ဘုရားကို ဗုဒ္ဓဘာသာဝင်တွေ ရှိခိုးတာကတော့ ဘာကြောင့်လဲ။ ဘုရားက ဖန်ဆင်းရှင်လည်း မဟုတ်ဘူး။ လူတွေရဲ့ ချမ်းသာ ဆင်းရဲကို ဖြစ်အောင်လည်း မလုပ်နိုင်ဘူး။ ကိုယ့်ချမ်းသာဖို့  ကိုယ်ဘဲ လုပ်ရမှာလို့  ညွန်ပြသူပဲ ဖြစ်တယ်။ ဒီတော့ ဗုဒ္ဓဘာသာဝင်တွေက ဘုရားရှိခိုးတာဟာ တခြားဘာသာဝင်တွေ ဘုရားရှိခိုးတာနဲ့  တူလို့  မရဘူး။ တခြားဘာသာဝင်တွေရဲ့ ဘုရားရှိခိုးမှုဟာ ဘုရားကို မမေ့ကြောင်း ချစ်ခင်ကြောင်း ဂုဏ်ပြုကြောင်း ပြကြ တာတွေဘဲ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရှိခိုးတာက ဘာတွေလဲ။ တခြားဘာသာတွေက ဒီလို လုပ်ရတာရဲ့ အကြောင်းတွေက ကိုယ့်ကို ဘုရားကသိအောင် ကယ်အောင် ရည်ရွယ်ချက်နဲ့ ဖြစ်တယ်။ ဒီလို ကယ်နိုင်တယ်လို့  လည်း သူတို့ ခံယူတယ်။ ဗုဒ္ဓဘာသာဝင်တွေက ဒီလိုခံယူချက် မရှိဘူး။ ဒီတော့ ဘယ်လို ရည်ရွယ်ချက်နဲ့  ဒီလိုတွေ လုပ်ကြတာလဲ။
ဘုရားရှိခိုးစာကို ဘယ်သူရေးသလဲ
ဘုရားရှိခိုးစာတွေ ပါတဲ့ အတိုင်း ကျက်မှတ်ပြီး လုပ်ကြတာလား။ ကိုယ့်စိတ်နဲ့  ကိုယ်လုပ်ကြတာလား။ ဘုရားရှိခိုး စာတွေအတိုင်း ရှိခိုးကြတာဘဲ တွေ့ ရဖို့ ရှိတယ်။ ဘုရားရှိခိုးစာတွေက ဘယ်သူရေးတာလဲ။ အဲဒီ ရေးချက်တွေဟာ ဘုရားရဲ့ ညွှန်ပြချက် ဘယ်လောက်ပါသလဲ။ ဒါ စီစစ်ကြည့်ရမယ်။
ဘုရားလက်ထက်က ဘုရားက သူ့ ကို ရှိခိုးဖို့ နဲ့  စပ်ပြီး ဘယ်လို ညွှန်ပြခဲ့တာလဲ။ ဒါမလေ့လာခင် ရှိခိုးကို အဓိပ္ပါယ် ဖွင့်ထားကြဦးစို့ ။
ရှိခိုးအဓိပ္ပါယ်
ရှိခိုးတယ် ဆိုတာ ပါဠိလို အဓိပ္ပါယ်က “နမေ” ညွှတ်ခြင်းလို့  ဖြစ်တယ်။ ညွှတ်တယ်ဆိုတာ အကောင်မြင် စိတ်ဓါတ် ဖြစ်တာလို့  အကြမ်းဖျင်း ပြောရမယ်။ ဒီညွှတ်တာဟာ ပြသစရာသုံးခု ရှိတယ်။ ကိုယ်နဲ့ လည်း ပြလို့  ရတယ်။ နှုတ်နဲ့ လည်း ပြလို့ ရတယ်။ စိတ်နဲ့ လည်း ပြလို့ ရတယ်။ ဒါကြောင့် ဒီသုံးမျိုးကို ရှိခိုးတာ သုံးမျိုးလို့  ပြောရမယ်။
လေးစားနဲ့  ရှိခိုး
ရှိခိုးတာဆိုလို့  လက်နှစ်ဖက်ကို ယှက်ပြီး ခေါ်ပေါ်တင်မှ ရှိခိုးတာလို့  အသိများကြတယ်။ ဒါဟာ ကိုယ်နဲ့  ရှိခိုးတာထဲက တစ်မျိုးဘဲ ဖြစ်တယ်။ တခြားနည်းတွေနဲ့  ရှိခိုးတာလည်း ရှိတယ်။ အခုခေတ် အနိုင်နိုင်ငံက လူတွေ တစ်ဦးကို တစ်ဦး ကိုယ်အမှုအရာနဲ့  လေးစားကြောင်း ပြသချက်တွေဟာ ကိုယ်နဲ့  ရှိခိုးတာတွေ ဖြစ်တယ်။ ဘုရား လက်ထက်ကလည်း ဒါမျိုးတွေ ရှိတယ်။
