သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ စာတမ်း။

“ရှင်ဥာဏ၊ ရှင်ဂုဏ မထေရ်တို့၏ သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ”

ဆက်ကပ်ရန်
ဥက္ကဋ္ဌ
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဌာနချုပ်၊
ဇမ္ဗူဒီပကျောင်းဆောင်၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့။

နေ့စွဲ၊

အကြောင်းအရာ။ ။ သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာပါ ဘုရား။


မြန်မာနိုင်ငံ သံဃာ့အဖွဲ့အစည်း ၀ိနည်းဓမ္မကံ မှုခင်းဆုံးဖြတ်ရေးလုပ်ထုံး အပိုဒ်( ၆၀ ) အရ သာသနာတော်၏ ဓမ္မကံအညစ်အကြေးများကို ဖယ်ရှားသုတ်သင်ပေးရန် လျှောက်ထားတောင်းဆိုအပ်ပါသည် ဘုရား။
ဤသာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ မိတ္တူများကို တပည့်တော်တို့ နေရာ ရက်ကွပ်/ကျေးရွာအုပ်စု သံဃာ့မဟာနာယကအဖွဲ့၊ မြို့နယ် သံဃာ့မဟာနာယကအဖွဲ့၊ တိုင်းသံဃာ့မဟာနာယကအဖွဲ့၊ ပြည်ပမှ လက်လှမ်းမှီသမျှ ထေရ၀ါဒ သံဃာ့အဖွဲ့အစည်းများနှင့် နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်းများသို့ ပေးပို့ပါသည် ဘုရား။
တပည့်တော်တို့ သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာကို မလျှောက်ထားမှီ နိဒါန်းအဖြစ် လျှောက်ထားရခြင်း၏ အကြောင်းနှင့် လျှောက်ထားသူ တပည့်တော်တို့၏ ဘ၀ကို ရှေးဦးစွာ တင်လျှောက်ပရစေ ဘုရား။
သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ လျှောက်ထားရခြင်း၏အကြောင်းမှာ ယနေ့ဗုဒ္ဓဘာသာဝင်များ အကျင့်အကြံပျက်ပျား၊ အသိဉာဏ်ခေါင်းပါး နေသည်ကို ဖယ်ရှားနိုင်ရန်ဖြစ်ပါသည်။ ဤစကားကို ပေါ်လွင်ရန် ချဲ့ထွင်ပါမည် ဘုရား။ တပည့်တော်တို့ ယနေ့ဗုဒ္ဓဘာသာဝင်များသည် အကျင့်အကြံလည်းပျက်ပြားနေကြပါသည်။ အသိဉာဏ်လည်း ခေါင်းပါးနေကြပါသည်။
တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် ခိုးစရာ၊ ဆိုးစရာ၊ လိမ်လည်ပြောဆိုစရာ အစရှိသော အကျင့်အကြံပျက်ပြားစရာကြုံလျှင် ငါတို့ ဗုဒ္ဓဘာသာပဲ ဟူ၍ မရှောင်မရှားပဲ ပျက်ပြားနေကြပြီဖြစ်ပါသည်။ ဤလျှောက်ထားချက်၏ အထောက်အထားအဖြစ် ထောင်များ တန်းများ အချုပ်ခန်းများ၌ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များ၏ ပမာဏကိုကြည့်လျှင် သိသာပေါ်လွင်မည် ဖြစ်ပါသည်။
တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် အခြားသော မိစ္ဆာဒိဋ္ဌိဘာသာများအောက် ရာခိုင်နှုန်း မလျော့အောင် မကောင်းမှု ဒုစရိုက်များဖြင့် ပျက်ပြားကျင့်ကြံနေကြပါသည်။ ကောင်းကျိုး၊ မကောင်းကျိုး၏ ထုထည်ပမာဏကို ကောင်းမှု၊ မကောင်းမှု၏ ထုထည်ပမာဏဖြင့် ဆုံးဖြတ်ရမည်ဖြစ်၍ ဗုဒ္ဓဘာသာဝင်တို့၏ အနာဂါတ် ကောင်းကျိုး၊ မကောင်းကျိုးကို သူတို့၏ ကောင်းမှု၊ မကောင်းမှုဖြင့် မျက်ဝါးထင်ထင်ကဲ့သို့ တွေ့မြင်ခွင့်ရှိပါသည်။ တပည့်တော်တို့၏ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာဝင် ဖြစ်ကြသော်လည်း မိစ္ဆာဒိဋ္ဌိ ဘာသာဝင်များနှင့်မခြား အကျိုးမများသူများသာ ဖြစ်ကြပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအတွက် ဗုဒ္ဓဘာသာကို ကိုးကွယ်ရခြင်းသည် အဟောသိကံ ကဲ့သို့ ဖြစ်နေပါသည်။
