၂၁။ သုံးသပ်ချက် နိဂုံး

နိဂုံးချုပ်ရပါတော့မယ်။

သည်လေ့လာချက်မှာ လေ့လာရခြင်း အကြောင်းအဖြစ် လီဟုန်ကြည်ရဲ့ ဓမ္မ အ၀န်းအ၀ိုင်းကို တရုပ်အစိုးရက တရားဝင်ရပ်တည်ခွင့် မပေးခြင်းဟာ တရား၊ မတရား သိဖို့  ဖြစ်ပါတယ်။

တရုပ် အစိုးရဟာ ဘာ့ကြောင့် တရားဝင် ကိုးကွယ်ခွင့်ကို ခွင့်မပြုတာလဲ?
ဒါကို ဖြေကြည့်ဖို့  ကောင်းပါတယ်။ တရားဝင် ကိုးကွယ်ခွင့် မပေးတာမှာ အချက်နှစ်ချက်ထဲက တချက်ဖြစ်စရာ ရှိတယ်လို့  တွေ့ ရပါတယ်။

ပဌမတချက်က ... ...
ဖာလွန်ကောင်းဟာ လူသားကို ဘယ်လို အကျိုးမဖြစ်စေနိုင်ကြောင်း ရုပ်ဝါဒီများအနေနဲ့  အချက်ကျကျ ဖြစ်စေ အချက်မကျဘဲ ဖြစ်စေ မြင်ခွင့်ရှိပါတယ်။

အကျိုးမများရုံမျှမက လူများမှာ အကျိုးပင်နည်းကြဦးမှာကို မြင်ခွင့်ရှိပါတယ်။ တခြားဘာသာ တရားတွေလည်း ဘာထူးလို့ လဲ။ အဲဒါတွေတော့ ခွင့်ပြုပြီး ဒါကျမှ ဘာ့ကြောင့် ခွင့်မပြုချင်တာ လဲ? - မေးဖို့ ရှိပါတယ်။

တခြားဘာသာတွေလည်း ဖာလွန်ကောင်းလိုပဲ ဘာမှ မထူးတာ မှန်တယ်။ ဒါပေမယ့် တခြား ဘာသာတွေဟာ ကွန်မြူနစ် မပေါ်ခင်ကတည်းက လူထဲရောက်နေပြီးသားတွေပဲ။

သူတို့ မှာ အန်းတိတ်(Antipue) ဖြစ်တယ်ဆိုတဲ့ ဂုဏ် ရှိပြီးသားတွေ ဖြစ်တယ်။ အဲဒါကို တခြား ကမ္ဘာသူ ကမ္ဘာသားတွေလည်း ကိုးကွယ်နေကြတယ်။ ဒါကြောင့် တခြားဘာသာတွေကို ကိုးကွယ်ခွင့်ပြုတာ ဖြစ်တယ်။

ဖာလွန်ကောင်းဟာ တခြား ဘာသာတွေနဲ့  ဘာမှ မထူးပေမယ့် အန်းတိတ်ဂုဏ် မရှိဘူး။ အခြားလေးစားလောက်တဲ့ ကမ္ဘာသူ ကမ္ဘာသား ကိုးကွယ်ခံ မဟုတ်သေးဘူး။ သည်တော့ သည်လို ရုပ်အလေးထား နိုင်ငံတခုမှာ ပွင့်မယ့် ဘုရားတဆူအဖြစ် မဖြစ်စေချင်ဘူး။ ဒါကြောင့် ကိုးကွယ်ခွင့် မပြုတာဘဲ။

ဖာလွန်ကောင်းဟာ တခြား ဘာသာတွေထက် အဆင့်အတန်း အသိအမြင် အကျင့်အကြံမှာ ချွတ်ယွင်းလို့  ကိုးကွယ်ခွင့်မပြုတာ မဟုတ်နိုင်ရဘူးပဲ။ ဖာလွန်ကောင်းကို တရုပ်အစိုးရက ကိုးကွယ်ခွင့် မပြုတာရဲ့ ပဌမအချက်အဖြစ် သည်လိုပဲ သုံးသပ်ရပါမယ်။

