ဓမ္မ၀ိဟာရီ နိဒါန်း၏ နိဒါန်း

“ဓမ္မ၀ိဟာရီ နိဒါန်း၏ နိဒါန်း”

ကမ္ဘာလောက ယနေ့ကာလ ရှိရှိသမျှ အဘိဓာန်ကျမ်း စွယ်စုံကျမ်းများ၏ စာမျက်နှာများ၌ မရှိသေးသော “ဓမ္မ၀ိဟာရီ” ဟူသည့် ပုဂ္ဂိုလ်များဖြစ်ပွား ပေါ်ထွန်းလျက်ရှိပေပြီ။ ထိုပုဂ္ဂိုလ်များသည် သူတို့ကိုယ်သူတို့ ပုဂ္ဂလ၀ိသေသများ မဟုတ်ကြ။ သူတို့သည် သာမည သဘောဓမ္မကို ဆောင်သူ သာမညများ ဖြစ်သည်ဟု အသိပေးသူများ ဖြစ်ကြသည်။

ဤအကြောင်းကို……
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဦးဆောင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးနှင့် နိုင်ငံတော် သမ္မတကြီး၊ ပြည်ထဲရေးဌာန တာဝန်ခံကြီး၊ တိုင်းနှင့်ပြည်နယ် ကောင်စီဥက္ကဌများ၊ ညမြို့နယ်ကောင်စီများနှင့် အခြားသက်ဆိုင်သူများထံသို့ ၁၉၈၃ ခု စက်တင်ဘာလ( )ရက် နေ့စွဲဖြင့် ဓမ္မ၀ိဟာရီတို့ ကြေငြာစာတမ်းအရ သိနိုင်ကြသည်။ ဤကြေငြာစာတမ်းသည် အောက်ပါအတိုင်းဖြစ်သည်။

ဓမ္မ၀ိဟာရီ
ရှင်ဉာဏ၊ ရှင်ဂုဏ တို့၏
ဓမ္မ၀ိဟာရီ ကြေငြာစာတမ်း

ကျွနု်တို့သည် ၁၃၄၄ ခု၊ ပြာသိုလဆုတ်( ၁၃ )ရက် ( ၁၀-၂-၈၃ ) ည( ၁၀:၃၀ ) နာရီ အချိန်၌ ဓမ္မ၀ိဟာရီအဖြစ် ရောက်ခဲ့ကြပါသည်။ ကျွန်ုပ်တို့နှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ ဓမ္မဓိဋ္ဌာန်ကျကျ သိမြင်နိုင်ကြရန် ဤကြေငြာစာတမ်းကို ထုတ်ပြန်ရခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ပြီးခဲ့သောအချိန်များက ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းကြီးဘ၀၌ မထေရ်နှင့် မဟာထေရ်များအဖြစ် ရောက်အောင်နေထိုင်ခဲ့ကြပြီး ပရိယတ်ပဋိပတ် နှံ့စပ်ကြိုးကုတ် အားထုတ်ခဲ့ကြသဖြင့် အရိယာအဖြစ် ကောင်းစွာ ရောက်ရှိခဲ့ကြပြီးသူများ ဖြစ်ကြသည်။ ထိုအချိန်က ကျွန်ုပ်တို့သည် ဉာဏ်မျက်စိများ၌ ထေရ၀ါဒ ဗုဒ္ဓဘာသာအတွင်းဝယ် တရားတော်ယောင်ဆောင်ပြီး တရားတော်ကို ဖျက်စီးနေကြသော တရားမဟုတ်သော တရားများ မင်းမူနေကြသည်ကို ပြက်ပြက်ထင်ထင် သိမြင်နေကြရပါသည်။
ထိုသို့ဖြစ်သော်လည်း ထိုအချိန်က ကျွန်ုပ်တို့သည် သံဃာ့ဘောင်၌ ၀ိနိစ္ဆိယများ မရှိပဲ ဖရိုဖရဲ ပြိုကွဲပျက်စီးနေသဖြင့် သံဃာကို မည်သို့မျှ မပြုပြင်နိုင်ပဲ ပုဂ္ဂလလုပ်ငန်းဖြင့် အချိန်ကြာမြင့်စွာ စခန်းသွားနေခဲ့ရပါသည်။ မြန်မာ့ဆိုရှယ်လစ်သမ္မတအစိုးရ တက်ပြီးချိန်၌ ကျွန်ုပ်တို့သည် မြန်မာ့သံဃာများ သက်ဝင်လှုပ်လာဖြင့် ပြုပြင်ရေးလုပ်ငန်းများ အစပြုလာကြပါသည်။