ဤနေရာ၌ ရှင်းလင်းရန် လျှောက်ထားလိုပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် အခြား မိစ္ဆာဒိဋ္ဌိဘာသာဝင်များထက် မြတ်သည်ဟု ထင်တတ်ကြမြဲဖြစ်ပါသည်။ ဘယ်သို့မြတ်သနည်းဟု မေးလျှင် အခြားဘာသာဝင်များ၌ ဘုရား၊ တရား၊ သံဃာ မရှိ မိမိ တို့မှာသာ ရှိသည်ဟု ဖြေတတ်ကြပါသည်။
ဤသို့ဖြေသော်လည်း ဗုဒ္ဓဘာသာဝင်များသည် အခြား ဘာသာများ၌ ဘုရား၊ တရား၊ သံဃာ မရှိသည်ကို အကယ်သိသည် မဟုတ်ကြပါ။ ထို့ပြင်လည်း မိမိတို့၌ ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးကို ဆည်းကပ်ရခြင်း အကြောင်းသည် သီလ၊ သမာဓိ၊ ပညာ ၀င်ပြီး သန့်စင်သော အမှုများ ဖြစ်ပွားရန် ဖြစ်၍ မဖြစ်ပွားလျှင် ဘုရား၊ တရား၊ သံဃာသည် မိမိအတွက် အကျိုးသက်ရောက်မည် မဟုတ်သောကြောင့် အခြားဘာသာဝင်များနှင့် ထူးခြားမှု မရှိ ဖြစ်ပါမည်။
တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် နောက်တစ်နည်းအားဖြင့်လည်း မိမိတို့ကသာ မြတ်ကြောင်း ထင်မြင်တတ်ကြပါသေးသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာမှာသာ စိတ် သဘာဝ၊ စေတသိတ် သဘာဝနှင့် ရုပ်၊ နာမ် သဘာဝများ စေ့ငကုံလုံ ရှိသည်၊ ဘယ်စိတ်၌ စေတသိတ် ဘယ်လောက်ယှဉ်သည်၊ ဘယ်ရုပ်များသည် ဘယ်စိတ်ကြောင့် ဖြစ်သည်၊ မြင်စိတ် ကြားစိတ်ကလေးများ ဖြစ်သောအခါ ပထမဘ၀င် လှုပ်သည်၊ နောက် ဆင်ခြင်သည်၊ နောက် မြင်စိတ်ဖြစ်သည်၊ နောက် ခံလင့်သည်၊ စုံစမ်းသည်၊ ဆုံးဖြတ်သည်၊ အစစ သေးစိတ်တရားများ သိရသည်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ဖြစ်ရသည်မှာ မြတ်သည် ဟူ၍ ဖြစ်ကြပါသည်။
ဤသို့ သိရခြင်းကြောင့် မြတ်သည် ဆိုရာ၌ သိရခြင်းသည်ပင် အမြတ်လော၊ သိရခြင်းကြောင့် ဖြစ်သော အခြားအမြတ်များ ရှိသေးသလော စိစစ်ရပါမည်။ သိရခြင်းသည်ပင် အမြတ်ဆိုလျှင် ပရမတ်များကို သိသော ပရမတ်ဆရာများနှင့် အဘိဓမ္မာစာပေ ပညာရှင်များသည် မြင့်မြတ်သူများ ဖြစ်ရာပါမည်။ အကယ်၍ ဤသူများသည် လောက၌ ထူးချွန်ထက်မြတ်သော လူမြတ်များ မဖြစ်ကြသည်မှာ အထင်အရှားဖြစ်သည်။ ပရတ်မတ်သမား လူ့ကပ်ဖဲ့များကို လူတိုင်းတွေ့နိုင်ကြပါသည်။ ထို့ကြောင့် သိရခြင်းသည်ပင် မြတ်သည်ဆိုသော စကား မမှန်ပါ။
သိရခြင်းကြောင့် အခြားအမြတ်လည်း အကယ်မရှိပါ။ ရုပ်၊ နာမ် ဓမ္မသိလျှင် ကျင့်သည်။ ကျင့်လျှင် မြတ်သည်။ ဤသို့တွက်၍မဖြစ်ပါ။ လောက၌ သိသူတိုင်း မကျင့်ကြပါ။ ကျင့်သူတိုင်းလည်း ရုပ်၊ နာမ် ဓမ္မ သိကြသည်မဟုတ်ပါ။ ထို့ကြောင့်အကျင့်နှင့် ရုပ်၊ နာမ် ဓမ္မအသိသည် မစပ်ဆိုင်ပါ။ ထို့ကြောင့် သိခြင်းအတွက် အခြားအမြတ်လည်း မရှိပါ။
ထို့ကြောင့် တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် မိစ္ဆာဒိဋ္ဌိဘာသာဝင်များထက် ရုပ်သဘာဝ၊ နာမ်သဘာဝ ပရမတ္ထများကို သိရခြင်းကြောင့် မြတ်သည်ဟု မဆိုသာပါ။ အကျင့်အကြံ မကောင်းလျှင် ဘာသိသိ ယုတ်မာသည်ပင်ဆိုရမည် ဖြစ်ပါသည်။
