ဘုရားရှိခိုးမှုနဲ့  စပ်ပြီး ဒီလိုဝမ်းနည်းဖွယ် မဖြစ်ဖို့  ဘုရားရဲ့ လမ်းညွှန်ချက် တစ်ခုကို လေ့လာရမယ်။ အဲဒါက ဘုရား ပရိနိဗ္ဗာန်စံခါနီး ညောင်စောင်းမှ မထဘဲ လျောင်းတော့မယ့် အခါမှာ ပြောကြားချက်ပဲ။ အဲဒီ အချိန်က ရဟန်းတွေ အားလုံး ရေးကြီးသုတ်ပြာ ဘုရားကို လုပ်ကျွေး နေကြတယ်၊ ပြုစုနေကြတယ်ပေါ့။ အဲ့ဒီထဲက ရဟန်း တစ်ပါးဟာ ဒီလောက် အရေးကြီးနေတာကို အမှုမထားသလို ဘုရားနား မလာဘူး။ ဒါကို သတိထားမိတဲ့ ရဟန်းတွေက အဲ့ဒီ ရဟန်း အကြောင်း ပြစ်တင်စကား ပြောကြတယ်။ ဒါကို ဘုရားကြားတော့ အဲဒီ ရဟန်းကို ခေါ်ခိုင်းတယ်။ ရဟန်းတွေက ဒီလို ပြစ်တင်နေကြပြီလို့  အဲဒီ ရဟန်းကို ဘုရားက ပြောတယ်။ အဲဒါကို ဘယ်လို ဖြေရှင်းမလဲလို့ ပဲ မေးတယ်။ အဲဒီ ရဟန်းက ဘုရားကို ပြန်ဖြေတယ်။ အရှင်ဘုရားဟာ တပည့်တော်ရဲ့ ဆရာကြီး ဖြစ်တယ်။ အရှင်ဘုရားရဲ့ ဆုံးမချက်တွေကို တပည့်တော်ပြီးအောင် လုပ်ပြီးပြီလို့  အရှင်ဘုရားကို ပြောချင်တယ်။ ဒါကြောင့် အရှင်ဘုရား ပြုစုတာကို မလုပ်နိုင်ဘဲ ဖြစ်ပါတယ်လို့  လျှောက်ထားတယ်။
ဘုရားက အဲဒီ ရဟန်းစကား ကြားရတော့ အဲဒီ ရဟန်းကို ချီးကျူးတယ်။ ပြစ်တင်ကြတဲ့ ရဟန်းတွေကို အဲဒီ ရဟန်းအတိုင်း ဆောင်ရွက်ရမယ် ညွှန်ကြားစကား မိန့် ကြားတယ်။
ဒါကို ကြည့်ရင် ဘုရားဟာ သူ့ ကို လေးစား ပြုစုတာထက် တရား ဓမ္မကို လေးစားမှု ပြုတာကို အလေးထားတယ်လို့  ညွှန်ပြရာ ရောက်တယ်။ အခုလို နာဖျား မကျန်းနေတဲ့ နောက်ဆုံး အချိန်မှာ အလေးဂရု မပြုတာကိုတောင် တရားဓမ္မ အတွက်ဖြစ်လို့  အပြစ်မတင်ရုံတင်မက ချီးကျူးတဲ့ အထိ ပြုခဲ့တာကို တွေ့ ရတယ်။
ဘုရားရှိခိုးတာနဲ့  စပ်လို့  ပြောခဲ့ချက်တွေ တော်လောက်ပါပြီ။ သူ့ ကို စီကာပတ်ကုံး ရွတ်ဆို ရှိခိုးနေဖို့  မဟုတ်ဘူး။ သည်လို မလုပ်လို့  မရှိခိုးဘူး ဆိုရာ မရောက်ဘူး။ ကိုယ် နှုတ် နှလုံး တစ်ခုခုနဲ့  သင့်သလို ညွှတ်ရှိုင်း နေခြင်းဟာ ရှိခိုးနေခြင်းပဲ ဖြစ်တယ်။