နိုင်ငံတော် သံဃာ့မဟာနာယကသို့ ရှေ့၊ နောက်ဘ၀ ရှိ၊ မရှိ အယူ ဘ၀အမြင်များနှင့် ရုပ်၊ နာမ်လောက မြဲ၊ မမြဲ အယူ လောကအမြင်မှား၊ ဤအမြင်မှားနှစ်ပါး ဖယ်ရှားပေးရန် လျှောက်ထားတောင်းဆိုခဲ့ကြခြင်း ဖြစ်ပါသည်။ ဤသို့ လျှောက်ထားတောင်းဆိုခြင်သည် အရိယာများအဖြစ်ဖြင့် လျှောက်ထားတောင်းဆိုခြင်းဖြစ်ကြောင်း အလေးအနက် သက်သေပြ လျှောက်ထား တောင်းဆိုခဲ့ကြခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် နိုင်ငံတော် သံဃာ့မဟာနာယက ဖွဲ့စည်းပေးသော ၀ိနစ္ဆိယက “တရားရပြီ” ဟု ပြောသည်မှာ လိမ်ညာခြင်းသာဖြစ်ကြောင်း ၀ိနစ္ဆိယအပြုခံရပြီး ရဟန်းအဖြစ်မှ ပထုတ်ခံခဲ့ကြရပါသည်။ ကျွန်ုပ်တို့ကလည်း ကျွန်ုပ်တို့အား စွပ်စွဲသော ထေရ၀ါဒ သံဃာသည် အရိယူပ၀ါဒကံ ထိုက်ပြီဖြစ်၍ ကံထိုက်သူများကို စွန့်ပစ်ရမည်ဟု ဆုံးဖြတ်ကြပြီး ထေရ၀ါဒသံဃာကို စွန့်ပစ်ခဲ့ကြပါသည်။

ကျွန်ုပ်တို့သည် ဤသို့ ထေရ၀ါဒကို စွန့်ပစ်ကြသော်လည်း လူ့ဘောင်၊ လူ့ဘ၀သို့ လူ့အသွင်သဏ္ဍာန်၊ လူ့ပုံဟန်များဖြင့် နေထိုင်ရန် မဖြစ်နိုင်တော့သူများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့ ရရှိပြီးသော တရားဓမ္မများသည် ကျွန်ုပ်တို့ကို လူလိုဝတ်၊ လူလိုနေ၊ လူလိုစား၊ လူလိုသွားပြီး၊ လူလိုပြောဆိုလုပ်ရန် အခွင့်မရရှိကြပါသည်။

ထို့ကြောင့် လောကီလူမှုဘ၀များနှင့် အသီးအခြားဖြစ်သော ကျွန်ုပ်တို့တရားဓမ္မက ခွင့်ပြုသည့် ၀တ်စားနေထိုင် လုပ်ကိုင်ပြောဆိုမှုရှိသူ ဓမ္မ၀ိဟာရီများအဖြစ် ရပ်တည်နေထိုင်ခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် ရပ်တည်နေထိုင်မှုကို တာဝန်ရှိသူများ ဓမ္မဓိဋ္ဌာန်ကျကျ သိမြင်ကြစေရန် ဖော်ပြကြေငြာရပါသည်။

ဓမ္မ၀ိဟာရီ အဓိပ္ပါယ် ။ ။ ကျွန်ုပ်တို့သည် တရားဓမ္မဖြင့်သာ နေထိုင်ကြသူများ ဖြစ်သောကြောင့် ဓမ္မ၀ိဟာရီ အမည်ရစေခြင်း ဖြစ်ပါသည်။

