အောင် ဆေးဝါး ကုသသူဟာ ရောဂါ ဖြစ်ပွားမှု အကြောင်း နိဒါန်းကို သိမြင်ပြီး ဆေးဝါး ကုသ ပေးသူ ဖြစ်ရပါမယ်။ အနာမသိ ဆေးမရှိဘဲ၊ အနာသိမှ ဆေးရှိပေါ့။ အနာနဲ့ ဆေး ကိုက်အောင်ပေးက ပျောက်ရေး မခက်ပါတဲ့။

ပျက်တာကို မြင်တာဟာ ကောင်းတာ ဖြစ်ဖို့ ပဲ။ ပျက်တာ ပြင်ဖို့ အတွက် ပျက်တာ သိဖို့  လိုပါ တယ်။ ပျက်တာ သိဖို့  အတွက်ကလည်း ကောင်းတာ မသိရင် ပျက်တာ မသိနိုင်ပါဘူး။ လူကောင်းဟာ လူ့ သဘာဝတွေဟာ သဘာဝအတိုင်း အလုပ်လုပ်နိုင်တာပါ။

ဓမ္မ တည်ဆောက်ကြသူတွေဟာ လူ့ သဘာဝကို သိကြသူတွေ မဟုတ်ကြပါဘူး။ လူကို ဖန်ဆင်းရှင် ဖန်ဆင်းတယ်၊ ကံပစ်ချတယ် မြင်သူတွေပါ။ လီဟုန်ကြည်လည်း သည်အထဲက ဖြစ်တာ တွေ့ ရတယ်။ လူ့ သဘာဝ မသိဘဲ လူ့ ဓမ္မကို တည်ဆောက်ကြတော့ လူ့ ဘ၀တွေပဲ နောက်ထပ် လူ့ အပေါ်အတက်ခံရဖို့  ဖြစ်မှာပါ။ ပေါ့စေလိုလို့  ကြောင်ဆေးထိုး- ဆေးအတွက် သာပြီးလေး နေကြရပါတယ်။

ရှေးအခါကလည်း သည်လိုပဲ ဖြစ်ခဲ့ကြတာ အထင်အရှား တွေ့ ခဲ့ကြပြီး ဖြစ်ပါတယ်။ ဘယ် ဓမ္မ တည်ဆောက်သူမှ လူတွေ တဦးနဲ့  တဦး ငြင်းခုံကြ၊ ရန်ဖြစ်ကြရော့လို့  မရည်ရွယ်ခဲ့ပါဘူး။ သည်နေ့  သည်သူတွေပဲ “ငါနဲ့ မတူ၊ ငါ့ရန်သူ” လုပ်ပြီး ရန်ဖြစ်နေကြတာပါ။ လူကို အုပ်စု ကွဲစေလိုက်ပြီ ဆိုကတည်းက သည်လို ဖြစ်လေရော့လို့  ညွှန်းပြီးသားပေါ့။

လူတို့ အမြင်တွေ ကွဲစေလိုက်ပြီ ဆိုရင်လည်း လူကို ကွဲစေတာပါပဲ။ အမြင်ကွဲရင် အတွေး၊ အပြော၊ အလုပ်၊ အနေ၊ ကြိုးစား၊ နိုးကြား၊ စိတ်ထားတွေလည်း ကွဲကြမှာ ဖြစ်လို့ ပဲ။ ဒါကြောင့် ဓမ္မ တည်ဆောက်တဲ့ ပုဂ္ဂိုလ်ရဲ့ အမြင်ဟာ လူတွေနဲ့  ကွဲကွာမနေဖို့  လိုပါတယ်။ လူသူတွေ မသိရာ မဖြစ်ရာဆီ ဓမ္မ တည်ဆောက်သူက မြင်ပြသွားပြီဆိုရင် နောက်လိုက်တွေကလည်း အဲသည် ကိုပဲ လိုက်ပြီး လူတွေနဲ့  ကွဲကုန်ကြမှာ ဖြစ်ပါတယ်။