ရှိခိုးပွဲတွေနဲ့  ဘုရားဆန္ဒ
ခုလို ဘုရားမရှိတဲ့ နောက်မှာ ရုပ်ထုတွေထု၊ ရုပ်ပုံတွေဆွဲ၊ စေတီတွေတည်၊ ရှိခိုးပွဲတွေ ကျင်းပကြတာဟာ ဘုရားရဲ့ အလိုဆန္ဒနဲ့  ဘယ်လောက် ကိုက်ညီမယ်ဆိုတာ ချင့်ချိန်စရာပါပဲ။
ဘုရားက စေတီဆိုပြီး ဟောပြောချက်ရှိတယ်။ အဲဒီစေတီဟာ ဗမာလိုဆိုရင် “ကွန်း” ကိုးကွယ်ရာ ကွန်းလို့  ရှေးက ပြန်ကြတယ်။ ကွန်းဆိုတဲ့ ဗမာစကားဟာ အခုခေတ် အဓိပ္ပါယ်နဲ့  “နန်း” လို့  အဓိပ္ပါယ်ရတယ်။ အဲဒီ စေတီမျိုးတွေ ဘုရားလက်ထက်က ရှိတယ်။ ထင်ရှားတဲ့ လူစွမ်းကောင်းလို မမေ့ထိုက်သူတွေရဲ့ အမှတ် အသားနဲ့  တည်နေရာတွေကို ခေါ်တဲ့ နာမည်ပဲ။ သူသေတော့လည်း သူ့  အထိမ်းအမှတ် တည်နေရာတွေ လုပ်ကြတာပေါ့။ အဲဒါကို စေတီ သူ့ ကို ကိုးကွယ်ရာ ကွန်းလို့ ခေါ်ရတာပဲ။ အဓိပ္ပါယ်ကတော့ ဂူဗိမ္မာန်သဘော အထိမ်းအမှတ် ကျောက်တိုင် သဘောပဲ။ ဒါတွေကို လုပ်ပြီး ကိုးကွယ်ရစ်ကြလို့  သူကတော့ မညွှန်ပြဘူး။ မကိုးကွယ်ကြနဲ့  လို့  လည်း တာမြစ်တာ မတွေ့ ရဘူး။
အခုလိုမျိုး ကိုးကွယ်ဖို့  သူမျှော်လင့်ကောင်းမှ မျှော်လင့်လိမ့်မယ်။ သူစကား ပြောနိုင်မှု နိဂုံးချုပ်ခါနီးမှာ ရှင်အာနန္ဒာကို ဖြေကြားခဲ့တဲ့ စကားရှိတယ်။ စကားက “ အာနန္ဒာ သင်တို့  ကို တရားတွေလည်း ငါဟောခဲ့ပြီ၊ ဝိနည်းတွေလည်း ပါပညတ်ခဲ့ပြီ၊ ဒါတွေဟာ ငါလွန်ပြီးနောက် သင်တို့ ရဲ့ ဆရာဘုရားပဲ” လို့ ဖြစ်တယ်။
စေတီလေးမျိုး
ဒါကို ကြည့်ရင် ဘုရားမရှိတော့ဘဲ တရားဟာ ဘုရားပဲလို့  အမှတ်ပြုတာ စဉ်းစားစရာဘဲ။ အဲဒီလို အမှတ်ပြုပြီး ဒီစေတီတွေကို ရှိခိုးနေတာလည်း ဘုရားအလို ဘယ်လောက်ကျမလဲ။ ဘုရားဟာ စေတီ တိုက်တာတွေကို ညွှန်ပြ ခဲ့ဖူးတယ်။ လေးခုတောင် ရှိတယ်။ သူဟောပြောတဲ့ ဓမ္မစေတီတွေဟာလည်း စေတီတစ်ခု ဖြစ်တယ်။ သူ့  အသုံး