ဓမ္မ၀ိဟာရီ သိက္ခာ ။ ။ ဓမ္မ၀ိဟာရီတို့သည် မိန်းမနှင့်စပ်သော သိက္ခာ(၁၁)၊ ရွှေငွေနှင့် စပ်သော သိက္ခာ(၂)၊ ရောင်းဝယ်မှုနှင့်စပ်သော သိက္ခာ(၂)၊ စားခွက်နှင့်စပ်သော သိက္ခာ(၂)၊ အစားအသောက်နှင့်စပ်သော သိက္ခာ(၄၄)၊ အ၀တ်နှင့်စပ်သော သိက္ခာ(၂၁)၊ နေစရာနှင့်စပ်သော သိက္ခာ(၅)၊ ဆေးဝါးနှင့်စပ်သော သိက္ခာ(၂)၊ တရားဟောနှင့်စပ်သော သိက္ခာ(၁၆)နှင့် ကြွင်းသော သိက္ခာ(၁၀၀)ကျော် ကျင့်သုံးကြပါသည်။

သိက္ခာ ပိုင်ဆိုင်မှု ။ ။ ဓမ္မ၀ိဟာရီတို့သည် ဤသိက္ခာများကို ပိုင်ဆိုင်ကြပါသည်။

ဓမ္မ၀ိဟာရီတို့ သဘော ။ ။ ဓမ္မ၀ိဟာရီတို့သည် လူတိုင်း သိမြင်ရရှိနိုင်သော သာမည သဘောဓမ္မကို ဆောင်ယူကြသည်။

ဓမ္မ၀ိဟာရီတို့ ဦးတည်ချက် ။ ။ အကျင့်သိက္ခာကောင်းပြီး လူ့လောကကြီး ငြိမ်းချမ်းရန် ဖြစ်သည်။

ဓမ္မ၀ိဟာရီတို့ တားမြစ်ချက် ။ ။ ဓမ္မ၀ိဟာရီတို့သည် ရပ်ရွာမြို့ပြ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး အားလုံးတို့တွင် တရားဓမ္မနှင့် မဆိုင်ပဲ ပြုလုပ်စရာများ၌ ပါဝင်ပတ်သက်ခြင်း မပြု။

ဓမ္မ၀ိဟာရီတို့ နေရာ ။ ။ ဓမ္မ၀ိဟာရီတို့သည် သစ်ပင်၊ တောင်ခေါင်း၊ ကျောင်း၊ ဇရပ် သင့်ရာ အဆောက်အဦး၌ နေခွင့်ရှိသည်။

ဓမ္မ၀ိဟာရီတို့ အလုပ် ။ ။ ဓမ္မ၀ိဟာရီတို့သည် တရားဓမ္မလုပ်ငန်းသာ အလုပ်ဖြစ်သည်။

ဓမ္မ၀ိဟာရီတို့ အ၀တ် ။ ။ ဓမ္မ၀ိဟာရီတို့သည် ဘောင်းဘီအပြာ၊ အပေါ်ဝတ်အပြာ၊ ၀တ်ရုံအပြာနှင့် ၀တ်လဲပြာများကို ၀တ်ရုံသုံးစွဲကြသည်။

ဓမ္မ၀ိဟာရီတို့ အစား ။ ။ ဓမ္မ၀ိဟာရီတို့သည် မိမိကို လှူဒါန်းမည့်သများထံ အလှူခံ စားသောက်ကြသည်။

ဓမ္မ၀ိဟာရီတို့ အသွား ။ ။ ဓမ္မ၀ိဟာရီတို့သည် မိုးတွင်း၌ ခရီးရှည်မသွားပဲ ရှိကြသည်။

ဓမ္မ၀ိဟာရီတို့ စင်ကြယ်မှုဖော်ပြချက် ။ ။ ဓမ္မ၀ိဟာရီတို့သည် တစ်လ( ၂ )ကြိမ် အချင်းချင်း စင်ကြယ်မှုကို ဖော်ပြကြသည်။

ဓမ္မ၀ိဟာရီတို့ စင်ကြယ်အောင် လုပ်ဆောင်ချက် ။ ။ ဓမ္မ၀ိဟာရီတို့သည် ပျက်ယွင်းသော သိက္ခာရှိလျှင် ၀န်ချပြင်ဆင်ကြသည်။