ကိုယ်နဲ့  ညွတ်တဲ့ ရှိခိုးပုံစံ
တနေ့ မှာ ပုဏ္ဏားကြီးတစ်ယောက်က ဘုရားကို ဆည်းကပ်တယ်။ အဲဒီ ပုဏ္ဏားကြီးဟာ ဂုဏ်သရေရှင်ကြီး ဖြစ်တယ်။ သူကို ဘုရားကို လျှောက်တယ်။ သူ့ လူထဲသူထဲ ရှိနေတုန်းမှာ ဘုရားကို မြင်ရင် လက်မြှောက်ပြပါ မယ်။ ဒါကို ရှိခိုးတယ်လို့  အသိအမှတ်ပြုပေးပါ။ ရထားနဲ့  သွားနေစဉ် ဘုရားကို မြင်ရင် ရထားမောင်းတဲ့ နှင်တံကို မြှောက်ပါ့မယ်။ ဒါလည်း ရှိခိုးတာလို့  ဘုရားက အသိအမှတ်ပြုပါ။ ဘုရားက ဒီလျှောက်ထားချက်တွေကို လက်ခံတယ်။ ဒါကိုကြည့်ရင် ကိုယ်နဲ့  ရှိခိုးတယ် ဆိုတာ လေးစားကြောင်း ကိုယ်အမူအရာ ပြသချက် တစ်ခုခု ဖြစ်ကြောင်း သိသာတယ်။
ဘုရားဟောတဲ့ ရှိခိုးပုံစံ
ကိုယ်နဲ့  ရှိခိုးတာကိုအနက်အဓိပ္ပါယ်ပေါ်ဖို့  တခြားအကွက်တစ်ကွက်လည်း ဘုရားဟောထားတာတွေ့  ရတယ်။ အဲဒါက သိင်္ဂါလဆိုတဲ့ လူငယ်တစ်ယောက်ကို ဟောတဲ့ အချက်ဘဲ။ သိင်္ဂါလက အရပ်မျက်နှာတွေကို ရှိခိုးတယ်။ ဒါကို ဘုရားကတွေ့ တော့ မေးတယ်။ သူ့ အဖေမှာတဲ့ အတိုင်း လုပ်တာလို့  ဖြေတယ်။ အဲဒီမှာ ဘုရားက သူ့  အဖေ အမှာနဲ့  တည့်အောင် ဟောပြောတယ်။ အရိယာတို့  အဆုံးအမမှာ အရှေ့ အရပ်မျက်နှာဆိုတာ မိဘနှစ်ပါးကို ပြောတာ ဖြစ်တယ်။ တောင်မျက်နှာဆိုတာ ဆရာသမားတွေကို ပြောတာ ဖြစ်တယ်။ မြောက်မျက်နှာဆိုတာ မိတ်ဆွေ သင်္ဂဟများကို ပြောတာ ဖြစ်တယ်။ အနောက်မျက်နှာ ဆိုတာ သားမယားများကို ပြောတာ ဖြစ်တယ်။ အထက်အရပ်မျက်နှာဆိုတာ ရဟန်းများ သူတော်စင်များကို ပြောတာ ဖြစ်တယ်။ အောက် အရပ် မျက်နှာဆိုတာ အခိုင်းအစေ အလုပ်သမား ကျေးကျွန်များကို ပြောတာ ဖြစ်တယ်။ အရပ်မျက်နှာကို ရှိခိုးရ မယ်ဆိုတာ အဲဒါတွေကို ရှိခိုးရမယ်လို့  ပြောတာ ဖြစ်တယ်။ ဘုရား ဒီလို ဟောခဲ့တာ ဖြစ်တယ်။
ကိုယ့်အောက်ကလူ ဘယ်လိုရှိခိုးမလဲ