တနည်းအားဖြင့်လည်း တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် အခြား မိစ္ဆာဒိဋ္ဌိ ဘာသာဝင်များနှင့် မကျင့်မကြံကြခြင်း ဟူစေကာမူ အခြားဘာသာဝင်များ၌ မဂ်သံ၊ ဖိုလ်သံ၊ နိဗ္ဗာန်သံ ကြားရ၍ မြတ်သည် ဆိုချင်ကြပါသည်။ ဤသို့ပင် ကမ္ဘာလှည့်ဆရာတစ်ပါး တိုင်းတပါးမှာ ပြောကြားခဲ့ကြောင်း ဖတ်မှတ်ခဲ့ရပါသည်။ ဟိုက ပြောလိုက်သည်မှာ အခြားဘာသာများ၌ သူ့မဂ်၊ ဖိုလ်နှင့်သူ ရှိတော့ ဘယ်လိုလုပ်မလဲ ဟူ၍ဖြစ်သည်။ အဲ့ဒါတော့ မသိဘူးဟူ၍ပင် ဖြေခဲ့ရသည့်အခြေ ဆိုက်ခဲ့ပါသည်။
ဘယ်လောက်ပင် မဂ်သံ၊ ဖိုလ်သံကြားကြား မိမိတို့ကြားသော မဂ်၊ ဖိုလ်ကို မရလျှင်ကား မကြားသူနှင့် ခြားရန် အကြောင်းနည်းလှပါသည်။ မိမိတို့ကြားနာမှတ်သားရသော မဂ်တရား၊ ဖိုလ်တရားများ ပွားများကျင့်ကြံကြမှ မိစ္ဆာဒိဋ္ဌိ ဘာသာဝင်များနှင့် ခြားနားအောင် မြင့်မြတ်ကြမည် ဖြစ်ပါသည်။
မဂ်တရား၊ ဖိုလ်တရား ပွားများသူသည် အကျင့်အကြံ မှောက်မှားပျက်ပြားမှုကို ရှေးဦးစွာပင် ရှောင်ရှားရပါမည်။ မဂ်သံ၊ ဖိုလ်သံပင် ကြားစေကာမူ အကျင့်အကြံ မှောက်မှားပျက်ပြားနေလျှင် မဂ်သံ၊ ဖိုလ်သံမကြားသော မိစ္ဆာဒိဋ္ဌိဘာသာဝင်များနှင့် အခြားမရှိ ဖြစ်ပါမည်။ ဤသို့ဖြစ်လျှင် တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် မိစ္ဆာဒိဋ္ဌိဘာသာဝင်များထက် အမြတ်များ အခြားမရှိသောကြောင့် ဗုဒ္ဓဘာသာကို ကိုးကွယ်ရသည်မှာ အဟောသိကံကဲ့သို့ ဖြစ်ပါသည်။
တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကောင်းကျိုး၊ မကောင်းကျိုး ထုထည်ပမာဏကို မိစ္ဆာဒိဋ္ဌိဘာသာဝင်များ၏ ကောင်းကျိုး၊ မကောင်းကျိုး ထုထည်ပမာဏကဲ့သို့ ကောင်းမှု၊ မကောင်းမှုဖြင့် တိုင်းထွာရန်မှတပါး အခြားမရှိနိုင်ပါ။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကောင်းမှုပမာဏသည် မိစ္ဆာဒိဋ္ဌိဘာသာဝင်များ၏ ကောင်းမှုပမာဏထက် မသာလွန်လျှင် တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် မိစ္ဆာဒိဋ္ဌိဘာသာဝင်များထက် မသာလွန်သူများသာဖြစ်ပါသည်။
တပည့်တော်တို့ ဗုဒ္ဓဘာသာတရားတော်၏ အနှစ်သာရသည် လူများအကျင့်အကြံ ကောင်းမွန်ရေး လမ်းညွှန်ချက်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာတရားတော်သည် ဗုဒ္ဓဘာသာဝင်များ၏ အကျင့်အကြံ( စာရိတ္တ )ကို တာဝန်ခံသောတရားတော် ဖြစ်ပါသည်။ ထိုသို့ဖြစ်သော်လည်း ယနေ့ဗုဒ္ဓဘာသာဝင်များသည် ကိုယ်ကျင့်တရာအသိ( စာရိတ္တပညာ )ကို သီးခြားရှာနေရသည် အဆင့်အထိတိုင် ရောက်ခဲ့ပြီကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြီ ဖြစ်ပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် ဤမျှအထိ ပျက်ပြားနေကြပြီ ဖြစ်ပါသည်။
ဆက်လက်၍ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များ အသိဉာဏ် ခေါင်းပါးနေကြပုံကို လျှောက်ထားရပါမည် ဘုရား။