ဓမ္မ၀ိဟာရီတို့ မကိုးကားရသော စကား ။ ။ ဓမ္မ၀ိဟာရီတို့သည် မည်သည့် ဘာသာတရား၏ ဟောပြောချက်နှင့် ကျမ်းထွက်ကိုမျှ ကိုးကား မပြောဆိုကြပါ။

ဓမ္မ၀ိဟာရီတို့ မပုတ်ခတ်ရသော စကား ။ ။ ဓမ္မ၀ိဟာရီတို့သည် မည်သည့်ဘာသာတရား၏ ဟောပြောချက်နှင့် ကျမ်းထွက်ကိုမျှ မပုတ်ခတ်ရပါ။

ဓမ္မ၀ိဟာရီတို့ အချင်းချင်း သဘောထား ။ ။ ဓမ္မ၀ိဟာရီတို့သည် အခြားဓမ္မ၀ိဟာရီတို့၏ သုခ၊ ဒုက္ခကို အမျှယူကြပါသည်။

ဓမ္မ၀ိဟာရီတို့ စကားမပြောရမည့် နေရာ ။ ။ ဓမ္မ၀ိဟာရီတို့သည် မတရား လွှမ်းမိုး နှိပ်စက်ခံရလျှင် မတရား လွှမ်းမိုး နှိပ်စက်ခံရချိန်၌ စကား လုံးဝမပြောပဲ ရှိကြသည်။

ဓမ္မ၀ိဟာရီတို့ မနေရမည့် နေရာ ။ ။ ဓမ္မ၀ိဟာရီတို့သည် ဥပဒေက လွတ်လပ်ခွင့်မပေးသည့် မြို့၊ ရွာ၊ နိုင်ငံတို့၌ မနေပဲ ရှိကြပါသည်။

ဓမ္မ၀ိဟာရီတို့ အသက်ရှင်အောင် အားထုတ်မှု(အာယုသင်္ခါရ)မပြုရမည့် နေရာ ။ ။ ဓမ္မ၀ိဟာရီတို့သည် မတရား ဖမ်းဆီးချုပ်နှောင်ခံရလျှင် ဤမတရား အဖမ်းဆီး အချုပ်နှောင်တို့၌ အသက်ရှင်အောင် အားထုတ်မှု(အာယုသင်္ခါရ) အစားအသောက်များ စားသောက်ခြင်း မပြုပဲရှိကြရပါသည်။

ဤကြေငြာချက်သည် ဓမ္မ၀ိဟာရီကြေငြာချက် ဖြစ်ပါသည်။ ဓမ္မ၀ိဟာရီတို့သည် ဤကြေငြာချက်အောက်တွင် လက်မှတ်ရေးထိုး၍ အလေးအနက် ထုတ်ပြန်အပ်ပါသည်။

ဤကြေငြာချက်သည် ဓမ္မ၀ိဟာရီများကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ ပေါ်လွင်စေခဲ့ပါသည်။ ဤဖေါ်ပြချက်အရ ဓမ္မ၀ိဟာရီတို့က သူတို့ကိုယ်သူတို့ သာမညဖြစ်သော သဘောမျှကို ဆောင်သူ သာမညများမျှ ဖြစ်ကြောင်း ပြောဆိုကြသော်လည်း၊ ယနေ့လောကရှိ လူတို့အမြင်၌ သာမည၏ ပြောင်းပြန် ဆန့်ကျင်ဘက် အဓိက ပုဂ္ဂိုလ် ( သို့မဟုတ် ) ၀ိသေသ ပုဂ္ဂိုလ်အဖြစ် မြင်ကြရဖွယ် ရှိသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့လောက၌ သာမညသဘောကို ဆောင်သူ သာမညပုဂ္ဂိုလ်တို့၏ အတွေးအခေါ် အသိအမြင်သည် အမှန်တကယ်ရှိနေသည်နှင့် တထပ်တည်းကျကြသည်။ ထို့ပြင် အပြောအဆိုသည်လည်း အတွေးအခေါ် အသိအမြင်နှင့် တထပ်တည်းကျကြသည်။ အပြုအမူ အနေအထိုင်သည်လည်း အပြောအဆိုနှင့် တထပ်တည်းကျကြသည်။ ဤသို့ဖြစ်မှသာ ကမ္ဘာလောကရှိ အမှန်အကန် ဖြစ်ကြသူအားလုံးနှင့် တထပ်တည်းရှိသူ သာမညအဖြစ် ရောက်နိုင်သောကြောင့် ဖြစ်သည်။