ဒုတိယအချက်နဲ့  သုံးသပ်နိုင်ပြန်ပါတယ်။
ဒါကတော့ ဖာလွန်ကောင်းဟာ ဘာသာဆည်းကပ်သူ ဆယ်ကုဋေလောက် နေ့ ချင်း ညချင်း ဆိုသလို ရှိလာတဲ့ ဘာသာ ဖြစ်ပါတယ်။ တရုပ်ပြည်ကို အုပ်ချုပ်နေကြသူတွေဟာ ရှေးအခါက လူတော် လူကောင်း လူစွမ်း လူစရှိသူ ပေါ်တယ် ကြားရင် အုပ်ချုပ်သူဣန္ဒဟာ ပံသုကမ္ဗလာ တင်းတယ် ဆိုတာမျိုးလို ဖြစ်စရာ ရှိတာပဲ။ အဲသည် လူတော် လူကောင်းကို လူအများက ခေါင်းဆောင်နေရာများ ပေးကြမလား? ပေးရင် ငါ့နေရာပျောက်ရချည်ရဲ့ ဆိုတာမျိုးပေါ့။

သည်လို အတွေးဟာ ရှေးကျတယ်ပြောလို့  မရဘူး။ အခု ခေတ်မှာလည်း သည်စနစ်ဟာ ဟောင်းသွားသေးတာ မဟုတ်ဘူးပဲ။

တရုပ် လူထုထဲမှာ သူ့ လူတွေများနေရင် သူဖြစ်ချင်တာနဲ့  မဖြစ်ချင်တာတွေဟာ သူညွှန်ပြတဲ့ အတိုင်း ဖြစ်လာရမှာပဲ။

သည်တော့ ... ...
တရုပ်အစိုးရဟာ သူ့ နိုင်ငံသားတွေ တစုတစည်းတည်း ရှိနေဖို့  အတွက် တသွေး တသံ တမိန့် နဲ့ အုပ်ချုပ်လာရာက ဆန့် ကျင်ဘက်တွေကို ရင်ဆိုင်လာရမယ် ဖြစ်တယ်။ သူတို့ ရဲ့ အုပ်ချုပ်ရေး ယန္တရား မတည်မငြိမ် ဖြစ်လာမှာ ဖြစ်တယ်။ သည်တော့ သူတို့  နှစ်ခြောက်ဆယ် လောက် အသက်သွေးချွေး မြောက်မြားစွာပေးပြီး တည်ဆောက်လာရတဲ့ လူ့ အဖွဲ့ အစည်း မတည်မငြိမ် ဖရိုဖရဲ ဖြစ်မှာကို တားဆီးဖို့  ဖာလွန်ကောင်းကို တရားဝင် ကိုးကွယ်ခွင့် မပြုတာပဲ ဖြစ်တယ်။

တနည်းအားဖြင့် သူတို့ ကို ဆန့် ကျင်လာမယ့် အုပ်စုကို အင်အားမကြီးထွားမီ ကြိုတင် တားဆီးခြင်းပဲ ဖြစ်တယ်။

သည်နှစ်ချက်အရ အကျိုးလည်း မမြင်၊ သူ့ အုပ်ချုပ်ရေးလည်း အန္တရာယ်ဝင်တာကို သုံးသပ်မိ တာအရ ဖာလွန်ကောင်းကို တရုပ်အစိုးရက တရားဝင် အသိအမှတ်ပြု မပေးတာ ဖြစ်ရမှာပါပဲ။

သည်လို လုပ်တာ တရုပ်အစိုးရဟာ လွတ်လပ်စွာ ကိုးကွယ်မှု နှောက်ယှက်တယ် အပြောခံရ စရာရှိတာပဲ။ ဒီမိုကရေစိ စနစ်အရ လွတ်လပ်စွာ ကိုးကွယ်တာကို နှောက်ယှက်တယ် အပြောခံရစရာ ရှိပေမယ့် အကျိုးမြင်ပြီး ဘာမှမရှိလို့  နှောက်ယှက်တာ ဆိုရင်တော့ သင့်တာ ပါပဲ။

သည်လို မမြင်ဘဲ ကိုယ့်နှောက်ယှက်မှာစိုးပြီး ခွင့်မပြုတာ ဆိုရင်တော့ တရုပ်အစိုးရဟာ ရှယ်ဖွယ်ဖြစ်မှာပဲလို့  နိဂုံးချုပ် မှတ်ချက် ချလိုက်ပါတယ်။

ဉာဏ
ဓမ္မ၀ိဟာရီ
၅-၉-၂၀၀၅

Website counter

Back to TOP