ဒီအရာကိုတော့ဖြင့် တကယ်သိတာလား ပြန်စစ်ရမယ်

ဘယ်လိုလဲ ဆိုလို့ ရှိရင် ဒါ အကျိုးရှိတယ်လို့  ပြောရင် အကျိုးရှိတယ် ဆိုတာ ဘယ်လိုတုန်း မေးခွန်းထုတ်ရမယ်။ တကယ့်အကျိုးကို မပြနိုင်ဘူးလို့  ဆိုလို့ ရှိရင်၊ အေး … အကျိုးရှိတယ်လို့  ဆိုတဲ့ဟာ ဒါ ညာတဲ့အရာပဲလို့  မှတ်ရမယ်။ ဒါအပြစ်ရှိတယ်လို့  ပြောရင် လည်းပဲ ဘယ်လို အပြစ်ရှိတာတုန်းလို့  မေးရမယ်။

တကယ့်ကို အပြစ်ရှိတာရဲ့ အတိုင်းအထွာကို လူမြင်နိုင်တဲ့ အဆင့်အထိ မပြနိုင်ဘူးလို့ ဆိုရင် အဲဒီ အပြစ်ရှိတဲ့ အရာ ဟာ ညာတာပဲဖြစ်တယ် ဆိုတဲ့ဟာမျိုးနဲ့  ခေါင်းမာမာနဲ့ ကိုပဲ ခါရမ်းပြီး ငြင်းရမယ်။ အဲဒီလိုမှ ခေါင်းမမာဘူး၊ မငြင်းဆန်နိုင်ဘူး၊ ဆွဲကောင်းငင်ပါ ဖြစ်တယ်ဆိုရင်၊ သူများက အကျိုးရှိတယ် ဆိုရင် အကျိုးရှိတယ်။ သူများက အပြစ်ရှိရင် အပြစ်ရှိတယ်ဆိုပြီး ကိုယ်မသိ တဲ့ ဟာတွေက ကိုယ့်ကို တစ်စ တစ်စနဲ့  လွှမ်းမိုးသွားလိုက်တာ နောက်ဆုံးပိတ်တော့ ကိုယ်သိတာ ဆိုတာတောင် ဘာမှမရှိတော့ဘူး။ အကုန်လုံး မသိတာချည်း ခြယ်လှယ်သွား တော့တယ်ဗျာ။ အဲဒီလိုမျိုး မဖြစ်ရလေအောင် မသိတာကချည်း ခြယ်လှယ်တာမျိုး ကိုယ် မခံရလေအောင်ကတော့ လုံးဝ ကိုယ်ကနေ စိစစ်ရမယ်။ ကိုယ်ကိုယ်တိုင် သိပြီးသားလို့  ထင်ရတဲ့ အရာတွေကိုလဲ အေး…အဲဒါငါတကယ်သိတာလား၊ ဒါအကျိုးရှိတယ်၊ ဒီအရာကို တော့ တကယ်သိတာလား ပြန်စစ်ရမယ်။ ကိုယ်ကိုယ်တိုင် အကျိုးရှိတယ်လို့  ခံယူထား တာဆိုရင်လဲ တကယ် ရှိ-မရှိ၊ ဘယ်လိုရှိတာလဲ။ ကိုယ်ကိုယ်တိုင် အကျိုးမဲ့တယ်လို့ ခံယူ ထားတာလဲ၊ ဘယ်လိုမဲ့တာတုန်း တကယ်မဲ့ -မမဲ့ တိတိကျကျ ဖြစ်ရပ်နဲ့ ၊ ပျက်ရပ်နဲ့  အစုံအလင် အကုန်လုံးမြင်အောင်ကို ကြည့်ရမယ်။
ခေါင်းမမာနဲ့ ကျင့်သုံးကြစမ်း
ကိုယ်သိတာ ကိုယ်စိစစ်သလို သူများပြောတာ ပြတာတွေကိုလဲ စိစစ်ရမယ်။ အကျိုးရှိတယ် ဆိုရင် ဘယ်လိုရှိတာလဲ။ အကျိုးပျက်တယ် ဆိုရင် ဘယ်လိုပျက်တာလဲလို့  အဲဒါကို စိစစ်ရမယ်။ အကျိုးရှိတယ်လို့ ပြောပြီး မရှိဘူး ဆိုရင်ဖြစ်ဖြစ်၊ အကျိုးရှိတယ် ဆိုပြီးတော့ ကိုယ်က ခံယူထားမိပြီး သကာလ အကျိုးရှိတယ် ဆိုတဲ့ အကြောင်းလက်တွေ့  ဖြစ်ရပ်- ပျက်ရပ်ကို မပြနိုင်ဘူး ဆိုရင်ဖြစ်ဖြစ် အကျိုးမဲ့တယ်ဆိုပြီး သူများက ပြောတာဖြစ် စေ၊ ကိုယ်ကိုယ်တိုင်က ခံယူထားတာဖြစ်စေ တကယ့်ဖြစ်ရပ်- ပျက်ရပ်အဖြစ်နဲ့  အကျိုးမဲ့တာ မပြနိုင်ဘူးဆိုရင်ဖြစ်ဖြစ်၊ အေး … ဒါ ငါမှားတယ်၊ ဒါ မသိမချင်း မင်းမူနေတာ ဒါကိုတော့ဖြင့် ငါမခံယူတော့ဘူးလို့  ဒါကလေးကို ခေါင်းမမာနဲ့  ကျင့်သုံးကြစမ်းလို့  ပြောရ မယ်။
အဟုတ်စာရင်းထဲမသွင်းနဲ့ 
ဒါ အလှအပတရားလေးပြောတာမဟုတ်ဘူး။ သေသေချာချာ လုပ်ဆောင်စရာကို သင်တန်းပေးသလို စနစ်တကျချပြီး သကာလ ဒါကလေး ပြောလိုက်တာနော်။ အဲဒီတော့ ဒါ စစ်ပါ၊ ကိုယ်က ဒါကောင်းတယို့ ဆိုရင် ဘယ်လိုကောင်းတာတုန်း။ မကောင်းဘူး ဆိုလို့  ရှိရင် ဘယ်လိုမကောင်းတာတုန်း။ တစ်ခုတော့ရှိတာပေါ့ ဘယ်လိုလေး ဖြေပြတတ်သလဲ ဆိုရင်တော့၊ တို့ က ပါရမီနည်းသေးတယ်၊ ဉာဏ်နုသေးတာဖြစ်တဲ့အတွက် အကုန်မသိ သေးတာလို့ ။ အဲဒီလိုမျိုးလို။ ဒါ ကိုယ်ကိုယ်ကို ဖြေတတ်တယ်။ ဟုတ်တော့ ဟုတ်လို့ သာ နေမှာပါပဲ။ ငါတို့  ကိုယ်က မသိသေးလို့ သာ နေမှာပါလို့  ဆိုတာမျိုးနဲ့  ဖြေတတ်ကြတယ်။ ကိုယ်ဒါလောက် အသက်အရွယ်ရနေပြီပဲ၊ ဘယ်အခါသိမှာတုန်း။ ဒါလောက်အသက် အရွယ်ရပြီးသား၊ လူလိုသူလို နေပြီးသားဖြစ်တဲ့သူတောင် သိလို့ မရတော့ဘူးဆို ဘယ်သူ သိလို့  ရမှာ ဖြစ်မှာတုန်း။ ဘယ်သူမှ မသိဘူး။ ကိုယ်သိလို့ တောင်မရတာဆို ဘယ်သူမှ တောင် သိလို့ မရတဲ့ဟာပဲ။ဘယ်သူတွေ သိလို့ ရလို့  ဟုတ်တယ်ဆိုရင်တောင်မှ ကိုယ်မှ သိလို့ ရတာ မဟုတ်သေးရင် အဟုတ်စာရင်းထဲ မသွင်းနဲ့ ။ သွင်းရင် လုံးသွားလိမ့်မယ်လို့  ဟောဒီလို ပြောချင်တယ်။ ဒါကြောင့် ကိုယ်ကတော့ဖြင့် သူများဆီက ကြားရတာပဲဖြစ်စေ၊ ကိုယ်ကိုယ်တိုင် မှတ်သားနာယူထားတာပဲဖြစ်စေ၊ ခံယူထားတဲ့ဟာပဲဖြစ်စေ၊ မကောင်းဘူး လို့ ဆိုရင် ဘယ်လိုမကောင်းတာလဲ။ ကောင်းတယ် ဆိုရင် ဘယ်လိုကောင်းတာလဲလို့  စစ် ကြောကြပါ။

