ဘုရား(၄၄) ဘုရားလက်ထက် ရှိခိုးဝတ်တက်မရှိ

ဘုရား လက်ထက်က ဘုရားကို ကိုးကွယ်တဲ့ ဘုန်းကြီးတွေနှင့် လူတွေ နေ့ စဉ် ဘုရားဝတ်တက်တာ မရှိဘူး။ ဒီလို ဆိုလို့  အဲဒီတုန်းကဘုန်းကြီးတွေ ဘုရားရှိခိုး မခိုးဘူးဆိုလို့ မရဘူး။ သူတို့ အားလုံးဟာ ဘုရားတွေ့ တဲ့ အခါ ရှိခိုးကြမယ့် သူတွေ ဖြစ်တယ်။ ဘုရားဂုဏ်ကို ရွတ်ဆိုမှ ဘုရားရှိခိုးတာလည်း မဟုတ်ဘူး။ သူတို့  အားလုံးဟာ ဘုရားကိုတွေ့ လို့  ရှိခိုးတဲ့ အခါ ဘုရားဂုဏ် စတာတွေကို မရွတ်ဆိုကြဘူး။ ဒါကြောင့် ဒီသူတွေကို ဘုရား ရှိမခိုးဘူး မဆိုရဘူး။


ရှိခိုးမှုနှင့်စပ်တဲ့ ဘုရားစကား
ဘုရားဟာ ရှိခိုးမှုနဲ့  စပ်ပြီး ပြောခဲ့တဲ့ စကားတွေ ရှိတယ်။ ရဟန်းအချင်းချင်း ငယ်သူက ကြီးသူကို ရှိခိုးရမယ်လို့  ဝိနည်းမှာ ပညတ်တယ်။ နောက်ပြီး ရဟန်းမက ဘယ်လောက်ဘဲ ဂုဏ်သိမ်နဲ့  အသက်သိက္ခာ ကြီးနေနေ ရဟန်း ဖြစ်စ ရဟန်းကစပြီး ရဟန်းအားလုံးကို ရှိခိုးရမယ်လို့  ပညတ်တယ်။ ရှိခိုးခံ ရဟန်းဟာ စားသောက်နေစဉ် ရှိခိုး လာသူ ရဟန်းရှင်လူ အားလုံးကို ရှိမခိုးဖို့  တားမြစ် ရမယ်လို့ လည်း ပညတ်တယ်။ ရှိခိုးမှုနဲ့  စပ်ပြီး ဝိနယမှာ ဒီလိုတွေ ရှိတယ်။
ဒါတွေကို ကြည့်ရင် ရှိခိုးတာဟာ လေးစားတာကို ပြတာပဲ။ ရှိခိုးခံသူကလည်း ပြန်လှန်ပြီးလေးစားတာကို ပြရမယ် ဆိုတဲ့ အကြောင်း စားသောက်နေစဉ် ရှိခိုးသူကိုင တားရမယ်ဆိုတဲ့ ပညတ်ချက်က သိသာစေတယ်။ ရှိခိုးခံသူကို လေးစားမှု ပြသောအားဖြင့် အသိအမှတ်ပြုရတယ်ပေါ့။

ရှိခိုးပြဿနာ ဘုရားမှာတက်
ဘုရားကတော့ လောကမှာ သူ အကြီးဆုံးလို့  မှတ်ယူတယ် ဆိုတာ သိရတယ်။ သူ့ ထက် အသက်ကြီးတဲ့ သူတွေကို ရှိခိုးတာ မလုပ်ဘူး။ သူ့ ခေတ်က အဲဒီ ပြဿနာဟာ သူ့ မှာ အတော်ကြီးတဲ့ ပုံပဲ။ ဗြဟ္မဏဆိုတဲ့ ဘာသာရေးသမား ပုဂ္ဂိုလ်ကြီးတွေက ဘုရားကို ဒီအကြောင်းကြောင့်ပဲ စိတ်ပျက် ရွံရှာကြတယ်။

ဝေရဉ္ဇာပုဏ္ဏားနှင့် ဘုရား
တစ်ခါက ဘုရားဟာ ဝေရဉ္ဇာပြည်ကို ရောက်သွားတယ်။ အဲဒီပြည်က အကြီးအကဲ ပုဏ္ဏားကြီးဟာ ဘုရားကို လာတွေ့ တယ်။ သူတွေ့ တဲ့ အကြောင်းကလည်း ဘုရားဟာ ကြီးသူတွေကို ရှိမခိုးဘူးလို့  သိရတယ်။ ဒါ ဟုတ် မဟုတ် လေ့လာမယ် ဆိုပြီး လာတာပဲ။ ဘုရားနဲ့  တွေ့ တော့ ကြားဖူးတဲ့ အတိုင်း ဖြစ်နေတာ တွေ့ ပြီး ဗြဟ္မဏ ကြီးက အတော်ကြီး စိတ်ဆိုးပြီး ဘုရားကို ဆဲဆဲဆိုဆိုတွေ လုပ်တယ်။ဘုရားက ဆဲဆိုတာတွေကို ပရိယာယ်နဲ့  သုံးပြီး သူနဲ့  မဆိုင်ဘူးလို့  ဖြစ်အောင် လုပ်ပြတယ်။ ပြီးတော့ ဗြဟ္မဏကြီးကို သူက ကြီးကြောင်း ပြောပြတယ်။