ဗုဒ္ဓဘာသာဝင်သည် အနည်းဆုံး ကမ္မသကတာဉာဏ်ဟု ဆိုအပ်သော ကံနှင့် ကံကျိုး ဆက်သွယ်မှု၌ အသိဉာဏ်ရှိရမည့်သူ ဖြစ်ပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် ဤအသိဉာဏ်မျှ မရှိသူများ ဖြစ်နေကြပါသည်။ ကံကိုပင် ကောင်းစွာမသိ ဖြစ်နေကြပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များ ပြောရိုးစကားပင် ရှိပါသည်။ ကံထမ်းလာသည်ကို မမြင်ရ၊ လှံထမ်းလာသည်ကိုသာ မြင်ရသည်ဟူ၍ ဖြစ်ပါသည်။

ထို့ပြင်လည်း ဗုဒ္ဓဘာသာဝင်များသည် ကမ္မ၀ိသယော အစိန္တေယျောဟု ဆိုပြီး ကံအရာ မကြံရဟူလည်း ဆုံးမခဲ့ကြသည်။ ကံကို အရိယာများမှ သိနိုင်သည်ဟုလည်း ဆိုခဲ့ကြပါသည်။ ဤသို့ပင် ကံမှုမသိလျှင် ကံနှင့် ကံ၏ အကျိုး ဆက်သွယ်မှု၌သာ ဖြစ်သော ကမ္မသကတာဉာဏ် ဘယ်သို့မျှ ဖြစ်ရန်အကြောင်းမရှိပါ။

ဗုဒ္ဓဘာသာဝင်လောက၌ ဤအသိဉာဏ်သည် အောက်ထစ်ဆုံးဉာဏ် ဖြစ်ပါသည်။ ဤဉာဏ်မျှ မထင်လျှင် ဗုဒ္ဓဘာသာဝင်ဖြစ်ရန်ပင် အာနည်းလှမည် ဖြစ်ပါသည်။ ဤသို့ဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်များသည် ဤအသိဉာဏ်မျှမရှိ ဖြစ်နေကြပေသည်။ မမွေးမီကပြုခဲ့သော ကောင်းမှုကြောင့် ယခုကောင်းစားရသည်၊ မမွေးမီက ပြုခဲ့သော ဆိုးမှုကြောင့် ယခုဆိုးဝါးရသည်၊ ဤယခု ကောင်း၊ ဆိုး နှစ်ခုသည် သေပြီးနောက် ကောင်း၊ ဆိုး နှစ်မျိုးကို ဖြစ်စေလိမ့်ဦးမည်။ ဤသို့ ယုံကြည်မှုကို ကမ္မသကတာဉာဏ် ထင်မှတ်ပြီး တင်းတိမ်နေကြပါသည်။ အကယ်၍ အသိများသည် အကယ်သိသော အသိများ မဟုတ်သောကြောင့် အသိဉာဏ်ပင် မဖြစ်နိုင်သော အရာများ ဖြစ်ပါသည်။

ဤအရာကို ရှင်းလင်းစွာ လျှောက်ထားရပါမည်။ လူသည် ကံနှင့် ကံ၏ အကျိုး ဆက်သွယ်မှုကို အကယ်သိလျှင် အသေးအဖွဲ မကောင်းမှုကို ရံဖန်ရံခါ ပြုသည်မှ အပ ပြုရန်ခဲယဉ်းပါသည်။ မည်သူမဆို ကိုယ် ဒုက္ခရောက်မည် သိလျှင် ကြဉ်ရှောင်မြဲ ဖြစ်ပါသည်။ ကိုယ် ဒုက္ခရောက်မည့် အရာကို ရှောင်ကြဉ်နိုင်ခြင်း မရှိလျှင်ကား အကယ်မသိ၍သာ ဖြစ်မည်မှာ အမှန်ဖြစ်ပါသည်။ အကျင့်အကြံ ပျက်ပြား၍ မှားကြခြင်းသည် ကမ္မသကတာဉာဏ် အကယ်မပေါက်၍ ဖြစ်ပါသည်။ ကမ္မသကတာဉာဏ်ပေါက်လျှက် အကျင့်အကြံ ပျက်ပြား မှားယွင်းသည်ဆိုလျှင် ထိုသူသိသော ကမ္မသကတာဉာဏ်သည် အတုမျှသာ ဖြစ်ရန် မလွဲဧကန် ဖြစ်ပါမည်။

