ဘုရား(၄၆) ဗြဟ္မဏအယူ ဘုရားငြင်း

ဒီလေးမျိုးဟာ ဖန်ဆင်းရှင်က ဖန်ဆင်းစဉ် ကတည်းက ခွဲဖန်ဆင်းခံရတာ ဖြစ်တယ်။ ဗြဟ္မဏမျိုးကို ဖန်ဆင်းရှင် ဗြဟ္မဏက သူ့  ပါးစပ်ထဲက ဆွဲထုတ် ဖန်ဆင်းတယ်။ တချို့ သူတွေကို ခြေဖမိုးက ဖန်ဆင်းတယ်။ ဝမ်းဗိုက်က ဖန်ဆင်းတယ်။ ဒီလိုတွေ ပြထားတယ်။ ဗြဟ္မဏ (ဟိန္ဒူ) ဘာသာမှာ ဒီလိုလေးမျိုး ရှိတယ်။ ဘုရားက လူမှာ တစ်မျိုးထဲဘဲ ဖြစ်တယ်။ အမျိုးမျိုး မရှိဘူးလို့  ပုံပမာပေါင်း များစွာကို ထုတ်ပြ ပြောတယ်။


ခွေးနှင့်ကြောင်လို လူကမခြား

လူဟာ အချင်းချင်း မတူဘူးလို့  ပြောရလောက်တဲ့ လက္ခဏာ တစ်စုံတစ်ခုမှ မရှိဘူး။ လူတိုင်း လက်နှစ်ဖက်၊ ခြေနှစ်ဖက် ရှိတာခြင်း ရှိပုံခြင်းရော တူတယ်။ မျက်စေ့နှစ်လုံး၊ နားနှစ်ဖက်၊ နှာခေါင်းနှစ်ပေါက်၊ ပါးစပ် တစ်ပေါက် ရှိတာခြင်းရော တူတယ်။ လူအချင်းချင်းဟာ ခွေးနဲ့  ကြောင်နဲ့  ခြားနားသလို ကျီးနဲ့  စာနဲ့  ခြားနားသလို မြက်ပင် နဲ့  သစ်ပင် ခြားနားသလို ခြားနားတာ မရှိဘူး။

ဗြဟ္မဏပါးစပ်က ဗြဟ္မဏဖွားတယ် ဆိုရင် သူတို့  အမေဘယ်မှာထား
ဗြဟ္မဏဟာ ဗြဟ္မဏပါးစပ်က မွေးဖွားတယ် ခံယူပေမယ့် တကယ် မွေးဖွားတာဟာ သူတို့  ခံယူတဲ့ အတိုင်း မဟုတ်ဘူး။ သူတို့  အမေရဲ့ ပေါင်နှစ်လုံး ဆုံရာ အရပ်ကပဲ မွေးဖွားတာ ဖြစ်တယ်။ ဗြဟ္မဏမျိုး လူဟာ အမြတ်ဆုံး ဖြစ်တယ်။ သုဒ္ဒမျိုး လူဟာ အနိမ့်ဆုံး ဖြစ်တယ်။ သူတို့  ဒီလို ခံယူကြပေမယ့် ခံယူတဲ့ အတိုင်း မှန်ကြောင်းကို အထောက် အထားပြစရာ မရှိဘူး။

ဗြဟ္မဏမီးက သုဒ္ဒမီးထက်ပူသလား

ဗြဟ္မဏလုပ်တဲ့ မီးဟာ မြင့်မြတ်တယ် ဆိုပြီး ပိုမပူဘူး။ သုဒ္ဒလုပ်တဲ့ မီးကလည်း ယုတ်ညံ့သူ လုပ်ထာ ဆိုပြီး အပူချိန် မလျော့ဘူး။ ဗြဟ္မဏဟာ မြင့်မြတ်တယ် ဆိုပြီး ထမင်းကို သူချက်မှ ကျက်တယ်လို့  မရှိဘူး။ ထမင်းကို သုဒ္ဒချက်ရင်လည်း ကျက်တာပဲ။