အဆောင် ကျောင်း၊ သင်္ကန်း စတာတွေလည်း စေတီတစ်ခု ဖြစ်တယ်။ သူ့ ရဲ့ ကိုယ်ကြွင်း ကိုယ်ကျန်တွေလည်း စေတီတစ်ခု ဖြစ်တယ်။ သူ့ အထိမ်းအမှတ် လုပ်ထားတဲ့ ကျောက်တိုင် အုတ်တိုင် အဆောက်အဦး တစ်ခုခုလည်း စေတီတစ်ခုဖြစ်တယ်။ ခုဆိုရင်တော့ သူ့ ရုပ်လုံး ရုပ်ပုံတွေလည်း အဲဒီစေတီထဲ ပါမှာပေါ့။ ဒါပေမယ့် ဘုရားခေတ်က အဲဒီသူတွေရဲ့ ရုပ်ထု၊ ရုပ်လုံးတွေ လုပ်ကြတဲ့ အလေ့အထ ရှိပုံ မရဘူး။ သူသေပြီး နှစ်လေးငါးရာ ကြာမှ သူ့ ရုပ်ထု ရုပ်လုံးစပေါ်တာ သိရတယ်။ အခုခေတ်မှာတော့ ဒါတွေက ဘာသာရေး ပစ္စည်းအဖြစ် ရှိခိုး ဦးတင်ဖို့  မရှိမဖြစ် သလို ဖြစ်နေတယ်။
စေတီထက် ကိုးကွယ်စရာ ဘုရားညွှန်ပြ
ဘုရားဟာ ဒါတွေကို ဒီလို မျှော်လင့်ဖို့  ရှိတယ်။ စေတီအဖြစ် ထိုက်တန်ပုံ ဟောပြောခဲ့တယ် ဆိုပေမယ့် လေးစား စရာ တစ်ခုလောက်ထက် ပိုဖို့  မရှိဘူး။ သူဟောခဲ့တဲ့ ဓမ္မပိုဒ် တစ်ခုက ဒါကို ညွှန်းနေတယ်။ အဲဒါက ကိုယ့်ကိုယ်သာ ကိုယ့်ရဲ့ ကိုးကွယ်ရာ ဖြစ်တယ်။ တခြား ဘယ်သူ ကိုးကွယ်ရာ ဖြစ်ပါ့မလဲ။ ကိုယ်ကသာ ယဉ်ကျေးပြီးရင် ရခဲတဲ့ ကိုးကွယ်ရာကို ရတာဘဲလို့  ဖြစ်တယ်။
ဘုရားဟာ သူမရှိတဲ့နောက် သူ့ ကို ကိုးကွယ်ဖို့  မညွှန်ကြားတာ ဒီစကားက သိသာတယ်။ သူ သက်ရှိ ထင်ရှား ရှိစဉ်မှာတောင် သူ့ ကို ကိုးကွယ်ဖို့  မညွှန်ဘဲ ကိုယ့်ကိုယ်ကို ကိုးကွယ်ဖို့  ညွှန်တာ တွေ့ ရတယ် မဟုတ်ပါလား။
ရှိခိုးနဲ့ လေးစားဂုဏ်ပြုထပ်တူ
ဒီစကားတွေ ခြုံကြည့်ရင် ဘုရားရှိခိုးတာဟာ အထူး လုပ်စရာ အလုပ်တစ်ခု မဟုတ်ဘဲ ဂုဏ်ပြုလေးစားတဲ့ အလုပ် တစ်ခု အဖြစ်သာ လုပ်ဖို့  ရှိတာ တွေ့ ရတယ်။ အခုခေတ် အဖြစ်အပျက်တွေနဲ့  ယှဉ်ကြည့်ပြီး အဓိပ္ပါယ် ဖော်နိုင်တယ်။ သေလွန်ပြီးသော နိုင်ငံခေါင်းဆောင် တစ်ယောက်အတွက် အထိမ်းအမှတ် လုပ်ထားတဲ့ နေရာကို အဲဒီ ခေါင်းဆောင်ကို ဂုဏ်ပြုသောအားဖြင့် အခါ အားလျော်စွာ တိုင်းသူပြည်သားတွေ သွားကြည့်ကြမယ်။ အလေးပြုတဲ့ သူလည်း ပြုကြမယ်။ ပန်းခွေပန်းခြင်း ချသူလည်း ချမယ်။ အားလုံးဟာ အဲဒီခေါင်းဆောင်ကို ဂုဏ်ပြုမှု မြောက်တယ်။ ပန်းခွေချမှ မဟုတ်ဘူး။ အလေးပြုမှလည်း မဟုတ်ဘူး။ အဲဒီကို ရောက်သွားတာ ကိုယ်တိုင် ဂုဏ်ပြုရာ ရောက်တယ်။ ဘုရားရဲ့ စေတီတွေကိုလည်း ဒီလိုဘဲ သိခွင့်ရှိတယ်။
စေတီများ
အဲဒီ စေတီတွေမှာ အခွင့် ကြုံတုန်း သိစရာ တချို့  သိရမယ်။ အခုခေတ်မှာ စေတီလို့  ဆိုရင် အုတ်ခဲတွေ၊ ကျောက်ခဲတွေ တည်ဆောက်ထားတဲ့ အောက်ပိုင်းက ပစ္စယ အဆင့်ဆင့်နှင့် အလည်ပိုင်းမှာ ခေါင်းလောင်းမှောက် ဒီအထက်မှာ ဖောင်းရစ်တွေ၊ ကြာမှောက် ကြာလံတွေ၊ ငှက်ပျော်ဖူး၊ ထီး ဒီလို တည်ဆောက်ထားတဲ့ အဆောက်အဦးလို့  သိနေတယ်။ အဲဒီထဲမှာ စေတီထိုက်တဲ့ တခြား တရားစာ၊ ဓါတ်တော်၊ ဘုရား အသုံးအဆောင်၊ ဘုရားရုပ်ထု၊ ရုပ်ပုံ အဲဒါတွေ တစ်မျိုးမျိုး ပါရတယ်လို့ လည်း သိနေတယ်။
တကယ်တော့ စေတီဟာ အဲဒီလိုမှ မဟုတ်ဘူး။ ဘုရား အထိမ်းအမှတ် ကျောက်တိုင်၊ အုတ်တိုင် တစ်ခုခုကို ဘယ်ပုံစံနဲ့  ဖြစ်ဖြစ် အတွင်းမှာ ဌာပနာ ဘာမှ မပါပါ တည်ဆောက်ထားရင် စေတီပါဘဲ။ အဲဒါ အထိမ်းအမှတ် စေတီပေါ့။ ရုပ်ထု၊ ရုပ်ပုံ ဆွဲယူထုလုပ်ထားရင်လည်း အဲဒီရုပ်ထုနဲ့  ရုပ်ပုံကိုယ်တိုင်ကလည်း အထိမ်းအမှတ် စေတီ တစ်မျိုးပါဘဲ။
ဘုရား အလောင်းကို မီးရှို့ တဲ့ အခါ ကျန်ခဲ့တဲ့ ရုပ်အလောင်း အစအန တစ်ခုခုဟာလည်း တခြား ဘာမှ မပါပါ စေတီပါဘဲ။ ဘုရား အသုံးအဆောင် ကျောင်းသင်္ကန်းတွေလည်း သူတို့ ချည်း စေတီပါပဲ။ တရားဓမ္မ စာတွေ ပေတွေလည်း စေတီပါဘဲ။ တခြား ဘာမှ မပါဘဲ စေတီပေါ့။ ဓါတုစေတီ၊ ဓမ္မစေတီ၊ ပရိဘောက စေတီ တွေဘဲ။ စေတီဆိုလို့  ဆွဲလဲသံ ကြားပြီး ထုံးဖွေးဖွေး ရွှေပြောင်ပြောင် ထူမြင်ဖို့  မဟုတ်ဘူး။ အဲဒါ တစ်ခုတိုင်းဟာ စေတီတွေဘဲ။
