၉။ အသိဟာ အရှိကို လူက သိခြင်းရဲ့နာမည်

အကြောင်းပြပါ ဆိုရင် ပြရမှာက ... ...
လီဟုန်ကြည်ဟာ ရှေ့ နောက်ဘ၀တွေနဲ့  စပ်ပြီး သိနိုင်သူ မဟုတ်လို့ ဘဲ။ လီဟုန်ကြည်ဟာ လူ ဖြစ်တယ်။ လူမှာ မမွေးခင်နဲ့  သေပြီး အဖြစ် အာရုံတွေကို လက်ခံယူနိုင်တဲ့ အာရုံခံ အင်္ဂါ တွေ ဆိုတာတွေ မရှိကြပါဘူး။ လူမှာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် အာရုံခံ အင်္ဂါတွေ ပါပါတယ် ဒါတွေက ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အဆင်း၊ အသံ၊ အနံ့ ၊ အရသာ၊ အတွေ့  သည်အာရုံတွေပဲ လက်ခံနိုင် ကြတာတွေပဲ။

နောက်တခု အာရုံခံ အင်္ဂါဆိုတာ ရှိပါသေးတယ်။ အဲဒါက မန၊ ဟဒယ လို့ ပြောရတဲ့ “ဦးနှောက် အာရုံခံ အင်္ဂါ” ပါ ဒါက ခုခေတ်လို ခန္ဓာဗေဒ အသိကြွယ်ဝတဲ့ အခါမှာ သိတဲ့ အသိပါ။ ဒါကို နုတ်ရင် ဘာမ မဆင်ခြင်နိုင်တာသိပြီး အငြင်းထွက်ချင်စိတ် မျိုသိပ်ကြရမှာပါ။

သည်အာရုံအင်္ဂါဟာ ၀န်းကျင်အာရုံ ငါးပါးကို လက်ခံယူနိုင်တဲ့ အာရုံခံ အင်္ဂါ မဟုတ်ပါဘူး။ ၀န်း ကျင်အာရုံကို လက်ခံယူနိုင်တဲ့ အာရုံခံ အင်္ဂါတွေက ရထားတဲ့ အာရုံတွေကို လက်ခံ တွက်ချက် တဲ့ အာရုံခံ အင်္ဂါပဲ ဖြစ်ပါတယ်။ ရှေ့ အာရုံခံ ငါးခုနဲ့  လက်ခံထားတဲ့ အာရုံအစစ်အမှန်တွေ မရပဲ ဆဌအာရုံခံ အင်္ဂါက အမှန် မသိနိုင်ပါဘူး။

မသိနိုင်ဘူး ဆိုပေမယ့် သိသလိုဖြစ်တာတွေ အများအပြားတော့ ရှိပါတယ်။ အဲဒါတွေက အဲသည် ဆဌအာရုံခံ အင်္ဂါ ပျက်လို့ ဖြစ်တဲ့ အသိတွေ ဖြစ်ပါတယ်။ သည်အာရုံခံ အင်္ဂါကလည်း ပျက်တယ် ရှိရသေးလား- ဆိုတာမျိုး မီးခိုးကြွက်လျောက် အမေးတော့ ထွက်ပါတယ်။ ဒါလည်း အလျဉ်းသင့်လို့  ပြောရမှာပါပဲ။

မျက်စိ နား အစစတွေနဲ့  ယူတဲ့ အာရုံက တကယ်အရှိနဲ့  လွဲချော်တဲ့ အာရုံတွေဖြစ်မယ်ဆိုရင် ဆဌအာရုံနဲ့  တွက်ချက်လို့  ရတာတွေဟာ အမှန်တွေ ဖြစ်ဖို့ မရှိပါဘူး။ အဲသည် အာရုံတွေကို မှတ်သားထားရတဲ့ ဆဌအာရုံခံ အင်္ဂါတွေ လွဲချော်မှားယွင်းတာကိုပဲ ဦးနှောက်ပျက်တယ်- ပြော ရတာ ဖြစ်ပါတယ်။ ဦးနှောက်ပျက်တယ် ဆိုတာ ဦးနှောက်ကြီး ပျက်သွားတယ်လို့ မဟုတ်ဘဲ ဦးနှောက်မှာ အသွင်းခံထားရတဲ့ အစီအစဉ်တွေ ပျက်တယ်လို့  ဆိုလိုပါတယ်။

သည်လောက်ဆိုရင် အာရုံခံအင်္ဂါတွေနဲ့  အသိတရားတွေ အကြောင်း ရှင်းလောက်မှာပါ။ သည်အာရုံခံ အင်္ဂါရဲ့ အာရုံတွေဟာ လူမမွေးမီနဲ့  သေပြီးတွေ မပါပါဘူး။ မမွေးမီနဲ့  သေပြီး အကြောင်းအရာ အာရုံတွေဟာ ဆဌအာရုံနဲ့  မသိရမည့် အာရုံပဲ ဖြစ်ပါတယ်။ မသိရမှာဟာ ဓမ္မတာ သဘောပဲ ဖြစ်ပါတယ်။ သည်လို ဖြစ်လျက်လည်း သိတယ်- ဆိုတာမျိုးတွေ အများ အပြားပဲ ရှိကြပါတယ်။ အမှန်တကယ် ရှိကြတာလည်း ဖြစ်ပါတယ်။

ဒါတေက ဘာတွေလဲ? မေးဖွယ် တွေပေါ့။ စိတ္တဇဆိုတာ ဒါတွေပဲပေါ့- လို့  ဖြေရမယ်။ ဘာ့ ကြောင့် သည်လိုပြောနိုင်တာလဲ ဆိုရင် အဲသည်အသိနဲ့  အသိခံအရှိကို ကိုက်ညီအောင် ပြလို့  မရလို့ ဘဲ။

အသိဟာ အရှိကို လူက သိမြင်ခြင်းရဲ့ နာမည်ပဲ။ အသိဖြစ်တယ် ဆိုရင် အဲသည်အသိ မှန်ကန် ကြောင်းပြနိုင်ဖို့  အဲသည် အသိရဲ့ အသိခံ အရှိကို ပြနိုင်ရမှာ ဖြစ်လို့ ပဲ။ သိတော့ သိတယ်၊ အဲသည်အသိရဲ့ အသိခံ အရှိကို မပြနိုင်ဘူးဆိုရင် အဲသည်အသိဟာ မမှန်မကန် အသိ၊ စိတ် ဟာ သူ့ ဟာသူပဲ သိနေတဲ့ အသိ၊ စိတ္တဇအသိပဲ။

လီဟုန်ကြည်ရဲ့ ပါရမီတွေ ဖြစ်နိုင်ဖို့  မြင်ပြတဲ့ အမြင် နှစ်ချက်ဟာ တကယ်မမြင်ဘဲ မြင်တဲ့ အမြင်ဖြစ်တဲ့ စိတ္တဇအမြင် ဖြစ်နေတာ ရှောင်လွှဲလို့  မရတာ ထင်ရှားတယ်။

Website counter

Back to TOP