သာမညသည် အရှိကို အရှိအတိုင်းသာ သိသူ၊ အရှိထက် အပို၊ အလွန်တို့အား မသိနိုင်သူ၊ အရှိအတိုင်သာ ပြောသူ၊ ပြုလုပ်သူ၊ အရှိထက်လွန်အောင်၎င်း၊ ပိုအောင်၎င်း၊ မပြောနိုင်၊ မပြုနိုင်သောသူ၊ ပုဂ္ဂိုလ် ဧကန်ဖြစ်သည်။

သာမန်မျှဖြစ်၍ သာမညဖြစ်သော်လည်း ယနေ့လောကရှိသူများသည် ဤသို့မျှ သာမန်ဖြစ်ရန်ကိုပင် မလွယ်၊ မတတ်နိုင်အောင် ရှိပေသည်။ ထို့ကြောင့်ပ်င ဓမ္မ၀ိဟာရီတို့သည် သာမညဖြစ်သော်လည်း လူတို့အမြင်၌ အတုမရှိ၊ အတုမရှိ ပြိုင်ဘက်ကင်းအောင် အဓိကသဘော ၀ိသေသသဘော ဆောင်သူများ ဖြစ်နေကြရသည်။

ယနေ့လောကရှိ လူများတို့၏ အပြုအမူ၊ အပြောအဆို၊ အကြံအစည်များသည် အမှန်တကယ်ရှိသည်နှင့် ကင်းလွတ်လျက် ရှိနေကြသည်။ဓမ္မ၀ိဟာရီတို့သည် ထိုသို့သော သူများနှင့် မတူ ကွဲပြားခြားနားမှု ၀ိသေသရှိနေပါသည်။ ထို့ကြောင့် ဓမ္မ၀ိဟာရီတို့သည် ထိုသို့သောသူတိုနှင့် မတူသောသူများနှင့်သာ တူသည့်သူများ ဖြစ်ကြပါသည်။

ထိုကြောင့် ဓမ္မ၀ိဟာရီတို့သည် အမှန်တရား၏ အဓိက ဗဟိုမဏ္ဍိုင်ဖြစ်ပါသည်။ ဤသို့ဖြစ်သောကြောင့် အကျိုးများရေး၊ အစီးအပွားဖြစ်ရေး၊ ငြိမ်းချမ်းရေးကို တည်ဆောက်နေကြသော အများပြည်သူတို့သည် ဓမ္မ၀ိဟာရီများကို သိရှိအပ်ပေသည်။ လေ့လာအပ်ပေသည်။ ဦးညွှတ်အပ်ပေသည်။

ဤအမှုများ ပြုနိုင်စေရန် ဓမ္မ၀ိဟာရီတို့၏ အတိတ်သမိုင်းရေးရာသည် အရေးပါလှပါသည်။ အတိတ်မှကင်းကွ၍ သိရှိအပ်သော ပစ္စုပ္ပန်ဖြစ်ရပ်သည် အကယ်မရှိနိုင်သော အကြောင်းဖြစ်သည်။ ဓမ္မ၀ိဟာရီများကို အပြည့်အစုံ သိမြင်နိုင်ရန် ဓမ္မ၀ိဟာရီတို့၏ အတိတ်ဖြစ်ရပ် သမိုင်းသည် မပါလျှင်မပြီးသော အရာဖြစ်သည်။ ဓမ္မ၀ိဟာရီတို့၏ အတိတ်သမိုင်းသည် ဓမ္မ၀ိဟာရီတို့၏ အကြောင်းရင်း ဇစ်မြစ်ပင် ဖြစ်သည်။ ဤအရာကိုပင် ဓမ္မ၀ိဟာရီ နိဒါန်းဟူ၍ ဥဒါန်းပြုအပ်ပါသတည်း။

Website counter

Back to TOP