သောဏဒန္တနဲ့  ဘုရား
ဘုရားဟာ ဒီလို ဘာသာရေး စိတ်ဆန်တဲ့ အချက်တွေကို ငြင်းဆန် ခဲ့တယ်။ တစ်ခါမှာလည်း သူ့ ဆီ ရောက်လာတဲ့ ဗြဟ္မဏကြီး တစ်ယောက်ကို ဗြဟ္မဏ သိက္ခာနဲ့  စပ်ပြီး ဗြဟ္မဏဖြစ်ကြောင်း အကျင့် ဘယ်နှစ်ခု ရှိသလဲလို့  မေးတယ်။ ဗြဟ္မဏကြီးက ငါးခု ရှိကြောင်း သရုပ်ထုတ်ပြ ဖြေတယ်။ သရုပ်က ဗြဟ္မဏမျိုး မိဘ နှစ်ပါးက မွေးသူ ဖြစ်ရမယ်၊ ရုပ်အလှနဲ့  ပြည့်စုံရမယ်၊ ဝေဒကို မပြတ်ရွတ်ဖတ်ရမယ်၊ သီလ ရှိရမယ်၊ ပညာ ရှိရမယ် လို့ ပဲ။ ဘုရားက ဒီအချက်တွေကို ဆစ်တယ်။ ဆစ်ပုံက ဗြဟ္မဏ မိဘနှစ်ပါးက မွေးသူ မဟုတ်ပေမယ့် ကျန်တဲ့ အချက် လေးချက်နဲ့  ပြည့်စုံရင် ဗြဟ္မဏ မဖြစ်နိုင်ဘူးလား။ ဒါကို ဗြဟ္မဏက ဖြစ်နိုင်ပါတယ်လို့  ဖြေရတယ်။ ဒီအဖြေကို ဗြဟ္မဏကြီးနဲ့  အတူပါလာတဲ့ ဗြဟ္မဏတွေက မကျေနပ်ကြဘူး။ လှုပ်လှုပ်ရွရွ လုပ်ကြတယ်။ သူတို့ ကို ဘုရားက လှမ်းထိမ်းရတယ်။ သင်တို့ က ဗြဟ္မဏကြီးထက် သိတယ် ထင်ရင် ဗြဟ္မဏကြီးနဲ့  စကားပြောတာကို ရပ်ပြီး သင်တို့ နဲ့  ငါ ဆက်ပြောမယ်။ ဘယ်လိုလဲလို့  ဖြစ်တယ်။ ဗြဟ္မဏတွေဟာ ဗြဟ္မဏကြီးကို ကျော်နိုင်သူတွေ မဟုတ်ဘူး။ ဒါ့ကြောင့် သူတို့  မလှုပ်ဝံ့ကြဘူး။ ဒီတော့မှ ဘုရားကို ဗြဟ္မဏကြီးက ဗြဟ္မဏ ဖြစ်ကြောင်း ကျန်တဲ့ အချက် လေးချက်ထဲက ရုပ်လှမှုကို ပယ်ရင်ရော မရနိုင်ဘူးလားလို့  မေးတယ်။ ရုပ်လှပမှုဟာ ဗြဟ္မဏဖြစ်ဖို့  သိပ် အရေးမကြီးပါဘူးလို့  ဗြဟ္မဏကြီးက ဖြေတယ်။

ဗြဟ္မဏဝါဒမှချွတ်

ဒီတော့ ဗြဟ္မဏကြီးက ဗြဟ္မဏဖြစ်ဖို့  အချက်သုံးချက် ရှိရင် ရတယ်လို့  လက်ခံတာပေါ့။ ဘုရားက ဆက်ဆစ် ပြန်တယ်။ ဗြဟ္မဏ အင်္ဂါထဲက ဝေဒ ရွတ်ဖတ်မှုကို နုတ်ပယ်ရင်ကော မရနိုင်ဘူးလားလို့  ဖြစ်တယ်။ ဗြဟ္မဏ ကြီးက ဝေဒ မရွတ်ဖတ်ပေမယ့် ကျန်နှစ်ချက်နဲ့  ပြည့်စုံရင် ဗြဟ္မဏ ဖြစ်နိုင်ပါတယ်လို့  ဖြေရတယ်။ ဘုရားက ကျန် နှစ်ချက်ထဲက သီလ နုတ်လို့  ရဦးမလားလို့  မေးတယ်။ ဒါတော့ မရနိုင်တော့ဘူးလို့  ဖြေတယ်။
ဒီတော့ ဗြဟ္မဏကြီးဟာ သူတို့  ဘာသာတရားအရ ဗြဟ္မဏ အဖြစ် အသိအမှတ် ပြုရမယ့် အချက် ငါးချက်ကို ပယ်ဖျက်ပြီး အချက် နှစ်ချက်နဲ့  ဗြဟ္မဏ အဖြစ် အသိအမှတ်ပြုနိုင်တယ်လို့  အတည်ပြုရတဲ့ အဖြစ် ရောက်တယ်။ ဒီလို ဖြစ်ဖို့  ဗြဟ္မဏကြီးကို ဘုရားက စဉ်းစားစရာတွေ ပေးခဲ့တယ်။ ဘုရားဟာ ဗြဟ္မဏတို့  ရဲ့ (ဟိန္ဒူ) ဘာသာကို ဒီလို ယိုင်နှဲု့  ပေးခဲ့တယ်။