ဘုရားက ရှိခိုးတာနဲ့  စပ်ပြီး ရှိခိုးစရာတွေကို ဒီလိုဟောခဲ့တော့ ဒါတွေကို ဘယ်လိုရှိခိုးမလဲ။ အထူးအားဖြင့် ဒါတွေထဲက အလုပ်သမား ကျေးကျွန်နဲ့  မယား သားသမီးတို့ ကို ဘယ်လို ရှိခိုးမလဲ။ လက်အုပ်ချီ ရှိခိုးလို့  ဖြစ်မလား။ သူတို့ ကို လေးစားကြောင်း ပြသတဲ့ အနေနဲ့  သူတို့ အပေါ် ကိုယ်က ထားရမယ့် တာဝန် ဝတ္တရား တွေကို အကျေအပွန် ဆောင်ရွက်ခြင်းဟာ ကိုယ်နဲ့  ရှိခိုးခြင်းဘဲ ဖြစ်တာ အထင်အရှား သိခွင့် ရှိတယ်။ ဒါကို ထောက်ကြည့်ရင် ကိုယ်နဲ့  ရှိခိုးတယ် ဆိုတာ သတ်မှတ်ထားတဲ့ ကိုယ်အမူအရာ တစ်ခုခုကို ပြုလုပ်ခြင်းလို့  အဓိပ္ပါယ် မထွက်ဘူး။ တာဝန်ကျေခြင်း အားဖြင့် လေးစားကြောင်း ပြသတဲ့ ကိုယ်အမူအရာတိုင်းဟာ ကိုယ်နဲ့  ရှိခိုးတာ ဖြစ်ကြောင်း သိသာနိုင်တယ်။
နှုတ်နဲ့  ရှိခိုးတယ်ဆိုတာ စကားနဲ့  လေးစားကြောင် ပြသတဲ့ ပြောဆိုမှုတွေဘဲ။ နှုတ်ဆက်တာက အစ ချီးကျူးတဲ့ ဂါထာ ကဗျာတွေ ရွတ်ဆိုတာ အထိ အားလုံး ပါနိုင်တယ်။
စိတ်နဲ့  ရှိခိုးတာလည်း စိတ်က မပြစ်မှားဘဲ စိတ်ကောင်းထားပြီး ရှိခိုးတဲ့ သူအပေါ် အကောင်အမြင် အကောင်းတွေးတွေ တစ်မျိုးမျိုး ဖြစ်ပွားတဲ့ ကိုယ်၊ လက်၊ မျက်နှာ ရှိနေတာတွေဟာ စိတ်နဲ့  ရှိခိုးတာ ပါဘဲ။ ရှိခိုးတယ် ဆိုတာ ဒီသုံးခုလုံးနဲ့  လုပ်မှ ရှိခိုးတာ မဟုတ်ပါဘူး။ သင့်ရာ လုပ်သွားဖို့  ပါဘဲ။ ဒါက ဘုရားဟောတဲ့ ရှိခိုးတာနဲ့  စပ်တဲ့ သိစရာ အချက်ဘဲ။
ဘုရားဟောတဲ့ ရှိခိုးဆိုတာဟာ အလေးပြုတာနဲ့  သဘောတူဖို့  ရှိတယ်။ လေးပြုတာ အကြီးအငယ်မရွေးကို လေးစားမှု ပြုတာ ဖြစ်တယ်။ ဘုရားဟာ ရဟန်းတွေ လူတွေကို ရှိခိုးဖို့  မပြောဆိုဘူး။ ဒါပေမယ့် သူ့ ကို လေးစားတဲ့ သူတွေကတော့ ရှိခိုးတာတွေလုပ်ကြတယ်။ အဲဒီမှာလည်းရှိခိုးစာတွေဖွဲ့ နွဲ့ ရှိခိုးကြတာတွေ့  ရတယ်။ အများကတော့ နှုတ်နဲ့  ရှိမခိုးကြဘူး။ ကိုယ်နဲ့ ဘဲ ရှိခိုးကြတယ်။ စိတ်နဲ့ လည်း ရှိခိုးကြသူတွေ အများအပြား ရှိမှာပါ။ ကိုယ်နဲ့  ရှိခိုးတာ နှုတ်နဲ့  ရှိခိုးတာတွေဟာ ဘုရားမျက်မှောက် ရောက်တဲ့ သူတွေ လုပ်ကြတာဘဲ။ ရောက်တဲ့ နေရာက ဘုရားရှိရာကို မှန်းပြီး နေစဉ်ညစဉ် ဝတ်ပြုရှိခိုးတဲ့ ဘုန်းကြီးတွေရော လူတွေပါ ရှိတယ်ဆိုတဲ့ အမှတ်အသား မတွေ့ ရဘူး။
ဘုရား(၄၃) ဗုဒ္ဓဘာသာဝင်တွေ ဘာကြောင့် ဘုရားရှိခိုး
Labels:
ဘုရား