ဒီလိုကို အကျိုးများလို့  များတယ်လို့ ပြောရတာ
စစ်ကြောပြီးမှ ကောင်းတယ်ဆိုရင် အေး … ဒါက ဒီလိုကောင်းလို့  ကောင်းတယ်လို့  ပြောရတာ။ ဒါကတော့ ဒီလိုကို မကောင်းလို့  မကောင်းဘူးလို့  ပြောရတာ။ ဒါကတော့ ဒီလိုကို အကျိုးများလို့  များတယ်လို့  ပြောရတာ။ ဒါကတော့ဒီလိုကို အကျိုးနည်းလို့  အကျိုးနည်းတယ်လို့  ပြောရတာလို့  ဆိုတာမျိုးကို သေသေချာချာ ပြစရာ သစရာ၊ သူများ ကို ပြလောက် သလောက်တဲ့ အနေအထား ရောက်အောင် အတွေး၊ အသိ၊ အမြင်တွေ မြင်ပြီးမှ အကျိုးနည်းတယ်တို့ ၊ အကျိုးများတယ်တို့ ၊ ကောင်းတယ်တို့ ၊ မကောင်းတယ်တို့  ဆိုတာတွေကို ခံယူတာ ဖြစ်ပါစေ။ ဒါ တကယ်လက်တွေ့ ကို ပြောတာ။

Website counter

Back to TOP