ဓမ္မရဲ့ နိဒါန်းအဖြစ် လူကို မြင်ပြတဲ့ အခါ စိတ္တဇနဲ့ ပဲ မြင်တယ် ဆိုရင် အဲသည် ဓမ္မရဲ့ နိဂုံးကလည်း စိတ္တဇနဲ့ ပဲ မြင်ရမှာ ဖြစ်ပါတယ်။ အဲသည် စိတ္တဇကလည်း အလိုလို ဖြစ်လာတာ မဟုတ်ဘဲ ကိုယ်တိုင်က ကျားကုတ် ကျားခဲ လွန်ကျူးတာတွေကို သူများ လိုက်မမီနိုင်အောင် လွန်ကျူးမှု ဘ၀ပြုရာမှ ရခဲ့တဲ့ စိတ္တဇ ဖြစ်ပါတယ်။

ဒါကြောင့် လီဟုန်ကြည်ရဲ့ ဓမ္မဟာ လောကမှာ “ဘူးလေးရာ ဖရုံဆင့်” ဆိုတာလို လူကို စိတ္တဇ ကမ္ဘာ ရူးသွပ်ရာဆီခေါ်သွားတဲ့ အရာသာ ဖြစ်ပါတယ်။ သည်လို လူသူအများ ချဉ်ကပ်ပြီး ကောင်းချီးပေးနေရတဲ့ အရာကို သည်လိုဆိုခဲ့ရတာ အားမနာ လျှာမကျိုး ပြောရက်တယ် အပြောခံရစရာတော့ ဖြစ်တာပဲ။ အပြောခံရလည်း မတတ်နိုင်ပါ။ “ ဆိုရေးရှိက ဆိုအပ်လှ၏။ ဆိုစများလျား၊ ထားပချေမိ။ ငါ့ဝန်ရှိလိမ့်” ဆိုတဲ့ အတိုင်း မဖြစ်ရအောင်ဘဲ။

လောကမှာ ဓမ္မရဲ့တမန်တော်တွေ ပေါ်ခဲ့ဖူးလှပြီ။ တမန်တော်ဆိုတာ တော်အောင် လျော်အောင်သာ ဆိုလိုက်တာပါ။ တကယ်ကတော့ အဲဒါတွေဟာ “ဘုရား” တွေပါပဲ။ “ဘုရား” ဆိုတာ ခေါင်းဆောင်လို့  အနက်ရတဲ့ စကားလုံးပါ။ တရားဓမ္မတခုရဲ့ ဖော်ဆောင်သူ ခေါင်းဆောင် ဖြစ်ကြတယ် မဟုတ်ပါလား။ ဒါကြောင့် ဘုရားတွေ ပါပဲ။

အဲသည် ဘုရားတွေဟာ ပေါ်စမှာတော့ လူသားတွေရဲ့ တကယ့် ခေါင်းဆောင်ပဲ။ သူတို့ ပဲ လူ့  အကြီးအကဲ ဖြစ်တာပဲ။

ဟိန္ဒူတရား ဓမ္မတွေ ဆိုရင် ရာမတို့  ခရစ်ရှနားတို့  ပေါ့။ သူ့ ခေတ်ကတော့ သူတို့  စကား ဖြစ်တဲ့ သူတို့  အသိအမြင်က ပေါ်ထွက်လာခဲ့တဲ့ ဓမ္မတွေဟာ လူ့ ဦးဆောင်ပန်းတွေပဲ။ နောက် ကျတော့ လူက ရပ်မနေပဲ အစဉ်တိုးတက်နေတာဆိုတော့ အဲသည် ဦးဆောင်ပန်းတွေကို ပြတိုက်ထဲ ထည့်ပြီး ကြည့်ရှုကြတော့တာပဲ။ ဟိန္ဒူ အုပ်ချုပ်ရေးကနေ ဟိန္ဒူဘုရားကျောင်း (Temple) ဖြစ်သွားရတာပဲ မဟုတ်လား။