တပည့်တော်တို့ ဗုဒ္ဓဘာသာများသည် အခြား မိစ္ဆာဒိဋ္ဌိ ဘာသာများနှင့် မခြား အကျင့်အကြံ ပျက်ပြားကြခြင်းမှာ ကမ္မသကတာဉာဏ်မျှ မရကြသောကြောင့် ဖြစ်ပါသည်။ အထက်ထက်ဖြစ်သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ကိလေသာများကို ပယ်လှန်ရန် ဉာဏ်များကား ဝေးထက်ဝေး ဖြစ်ရာပါမည်။

တပည့်တော်တို့ ဗုဒ္ဓဘာသာသည် အကျင့်အကြံကို ယုံကြည်ချက်ဖြင့် တည်ဆောက်ခဲ့သော ဘာသာမဟုတ်ပါ။ အသိဉာဏ်ဖြင့် တည်ဆောက်ခဲ့သော ဘာသာ ဖြစ်ပါသည်။ သီလ၊ သမာဓိ၊ ပညာ ဟူ၍ သိက္ခာသုံးရပ်ရှိသော ဘာသာဖြစ်ပါသည်။ သီလသည် သမာဓိနှင့် ပညာကို ကျေးဇူးပြုပါသည်။ သမာဓိသည် သီလနှင့် ပညာကို ကျေးဇူးပြုပါသည်။ ပညာသည် သီလနှင့် သမာဓိကို ကျေးဇူးပြုပါသည်။ ထို့ကြောင့် သီလကို သမာဓိ၊ ပညာတို့ဖြင့် စင်ကြယ်စေရန် ဟောဆိုသော ဘာသာဖြစ်ပါသည်။ ပညာမရှိလျှင် သမာဓိ မတည်နိုင်၊ သမာဓိ မတည်လျှင် သီလ မမြဲနိုင်ပါ။ တပည့်တော်တို့ ဗုဒ္ဓဘာသာများ အကျင့်အကြံ ပျက်ပြားနေကြသည်မှာ ပညာမဟုတ်သည်၌ ပညာလုပ်နေကြသောကြောင့် ဖြစ်ပါသည်။

ဤနေရာ၌ တပည့်တော်တို့ ဗုဒ္ဓဘာသာများ ပညာမရှိရခြင်း၏ အကြောင်းကို ထင်ရှားစေရန် လျှောက်ထားရပါမည်။ ဗုဒ္ဓဘာသာများ ပညာမရှိရခြင်း၏ အကြောင်းကို ထင်ရှားစေရန် လျှောက်ထားရပါမည်။ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာ ဆရာ သမဏတို့၏ အဆိုအဆုံးမကို ရကြလျှက် အဘယ့်ကြောင့် ပညာမရှိ ဖြစ်နေကြရသနည်း စိစစ်ဖွယ် ရှိပါသည်။ သာသနာတော်၏ ယနေ့အခြေအနေသည် မကောင်းတော့၍ဟု ဆိုရပါမည်။ ဤအချက်ကို ဆရာတော်တို့ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၏ နိဒါန်းမှ စကားအပိုဒ်ကို ကိုး၍ လျှောက်ထားရပါမည်။ ဤစကားပိုဒ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ယခုအခါသာသနာအခြေအနေ၊ မျက်မှောက်ခေတ် သာသနာတော်၏ အခြေအနေကို ကြည့်ရှုသုံးသပ်မည် ဆိုပါလျှင် သာသနာတော်ကြီး ဂုဏ်သိက္ခာ နိမ့်ကျညှိုးနွမ်း ဆုတ်ယုတ်သွားစေရန် လည်းကောင်း၊ သာသနာတော်ကြီး ပျက်စီးပျောက်ကွယ်သွားစေရန် လည်းကောင်း ကျင့်ကြံလုပ်ဆောင်နေကြသူ၊ ပြောဆိုဟောပြောနေကြသူ၊ ရေးသားထုတ်ဝေနေကြသူ ရှင်လူ အချို့ ပေါ်ထွက်စပြုနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ကြားသိ ဖတ်ရှုနေကြရပေသည်။

ယနေ့သာသနာတော်၏ အခြေအနေသည် အမှန်ပင် ဤအတိုင်း ဖြစ်နေပေသည်။ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ ဟူ၍ သာသနာတော် သုံးရပ်ရှိသည့်အနက် ယနေ့အခြေအနေ၌ ပဋိဝေဓ( သာသနာ )ဆောင် ပုဂ္ဂိုလ်ဟူ၍ မည်မည်ရရ မရှိပါ။ ပဋိပတ္တိ( သာသနာ )ဆောင် ပုဂ္ဂိုလ်များကား အများအပြားရှိသော်လည်း ဘုရားတရားချင်း တူပါလျက် တစ်ပါးနှင့် တစ်ပါးပင် မကွဲပြားအောင် မတတ်နိုင်ရှိနေပါသည်။