အဲဒါတွေကို ဘယ်လို ရိုသေကြမယ်။ ဘယ်လို ဂုဏ်ပြု ကြမယ် ဆိုတာ သိကြပါတယ်။ အဲဒါတွေဟာ ရှိခိုးတာတွေပါဘဲ။
ဘုရားရှိခိုးနဲ့  စပ်လို့  ဘုရားရဲ့ အမြင်တွေဟာ ဘယ်လို ဖြစ်တယ် ဆိုတာ ဒီစကားတွေ အရ သိရမယ်။ ဘုရားဟာ သူ့ ကိုယ်သူ လူတွေ ကောင်းအောင် ဆိုးအောင် ပြုလုပ်နိုင်သူလို့  မခံယူဘူး။ လူတွေကို ကောင်းအောင် သူတို့  ကိုယ် သူတို့  ဆောင်နိုင်ဖို့  လမ်းစဉ်ကို ညွှန်ပြသူသာ ဖြစ်တယ်။ ဒီတော့ လူတွေကို ရှိခိုးနေဖို့ လည်း သူမပြောဘူး။ သူ့ ကို ရှိခိုးနေခြင်းဖြင့် ရှိခိုးသူတွေရဲ့ ကောင်းကျိုး ချမ်းသာကို သူက ဆောင်ရွက်ပေးမယ် လို့  လည်း မပြောဘူး။ ရှိခိုးခြင်းဟာ လေးစားအပ်တဲ့ သူကို လေးစားမှု ပြုခြင်းလောက်သာ အဓိပ္ပါယ် သတ်မှတ်တယ်။ ဒါကြောင့် ရှိခိုးဖို့  မပြောခဲ့သလို မရှိခိုးရဘူးလို့ လည်း မပြောခဲ့ဘူး။ ဂုဏ်ရှိသူကို ဂုဏ်ပြု သလောက်သာ ရှိခိုးဖို့  ညွန်ပြတာဖြစ်တယ်။ ဒီအကြောင်းအရာမှာ ရိုးသားမှု ပြည့်ဝမှု အပြည့်ရှိသလို ဘုရားရဲ့ ရုပ်ပုံလွှာမှာလည်း ရိုးသား ပြည့်ဝမှု မြင်ရတယ်။
စိတ်ဆန်တဲ့ ဘာသာရေးငြင်းတဲ့ ဘာသာရေးခေါင်းဆောင်
ဘုရားဟာ ဒီကနေ့  ခေတ်မှာ ဘာသာရေး ခေါင်းဆောင် အဖြစ် အမြင်ခံနေရပေမယ့် သူ့  ခေတ်က ဘာသာရေး ပုဂ္ဂိုလ်များက ဘာသာမဲ့သူ တစ်ဦးအဖြစ် ရှုမြင်ခံရသူ တစ်ဦး ဖြစ်တယ်။ သူကလည်း ဘာသာတရားတွေရဲ့ စိတ်ဆန်တဲ့ အစဉ်အလာ အများအပြားကို လက်မခံဘဲ ငြင်းဆန်ခဲ့တာကို တွေ့ ရတယ်။
တစ်ခါမှာ ဗြဟ္မဏတွေကို သူပြောခဲ့တယ်။ ဗြဟ္မဏတွေဟာ လူတွေကို အတန်းအစား လေးမျိုးခွဲထားတယ်။ သူတို့  ဗြဟ္မဏက တစ်မျိုး “ခတ္တိယ” (မင်းမျိုး) ကတစ်မျိုး၊ သေဿ (အသည်) မျိုးက တစ်မျိုး၊ သုဒ္ဒ (သူဆင်းရဲ) အလုပ်ကြမ်းသမားက တစ်မျိုး လူတွေကို ဒီလို အတန်းအစား လေးမျိုး ခွဲထားသည်။
ဘုရား(၄၅) ဘုရားနားမကပ်တဲ့ ရဟန်းနှင့်စပ်တဲ့ ဘုရားညွှန်ပြချက်
Labels:
ဘုရား