ခရစ်တို့  မိုဟာမက်တို့ လည်း ဘာထူးသလဲ? သူတို့  ဓမ္မတွေက တချိန်က တိုင်းသူ ပြည်သား တွေရဲ့ ဦးဆောင်ပန်းတွေပဲ။ သည်နေ့ တော့ အုပ်ချုပ်ရေးက ဖယ်ရှားပြီး ချာ့ခ်ျ (Church) နဲ့  ပလီ (Morque) ဆိုတဲ့ ပြတိုက်ထဲ ၀င်ကြရတာ မဟုတ်လား။

ဗုဒ္ဓဘုရားရဲ့ ဓမ္မလည်း သူမရှိတဲ့နောက် အနှစ် နှစ်ရာကျော်လောက်မှာ သူ့  ဓမ္မကို ဖျောက်ဖျက် ပြီး တခြားဓမ္မ တခုကို သူ့  ဓမ္မ အဖြစ် အသိအမှတ်ပြုတာ ခံရတယ်။ အဲသည် ဓမ္မလည်း တိုင်းသူ ပြည်သားတွေရဲ့ ဦးဆောင်ပန်းပဲ။ သည်နေ့ လို တိုးတက်လာတဲ့ လူတွေက သူ့  သဘောတရားတွေကိုလည်း ပြတိုက်မှာပဲ ထားကြတော့တာ ပါပဲ။ သည့်နောက်ပိုင်း ခေတ် တွေမှ ပေါ်လာတဲ့ ကွန်မြူနစ်၊ အိက္က်ဇစ် ဓမ္မတို့ တောင်မှ ပြတိုက်တွေထဲ ၀င်နေကြရပါပြီ။ တိုး လို့  တစ်လစ်လောက်ပဲ ကျန်ပါတော့တယ်။

လူဟာ လူ့  သဘာဝမဟုတ်တာတွေကို မစမ်းဝါးမိသေးခင်ဘဲ လက်ခံကြပြီး လူ့ အသိက လူ့  သဘာဝမဟုတ်တာ သိတဲ့အထိ မြင့်လာပြီ ဆိုရင် အဲသည် လူ့ ဘ၀ကို ပြတိုက်ထဲ ထည့်ထား ခဲ့တာပါပဲ။ ဦးဆောင်ပန်း နေရာက ဖြုတ်တော့တာပဲလို့  ဆိုလိုပါတယ်။

သည်နေ့  လူမှာ အဲသည် ဓမ္မတွေ အားလုံး လူ့ ဆီက ရုပ်သိမ်း နုတ်ပယ် ခံရချင် ခံရပါစေ၊ လူ့  အဆင့်ဟာ သည်ထက်အောက်ရောက်သွားအောင် ကျဆုံတာ မဖြစ်စေရဘူးလို့  ပြောရမှာပါ။ နုတ်ပယ်ခံရလို့  လူ့ အဆင့် လျော့ကျမသွားပေမယ့် အကျိုးယုတ်တာ မသိလို့  အနုတ်ပယ်ရ ခက်နေတာကတော့ ဆိုးဝါးနေပါတယ်။

ဘုရားသခင် လီဟုန်ကြည်ရဲ့ ဓမ္မဟာလည်း လူ့ သဘာဝထက် သာလွန်အောင် လုပ်ထားတဲ့ ဘ၀ပဲ ဖြစ်ပါမယ်။ ဒါကြောင့် လီဟုန်ကြည် ဆီကို ပျားပန်းခတ်မျှ လူတွေ ဆည်းကပ်လာနေကြ ပါတယ်။ အဲသည် လူတွေကို လီဟုန်ကြည်က ဘယ်ဆီ ခေါ်သွားမှာလဲ? အဲသည် လူတွေကို လီဟုန်ကြည်က ဘာတွေပေးမှာလဲ?