ပဋိပတ္တိ( သာသနာ )ဆောင် ပုဂ္ဂိုလ်တစ်ဦး၏ ပဋိပတ်ကို အခြား ပဋိပတ်ဆောင် ပုဂ္ဂိုလ်တစ်ဦးသည် အမှန်မထင် အမှားမြင်သည်။ ဤသို့ အမှားမြင်ခံရသော ပဋိပတ်ဆောင် ပုဂ္ဂိုလ်ကလည်း မိမိ၏ ပဋိပတ်ကို အမှားမြင်ပြသူ ပဋိပတ်ဆောင် ပုဂ္ဂိုလ်၏ ပဋိပတ်ကို အမှားပင် မြင်ပြန်ပါသည်။ ဤပုဂ္ဂိုလ်နှစ်ဦးသည် နှစ်ဦးလုံး မမှားပဲ တစ်ဦးသာမှားလျှင် မှားသော တစ်ဦး၏ ပဋိပတ်သည်သာ အပြစ်တင်ခံရ ရာပါသည်။ အဘယ်ကြောင့်ဆိုသော် မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်သည် သဒ္ဒိဋ္ဌိက ဂုဏ်နှင့် ပြည့်စုံရုံမျှမက၊ ဧဟိပဿိက ဂုဏ်တော်နှင့်လည်း ပြည့်စုံသောကြောင့် ဖြစ်ပါသည်။

မြတ်စွာဘုရား တရားတော်မှန်လျှင် လူ၌ဖြစ်ပွားသော အရှိများကို အခြေခံသောကြောင့် ငြင်းခုံဖွယ်မရှိသော တရားတော်ဖြစ်ပါသည်။ ငြင်းခုံတင်းကြမ်းပြည့်လျှက် ပဋိပတ္တိဆောင် ပုဂ္ဂိုလ်များ၏ ပဋိပတ္တိသည် သာသနာတော်၏ စည်းလုံးညီညွတ်မှု သမဂ္ဂသမောဓါနကို ပျက်ပြားစေရုံမျှဖြစ်၍ မလွမ်းနိုင်စရာ ဖြစ်ပါသည်။

ဤမျှ ပဋိပတ္တိ( သာသနာ )ဆောင် ပုဂ္ဂိုလ်များ ချွတ်ခြုံကျနေသောကြောင့်ပင် တပည့်တော်တို့ သာသနာတော်၌ ပဋိဝေဓဆောင် ပုဂ္ဂိုလ်ဟူ၍ သွားဆဲထက် ပိုပြောနိုင်သူ မရှိဖြစ်ခြင်း ဖြစ်ပါသည်။ သောတာပန်၊ သကဒါဂါမ်ဟူသော ပဋိဝေဓဆောင် ပုဂ္ဂိုလ်ထက် တစ်ဆင့်တက်၍ ကြေငြာဝံ့သူကား မည်မည်ရရမရှိ ဖြစ်ရပါသည်။ အနည်းအပါး ကြေငြာသူများလည်း အတိမ်းတိမ်း အပါးပါးဖြစ်ကြောင်း သူတို့သဘောတရားအရ ထင်ရှားလှပါသည်။

တပည့်တော်တို့ သာသနာတော်၌ ပရိယတ္တိ( သာသနာ )ဆောင် ပုဂ္ဂိုလ်များကား အင်အားအကောင်းဆုံး ဖြစ်ပါသည်။ ယနေ့အခြေအနေသည် မြန်မာနိုင်ငံအနေဖြင့် အထွန်းကားဆုံးကားဆုံး အမြင့်မောက်ဆုံး အခြေအနေ ဖြစ်နိုင်လောက်ပါသည်။ စာရင်းဇယားချ၍ အတိအကျစစ်လျှင် ယနေ့ထက် ပေါ်လွင်သော ပရိယတ်မျိုး မရှိနိုင်တန်ရာပါ။ သင်ကြားပေးသူ ပညာရှင်၊ သင်ယူသူ စာသင်သား၊ သင်ကြားမှု အထောက်အကူပြု စာအုပ်စာပေနှင့် ကျောင်းကန်ကနား၊ သင်ကြားမှုကို အားပေးသည့် ဒကာ၊ ဒကာမ အစစ တွက်ချက်ရပါမည်။

