လူတွေမှာ လူရေးလူရာတွေ အများကြီးရှိပါတယ်။ အဲဒီ လူရေးလူရာ အပြင်ဘက်ကနေပြီး တော့ ဒီဘာသာရေးလို့  ဆိုတဲ့ ဒီတရားဓမ္မ အရေးအရာတွေ ရှိတယ်။ လူရေးလူရာတွေ ဖြစ်ဖြစ်၊ တရားဓမ္မ အရေးအရာတွေဖြစ်ဖြစ် ဘယ်အရေးအရာမှ လက်မလွှတ်နဲ့ ။
အကျိုး ရှိတယ်ဆိုရင် တကယ်ရှိတာမှ ဟုတ်ရဲ့လား၊ ဘယ်လိုရှိတာတုန်း။ အကျိုးမဲ့တယ်လို့  ဆိုရင် ဘယ်လို အကျိုးမဲ့တာတုန်း၊ အကျိုးမဲ့တာ တကယ်ဟုတ်ရဲ့လား။ ကောင်းတာဆိုရင် ဘယ် လိုကောင်းတာတုန်း၊ ကောင်းတာတကယ်ဟုတ်ရဲ့လား။ မကောင်းဘူးဆိုရင် ဘယ်လို မကောင်းတာတုန်း၊ မကောင်းတာဆိုတာ တကယ်ဟုတ်ရဲ့လား။ တကယ်ပြနိုင်သနိုင်တဲ့ ကောင်းတာတို့ ၊ မကောင်းတာတို့  မဟုတ် ဘူးဆိုရင် ပယ်သာပယ်လိုက်၊ ဘာမှလက်ခံ ထားမနေနဲ့ ။ ပြောမယ်ဆိုရင် လူရှင်းကလေး ဖြစ်နေပါစေလို့  ဒီလိုဆိုလိုတာ။ ရှင်းရှင်း လူ ကလေး။ ငါကိုယ်တိုင်သိတဲ့ဟာကို ငါကိုယ်တိုင် လက်ခံမယ်။ ငါကိုယ်တိုင် မသိတဲ့ဟာကို ငါကိုယ်တိုင် လက်မခံဘူး။ ဟော အဲဒီလိုမျိုးကလေး ကိုယ်ကနေပြီးတော့ ဖြစ်နေပါစေ။
မသိတာကို မသိပါဘူးလို့  ခံယူတာ
အဲဒီလောက်သာ လူက ရှင်းသွားပြီလို့  ဆိုရင်တော့ တကယ့်ကို တို့  တရားတော်ရဲ့ တည်ရာ ရနေပြီလို့  ဒီလိုပြောကြစို့ ။ မြတ်စွာဘုရားနဲ့  တွေ့ တော့မယ်။ဘာဖြစ်လို့ လဲ၊ ကိုယ့်ရှေ့ က မဟုတ်တောင်းဝါး တိမ်သလ္လာတွေ မရှိတော့ဘူးလေ။ အမှိုက်သရိုက်တွေ မရှိ တော့ဘူး။ ကိုယ့်အသိဉာဏ်ကို ဖုံးပိတ်နေတဲ့ အမှိုက်သရိုက်တွေ မရှိတော့ဘူး။ အဲဒီလို အမှိုက်သရိုက်တွေ မရှိအောင် ရှင်းရတဲ့ အတွက် ဘာမတရားမှလဲ မဖြစ်ဘူး။ ဘာအဆိုး အဆာမှလည်းမဖြစ်ဘူး၊ ဘယ်ဟာ တွေကို ကိုယ်ကနေပြီး တစ်ခါတည်း ဂျီကန်နေရတာ မျိုးတို့ ၊ ဂျစ်တိုက်နေရတာမျိုးတို့  ဆိုတာလဲ မရှိဘူး။ မသိလို့ မှ မသိပါဘူးလို့  ခံယူတာကို ဘယ်သူကနေများ ကိုယ့်ကို အပြစ်တင်ဦးမှာလဲ။ တကယ်လို့  မသိဘဲနဲ့  သိတယ်လို့  ခံယူ တာကမှ အပြစ်တင်ရင် အပြစ်မကင်းတာ၊ အပြစ်ရှိတာ၊ အပြစ်တင်စရာကောင်းတာ။ ကိုယ် က မသိလို့ မှ မသိတာကို မသိပါဘူးလို့  ခံယူတာဆိုတော့၊ ဒါဖြင့် ရိုးရိုးကလေးပဲ ဘာမှ အပြစ်မရှိဘူး။ အဲဒီလောက် အပြစ်ကင်းတဲ့ အရာကလေးဖြစ်တဲ့ အတွက် ဒါကလေး ကျင့်သုံးရတဲ့အတွက် ဘာမှလဲအကျည်းမတန်ဘူး။
ဒီဘာသာတရားကို ပိတ်ဆို့ ထားတဲ့အရာကြီးသာရှိနေရင်
အဲဒီလိုမျိုးကလေး လုပ်လိုက်တာဟာ ဘာဖြစ်လို့  အရေးတကြီး လုပ်လိုက်တာလဲဆိုရင် လုံးဝ ဘာသာတရားဆိုတာကို မြင်ရဖို့ အတွက် ပိတ်ဆီးထားတဲ့ တံခါးကြီးကို ဖွင့်လိုက် တာ၊ ဖွင့်လိုက်တာ၊ ဖွင့်တဲ့အနေနဲ့  လုပ်လိုက်တာ။ ဟောဒီ ဘာသာတရားကို ပိတ်ဆို့  ထားတဲ့ အရာကြီးသာ ရှိနေရင် လုံးဝ ဘာသာတရားဆိုတာကြီးကို မမြင်ရစေဘူး။
ဗုဒ္ဓဘာသာဆိုတာ ဗုဒ္ဓရဲ့ အလင်းရောင်
ဘာသာတရားဆိုတာ တကယ်ကျတော့ အလင်းရောင်းကြီး။ နာမည်ကိုက ဘာသာဆိုတဲ့ စကားကို ကိုယ်တိုင်က ဗမာလိုပြန်လို့  ရှိရင် အလင်းရောင်လို့  ရတယ်။ တကယ့် အဓိပ္ပါယ်ကလဲပဲ ကိုယ် ကိုယ်ကွယ်တဲ့ ဘာသာဆိုတာက ကိုယ်ကိုးကွယ်တဲ့ အလင်းရောင် လို့  အဓိပ္ပါယ်ရတယ်။ မင်းတို့  ဗုဒ္ဓဘာသာကိုးကွယ်တယ်။ အဲဒီ ဗုဒ္ဓဘာသာဆိုတာ ဘာတုန်း၊ ဗုဒ္ဓရဲ့ အလင်းရောင်ပေါ့။ ဗုဒ္ဓညွှန်ပြတဲ့ အလင်းရောင်။ ဒီလိုပြောရမယ်။ အဲဒီ အလင်းရောင်ကြီးက လင်းချင်သလောက်လင်း။ တကယ့်ကို မသိခြင်းဆိုတဲ့ တံခါးကြီးနဲ့ သာ ပိတ်ထားရင် တစ်စက်မှ ကိုယ့်ဘက်ကို အလင်းကမလာဘူး။ အဲဒီပိတ်ထားတဲ့ တံခါး တော့ဖြင့် တစ်ခါတည်း ဆွဲဖွင့်ရမယ်။ ဒါမှ ဟိုဘက်က ဗုဒ္ဓက ထွန်းညှိထားတဲ့ အလင်းရောင်က တစ်ခါတည်း ကိုယ့်အပေါ်မှာ ရောက်လာမယ်။ ဗုဒ္ဓဘာသာဆိုတာ ဖြစ်လာမယ်။ တကယ်တော့ ဘာသာဆိုတဲ့ စကားကို ကိုယ်တိုင်က အလင်းရောင်ဆိုတဲ့ စကားလို့  မှတ်ပေးပါ။ ဘာသာဆိုတာ ဘာဖြစ်လို့  ကိုးကွယ်ရတာတုန်း။ အလင်းရောင် လိုချင်လို့  ကိုးကွယ်ရတာ။
ငါကိုယ်တိုင် သိတဲ့ဟာကို ငါကိုယ်တိုင် လက်ခံမယ်
Labels:
ဘာသာတရားက ပေးသော ဆုလာဘ်