ဘုရားက အကြီးဖြစ်ကြောင်း ပုံပြပြော
ပြောပုံက ကြက်မဟာ ကြက်ဥ ဆယ်လုံးကို တစ်နေ့  တစ်လုံးကျ ဥပြီး ဝပ်တယ်။ ပေါက်တဲ့ အခါမှာ နောက်ဆုံး ဥတဲ့ ဆယ်လုံမြောက် ကြက်ဥက အစဆုံး ပေါက်ပြီး ပထမဆုံးဥတဲ့ ကြက်ဥက နောက်ဆုံးမှ ပေါက်တယ်။ ဒီတော့ ပထမဆုံးဥပြီး နောက်ဆုံးပေါက်တဲ့ ကြက်ပေါက်ကို အကြီးဆုံးလို့  ပြောမလား၊ နောက်ဆုံးမှ ဥပြီး ပထမဆုံး ပေါက်တဲ့ ကြက်ပေါက်ကိုပဲ အကြီးဆုံးလို့  ပြောမလား၊ ဘယ်လို ထင်သလဲလို့  ဘုရားက ဗြဟ္မဏကြီးကို မေးတယ်။ နောက်ဆုံးမှ ဥပေမယ့် အစဆုံးပေါက်တဲ့ ကြက်ပေါက်ကိုပဲ အကြီးဆုံး ကြက်ပေါက် ပြောရမှာပဲလို့  ဗြဟ္မဏကြီးက ဖြေတယ်။ ဒီတော့ ဘုရားက ပြောတယ်။ ဒါမှန်ရင် ငါက သင်ဗြဟ္မဏကြီးထက် ကြီးတယ်။ သင်ဟာ ငါ့အရင် မွေးဖွားပေမယ့် မလွတ်မြောက်ခြင်းထဲက အခွံအကာ ဖြစ်တဲ့ မသိခြင်း ဥခွံကို မဖောက်နိုင်ဘူး။ ငါက လွတ်မြောက်သူ အဖြစ် မသိခြင်း ဥခွံကို ဖောက်ခွဲ ထွက်ခဲ့ပြီ ဖြစ်တယ်။ ဒါကြောင့် ငါက အကြီးဖြစ်တယ်။
ဘုရားဟာ လောကမှာ သူအကြီးဆုံး ဖြစ်တဲ့ အကြောင်း ဒီနည်းနဲ့  သူ့ ကိုယ်သူ အသိအမှတ် ပြုတယ်။ ဒါ့ကြောင့် သူက ဘယ်သူ့ ကိုမှ ရှိခိုးတာ မတွေ့ ရဘူး။ ဒါပေမယ့် သူ့ ကို ရှိခိုးသူတွေကို အလေးအမြတ်ထား ဆက်ဆံတာ တွေကိုတော့ တွေ့ နိုင်မယ်။ ဒါက အကြောင်းစပ်လို့  သိစေလိုက်တာပါ။ အဓိက လေ့လာရမှာက ဘုရားက တပည့်တွေကို သူရှိခိုးဖို့  ညွှန်မညွှန် သိဖို့ ပဲ။
လေ့လာပြီးချက်အရ ရှိခိုးဖို့  ပညတ်ချက်တွေဟာ ဒီကနေ့  ဘုရားရှိခိုး ဝတ်တက်သလို ရှိခိုးခိုင်းတာ မဟုတ်ကြောင်း သိသာတယ်။ ဒါကို ခိုင်မာအောင် နည်းနည်း ဆက်လေ့လာမယ်။

တရားမြင်အောင်ကျင့်တာနဲ့  တရားမြင်တာ၊ ဘုရားရှိခိုးတာ
ဘုရားက သူ့ ကို ကြည်ညို လေးစားမှု အပြည့်ထားတဲ့ ရဟန်းတစ်ပါးကို ဆုံးမ စကားပြောတယ်။ စကားက တရား မမြင်တဲ့ သူဟာ ငါ့ကို မမြင်ဘူး။ တရားမြင်တဲ့ သူဟာ ငါ့ကို မြင်တယ်လို့ ပဲ။ ဒီစကား အဓိပ္ပါယ်က သက်ရှိထင်ရှား ဘုရားဖြစ်တဲ့သူ့ ကို ဝတ်ပြုနေတာကိုပင် တရားမမြင်ရင် သူ့  မမြင်ဘူးလို့  ပြောတယ်။ အဲဒီ ရဟန်းဟာ တရားမမြင်သူ ဖြစ်တယ်။ ဒါ့ကြောင့် သိပ်တုန်လှုပ်သွားတယ်လို့  သိရတယ်။

တရားမမြင်ပဲ ဘုရားရှိခိုးတာ ဝမ်းနည်းရဖွယ်
တရား မြင်သူတွေဟာ ဘုရားကို မြင်နေသူတွေပဲ။ တရား မမြင်သူတွေဟာ ဘုရားကို မြင်ဖို့  ဘုရား ချီးကျူး စာတွေနဲ့  ဘုရားဟော စာတွေကို ရွတ်ဖတ်ပြီး ဝတ်တက် ဖူးမြင်သော်လည်း ဘုရား မမြင်နိုင်ဘူးလို့  အဓိပ္ပါယ် ရတယ်။ ဘုရားမမြင်ဘဲ ဝတ်တက် ဝတ်ပြုတွေနဲ့  ဘုရားဖူးနေခြင်းဟာ ဘုရားရဲ့ အပြောအဆို ခံရတဲ့ ရဟန်းလို သိပ်တုန်လှုပ် သွားခံရဖို့  ဖြစ်လိမ့်မယ်။ အဲဒီ ရဟန်းဟာ ဘယ်လောက် တုန်လှုပ်သလဲ ဆိုရင် ကြိုးဆွဲချပြီး သေသွားတဲ့ အထိ ဖြစ်တယ်လို့  သိရတယ်။ များစွာ ဝမ်းနည်းဖွယ်ပဲ။

Website counter

Back to TOP