ပရိယတ္တိသာသနာတော်သည် ထို့ထက် ထွန်းကားရန် မရှိပြီ ဟူ၍ပင် ဆိုချင်ဖွယ် ဖြစ်ပါသည်။ ထို့ထက် ထွန်းကားလျှင်လည်း ပရိယတ်သည် ပဋိပတ်အတွက်၊ စာပေသည် စာပေအတွက် ဖြစ်၍ တိုးတက်ဖွယ် မဟုတ်တော့ပါ။ ယနေ့ပင် ဤအခြေအနေ မဆိုက်ဟု ဆိုရန် ခက်နိုင်ပါသည်။ တပည့်တော်တို့ သာသနာတော်၌ သာသနာတော်၏ အခြေခံအုတ်မြစ်ဖြစ်သော ပရိယတ္တိသာသနာ ဤမျှထွန်းကားနေလျှင် ပဋိပတ္တိသာသနာ၊ ပဋိဝေဒသာသနာများ ထွန်းကားပြီး ဗုဒ္ဓဘာသာဝင်များ အကျင့်အကြံ ပျက်ပြား၊ အသိဉာဏ်နည်းပါးမှုများ ပပျောက်သွားရဖွယ် ရှိပါသည်။ ယနေ့ ဤသို့မဟုတ်ပါ။

ပရိယတ္တိသာသနာ ထွန်းကားလျှက် ကြွင်းသော သာသနာများ မထွန်းကားသည်မှာ မရိယတ္တိဆောင် ပုဂ္ဂိုလ်များ၏ အပြစ်ဖြစ်ပါသည်။ ပရိယတ္တိဆောင် ပုဂ္ဂိုလ်များသည် မိမိတို့ဆောင်နေကြသော ပရိယတ္တိသာသနာဖြင့် လပ်သပ္ပကာ၊ ဂုဏ်သိက္ခာအကျော်အဇော ပြည်စုံနေပြီဖြစ်၍ ပဋိပတ္တိသာသနာတော်ကို ဆက်လက်ဆောင်ရွက်ရန် အားအင်မစိုက် လက်ပိုက်နေခဲ့ကြပါသည်။

ဤမျှမက နောင်ဘ၀၌ နတ်ပြည်တက်၍ နတ်သုဒ္ဓာကိုစားပြီး အရိယာနတ်တို့ထံမှ ဓမ္မတရား နာကြားလျှက် နတ်သားဖြစ်နိုင်သော အခြေအနေ ဧကန်ရှိပြီဟုလည်း သွေးနားထင်ရောက် မာန်မောက်နေကြပေသည်။

မြန်မာပြည်၌ ကျမ်းပေါင်းများစွာ ပြုသွားခဲ့၍ ထင်ရှားသော အနေအထိုင်လည်း စံပြုထိုက်သော စာသင်သား အများဆုံးထဲက စာသင်ဆရာတော်ကြီးတစ်ပါးလည်း သူမသေမီ သူ့တပည့်များကို ပဒပရမ ပုဂ္ဂိုလ်များဖြစ်ရန် တစ်ဖွဖွမှာကြား၍ အဆုံးအမ ပေးသွားကြောင်း သိရပါသည်။ ထို့ပြင် ပိဋကတ်သုံးပုံဆောင် ဆရာတော်ကြီးတစ်ပါး ဆိုလျှင်လည်း ရန်ကုန်မြို့မှ ထိပ်တန်း ဗုဒ္ဓဘာသာ ဥပါသကာ၊ ဥပါသကီ လူပုံတို့ အလယ်၌ ဂါထာဖွဲ့သီ၍ ဆိုမြည်တောင့်တပြသွားသည်ကို ဖတ်မှတ်ရဘူးပါသည်။

ဤသည်မှာ ထင်ရှားသည်ကိုသာ ပြဆိုချက်ဖြစ်ပါသည်။ သူတို့လောက်မှ မတော်ကြ မတတ်ကြသူများ၌ကား ဆိုဖွယ် အဘယ်ရှိပါမည်နည်း ဟူ၍ လျှောက်ထားရပါမည်။ ပရိယတ္တိဆောင် ပုဂ္ဂိုလ်များ၏ အကြောင်းကို ဤမျှချဲ့ဖွင့်၍ လျှောက်ထားရသည်မှာ အကြောင်းရှိပါသည်။ ပရိယတ္တိဆောင် ပုဂ္ဂိုလ်တို့၏ အမြင်သည် မိမိတို့ဆောင်နေရသော ပရိယတ်၌ ဆောင်နေရသော်လည်း ယုံကြည်ခြင်းမရှိသည်ကို ပေါ်လွင်စေကြောင်း သိသာရန် ဖြစ်ပါသည်။