လီဟုန်ကြည်သာ အဲသည်သူတွေကို လူ့ သဘာဝရောက်အောင် ဘာမှ မပေးဘဲ လူ့ ဘ၀ ထူးထူးဆန်းဆန်းတွေကို မျှော်လင့်ချက်အဖြစ် ပေးမှာပါပဲ။ အဲသည် မျှော်လင့်ချက် အမြင်တွေ ကြောင့် အဲသည်သူတွေဟာ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဒါအတွက် အသက်ပေးရမယ် ဆိုတဲ့ လုပ်ငန်းတွေ လုပ်လာကြဖို့ ပဲ ရှိပါတယ်။

လီဟုန်ကြည်ဟာ လူတွေကို ပေးတဲ့ ခန္တီ၊ သစ္စာ၊ မေတ္တာတွေတော့ ဖြစ်ပါမယ်။ အဲသည် ခန္တီ၊ သစ္စာ၊ မေတ္တာတွေက အဲသည် ဓမ္မဆိုင်ရာ ခန္တီတွေ၊ သစ္စာတွေနဲ့  မေတ္တာတွေပဲ ဖြစ်ပါမယ်။

ဘုရားသခင် လီဟုန်ကြည်တို့ လို သူတွေက သူတို့ ဘ၀တွေ ချပြပြီး ဆက်ဆော့သွားကြလို့  သည်နေ့  လူလောကဟာ စိတ္တဇ နွံဗွက်က မတက်နိုင် ဖြစ်နေကြရတာ အထင်းသား မြင်သာပါ တယ်။ လူတွေမှာ အဲသည်ဝန်တွေ ထမ်းရလို့  ပန်းလှနွမ်းလှ ကြပါပြီ။ ရန်ပွဲတွေလည်း ဟိုနည်း နည်း သည်နည်းနည်းနဲ့  မစဲအောင်ပါပဲ။

ဒါကြောင့် လီင်္ဟန်ကြည်ရဲ့ ဓမ္မဟာ သစ္စဓမ္မမဟုတ်ဘဲ ဘ၀ဓမ္မသာ ဖြစ်လို့  လူတွေ အတွက် ပြောင်ပြောင်လက်လက်နဲ့  အရောင်ထွက်နေလို့  ကောင်းယောင်ပေါက်နေပေမယ့် လူ့  အတွက် ၀န်ထုပ် ၀န်ပိုးသာ ဖြစ်ပါတယ်။ နဂိုကမှ မလွတ်လပ်နေတဲ့ လူ့ အပေါ်မှာ ၀န်ထုပ်ကို ထပ်မတင်တော့ဘို့ ပဲ ပြောရမှာပါ။

ဒါ ဒုတိယအချက်အဖြစ် လေ့လာသိရချက်ပါ။
ပဌမတချက်က လီဟုန်ကြည်ရဲ့ ဓမ္မဟာ ဗုဒ္ဓဓမ္မလား? ဆိုတာ လေ့လာချက်ပါ။

ဗုဒ္ဓဓမ္မဟာ လူပေါ်တက်နေတဲ့ ဘ၀၀န်တွေကို လူပေါ်က ချပြီး လူကို ဘ၀၀န်တွေက လွတ် မြောက်ကြောင်း ဓမ္မ ဖြစ်ပါတယ်။ လီဟုန်ကြည် ဓမ္မဟာ ခန္တီ၊ သစ္စာ၊ မေတ္တာဆီ ရောက်ဖို့ ရာ လောက် ဖြစ်လို့  ဗုဒ္ဓဓမ္မနဲ့  ခြားနားတဲ့ ဓမ္မ ဖြစ်ကြောင်း လေ့လာပြခဲ့ပါတယ်။

ဘ၀ဟာ လူ့ အတွက် လူကိုသယ်ပိုးမယ့်ယာဉ် မဟုတ်ဘဲ လူကို ဖိစီးမယ့် ၀န်သာ ဖြစ်တာ ကြောင့် သည်လို ဓမ္မတခု ဖော်ထုတ်ပြီး လူတွေကို ၀န်မတတ်စေသင့်ကြောင်း လေ့လာခဲ့ပါ တယ်။

Website counter

Back to TOP