ဗြဟ္မဏအယူတွေ အစစ်ခိုင်း

တစ်နေရာမှာလည်း ဒီလိုပဲ ဗြဟ္မဏကြီး တစ်ယောက်က ဘာဝနာပွားလို့  ရတဲ့ အာရုံတစ်ခုကို ဥဒါန်းကျူးနေတယ်။ ကျူးပုံက “ အတိုင်းမသိ အလင်းပါတကား၊ အတိုင်းမသိ အလင်းပါ တကား” လို့  ဖြစ်တယ်။ ဒါကို ဘုရား ကြာတော့ အဲဒီ ပုဏ္ဏားကို ဘုရားက မေးတယ်။ ပုဏ္ဏားကြီး သင်မြည်တမ်းတဲ့ အတိုင်းမသိတဲ့ အလင်းက ဘယ်လောက် လင်းသလဲ လို့ ပဲ။ ပုဏ္ဏားက ပြန်ဖြေတယ်။ အတိုင်းအဆမရှိ လင်းတာပေါ့။ ဘုရားက မေးတယ်။ ဒီလိုဆိုရင် အဲဒီ အလင်းဟာ နေဘယ်နှစ်စင်းလောက် လင်းသလဲ။ နေလောက်တော့ မလင်းဘူးပေါ့ လို့  ပြန်ဖြေတယ်။ ကြယ်လောက် လင်းသလားလို့  မေးတယ်။ ကြယ်လောက်လည်း မလင်းဘူးလို့  ပြန်ဖြေတယ်။ ဒီလိုဆို မီးတောက်လောက် လင်းသလားလို့  မေးတယ်။ ဒီလောက်လည်း မလင်းဘူးလို့  ပြန်ဖြေတယ်။ ဒီလိုဆို ပိုးစုန်းကြူးလောက် လင်းသလားလို့  မေးတယ်။ ဒီလောက်လည်း မလင်းပါဘူးလို့  ဖြေတယ်။ ဒီလောက်မှ မလင်းရင် အတိုင်းအဆမရှိတဲ့ အလင်းလို့  သင်မြင်တဲ့ အလင်းကို ပြောလို့  ဖြစ်ပါ့မလားလို့  ဘုရားက မေးတယ်။ ဖြစ်တယ်လို့  ပုဏ္ဏားက ဖြေတယ်။ ဒီလိုဆိုရင် ပြောပါဦးလို့  ဘုရားကမေးတယ်။ ပတ္တမြား၊ စိန်၊ ကျောက်နီလာတို့  ရဲ့ အလင်းကို အတိုင်းအဆမရှိ လင်းတာ ဖြစ်တယ်လို့  ဖြေတယ်။ အဲဒီ အလင်းဟာ ပိုးစုန်းကြူး လောက်တောင် မလင်းတဲ့ အတွက် အတိုင်းအဆမရှိတဲ့ အလင်းမဟုတ်ဘူးလို့  ဘုရားက ချေဖျက်ခဲ့တယ်။ ဗြဟ္မဏကြီးရဲ့ အတိုင်းမဆမသိ အလင်းဟာ အသုံးချလို့  မရတဲ့ စိတ္တဇ အလင်းသာ ဖြစ်တယ်လို့  ညွှန်ပြခဲ့တယ်။
ဘုရားဟာ ဗြဟ္မဏတွေရဲ့ ဘာသာရေး အလေ့အထ တွေကို အားလုံးနီးပါး ဆန့် ကျင်ခဲ့တယ်။ အဲဒီခေတ် ဘာသာရေး ပုဂ္ဂိုလ်တွေရဲ့ ဆန့် ကျင်တာကိုလည်း အများအပြား ခံရတယ်။
ဗြဟ္မဏတွေဟာ အလှ အပကို တန်ဖိုးထားသလောက် ဘုရားက အလှအပတွေကို ဂရုမမူခဲ့ဘူး။ ကတုံးကြီးနဲ့  နေတယ်။ အဝတ်စုတ်တွေကို လျော်ဖွတ် ချုပ်လုပ်ပြီး ဝတ်တယ်။ အိုးနုတ်ခမ်းပဲ့ကို လည်ပင်းဖြတ်ပြီး မီးဖုတ်ပြီး မဲနေတဲ့ နုတ်ခမ်းမပါတဲ့ အိုးမဲကြီးကို သုံးဆောင်တယ်။
ဒီတော့ ဗြဟ္မဏ (ဟိန္ဒူ) တွေက ဘုရားကို စက်ဆုပ် နှလုံးနာစရာ လူသားဖြစ်တယ်လို့  မှတ်ယူကြတယ်။ ဘုရားနဲ့  ပက်ပင်းတိုးရင် နှာခေါင်းရှုံ့ ၊ တံတွေးထွေး မျက်နှာလွဲကြတယ်။

Website counter

Back to TOP