တပည့်တော်တို့ ပရိယတ္တိဆောင် ပုဂ္ဂိုလ်များသည် ကိုယ်ဆောင်နေရသော ပရိယတ်၌ ဤမျှ အယုံမဲ့နေကြပါသည်။ နတ်ပြည်ရောက်မှ သုဓမ္မာသဘင်ဝင်၍ အရိယာနတ်များ ဟောကြားမည်ကို နာကြားပြီး တရားယူမည်ကြံကြသည်မှာ ကိုယ်ဆောင်နေရသော ပရိယတ်တရားကို အယုံမထားကြောင်း အမြင့်ဆုံး စော်ကားချက်ဖြစ်ပါသည်။

သုဓမ္မာသဘင်၌ အရိယာနတ်များ စောကြားမည့် တရားသည် တပည့်တော်တို့ ပရိယတ်တရားနှင့် သီးခြားဖြစ်မည်လော၊ အရိယာနတ်များသည် ဘုရားမျက်မှောက်မှ တိုက်ရိုက်နာယူ သိမြင်သူများဖြစ်သည်ထားဦး တပည့်တော်တို့ ဆောင်နေရသော ပရိယတ်လည်း ဘုရားမျက်မှောက်မှ တိုက်ရိုက်နာယူရသူ ရှင်အာနန္ဒာ၏ ဆောင်ယူချက်များပင် ဖြစ်၍ အကယ်ခြားရန် အကြောင်းမရှိပါ။ ယနေ့ တပည့်တော်များ ဆောင်ယူနေရသော ပရိယတ်သည် ရှင်အာနန္ဒာ တစ်ဆင့် ဟောပြသော ပရိယတ်ဖြစ်ပါသည်။ ရှင်အာနန္ဒာသည် ယနေ့နတ်ပြည်မှ နတ်များထက် မညံ့မဖျင်းပဲ သာလွန်၍ပင် နေရပါမည်။

ထို့ကြောင့် သုဓမ္မာသဘင်မှ နတ်တို့၏ ဟောပြောချက်သည် တပည့်တော်တို့ ဆောင်နေရသော ပရိယတ်လောက်ပင် ပြည့်စုံနိုင်ခြင်း မရှိရာပါ။ ယနေ့ ပရိယတ်ဆောင် ပုဂ္ဂိုလ်တစ်ဦးသည် နိဗ္ဗာန်ရောက်ကြောင်း သုတ္တန်ပေါင်း များစွာကို ဆောင်ယူလျက်ရှိပါသည်။ ဤသုတ္တန်များသည် နတ်တို့ဆောင်ထားသော သုတ္တန်နှင့် သီးခြား ဖြစ်ပါသလော။ ဤသို့လည်း ပရိယတ်ဆောင် ပုဂ္ဂိုလ်များ လက်ခံကြမည် မဟုတ်ပါ။ အတူဖြစ်လျှင် ပရိယတ်ဆောင် ပုဂ္ဂိုလ်များသည် နတ်ဟောသုတ္တန်များကို မျှော်လင့်နေရန် အကြောင်းမရှိပါ။ ဤသို့ဖြစ်လျှက် လူသိထင်ရှား နတ်ဟောသုတ္တန်များ နာကြားပြီး နတ်သားအဖြစ် သောတာပန် ဖြစ်လိုသည်ဟု ဆုဆို တောင့်တပြသည်မှာ မိမိဆောင်ယူထားသော ပရိယတ်ကို လုံးဝ အယုံအကြည်မရှိကြောင်း အလေးအနက် မိန့်ဆိုချက်သာ ဖြစ်ရာပါသည်။

ဤသို့ပင် ပရိယတ် ထိပ်ခေါင်တင်ကြီးများက ပရိယတ်ကို အယုံအကြည်မရှိကြောင်း လက်ရဲဆက်ရဲ တင်ပြနေ၀ံ့သည်အထိ ဆိုက်နေကြလျှင် ခေါင်မိုးမလုံဖြစ်သောကြောင့် သေးသေးဖွဲဖွဲ ပရိယတ်ဆောင် ပုဂ္ဂိုလ်များ အဘယ်သို့ ရှိမည်မှာ အထူးဆိုဖွယ်မရှိတော့ပါ။ ပရိယတ်ဆောင် ပုဂ္ဂိုလ်များ ဤသို့အခြေအနေ မကောင်းလျှင် ပဋိပတ်နှင့် ပဋိဝေဓသည် ပရိယတ်၏ အပွင့်အသီးများ ဖြစ်၍ အထူးဆိုရန် အကြောင်းမရှိတော့ပါ။ ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဒ ဟူ၍ရှိသော သာသနာတော်သုံးရပ် အခြေအနေမလှဖြစ်လျှင် သာသနာတော်သည် အသွင်သဏ္ဍာန်မျှသာ ကြွင်းတော့သော ( လိင်္ဂ )သာသနာတော် ဖြစ်ရာပါသည်။

Website counter

Back to TOP