စိတ်ဟာ အာရုံတစ်ခုမှာ တည်နေရင် မတွေးတတ်ဘူး။ မတွေးတတ်ရင် ရှောင်စရာနဲ့  ဆောင်စရာကို မသိဘူး။ ဒီတော့ ရှောင်နေတာလည်း မဟုတ်ဘူး။ ဆောင်နေတာလည်း မဟုတ်ဘူး။ သီလဟာ ရှောင်စရာကို ရှောင်ပြီး ဆောင်စရာကို ဆောင်နေတဲ့ လုပ်ငန်းဖြစ်တယ်။ ဒါကြောင့် စိတ်ကို ကြိုက်ရာ အာရုံတစ်ခုမှာ တည်နေအောင် လုပ်တဲ့ ဘာဝနာဟာ သီလနဲ့  မပတ်သက်ဘူး။ သီလဆောက်တည်ပြီး အိပ်နေတဲ့ သူလိုပဲ ဖြစ်တယ်။ အိပ်နေသူ ဟာ သီလပျက်နေတာ မဟုတ်သလို သီလပွားနေတာလည်း မဟုတ်ဘူး။ ကြိုက်ရာ အာရုံမှာ စိတ်တည်အောင် ထားပြီးတဲ့ ဘာဝနာ လုပ်ငန်းဟာ သီလအတွက် အိပ်နေသူနဲ့  တူတယ်။ ဒါ့ကြောင့် ဒီဘာဝနာဟာ ဘယ်အမျိုးအစား ဖြစ်ဖြစ် ဘုရားဘာဝနာ မဟုတ်ဘူး။
ပုတီးလုံးလေးတွေ တစ်လုံးချင်းချပြီး ဘာဝနာပွားတာ၊ စက္ကူစာလိပ်ကို အထပ်ထပ်လှည့်ပြီး ဘာဝနာပွားတာ အစရှိတာတွေဟာ ဘုရားမရှိတဲ့ နောက်မှ ပေါ်တဲ့ ဗုဒ္ဓဘာသာထဲက ဘာဝနာတွေပဲ။ ဘုရားဟောတဲ့ ဘာဝနာနဲ့  သဘော ခြားနားတာသာမက လက်တွေ့  ခြားနားချက်ပါ ထင်းရှားချက်တွေ ဖြစ်တယ်။
ဂုဏ်တော်ပွားပုံမှား ဘုရားဘာဝနာမဟုတ်
ဘုရားကစိတ်ပျက်နေတဲ့သာသနာ့ဝန်ထမ်းသူရဟန်းတွေကိုစိတ်ပျက်လို့ ဖြစ်တဲ့ကြောက်ရွံ့ တွန့် ဆုတ်မှုများ မဖြစ်ပွားအောင် နည်းပေးခဲ့တယ်။ အဲဒါက သူ့ ကို အောက်မေ့ဖို့  ဒါမှမဟုတ် တရားနဲ့  သံဃာကို အောက်မေ့ဖို့ ပဲ။ ဒီလို အောက်မေ့တာကိုလည်း ဒီခေတ်မှာ ဘာဝနာဆိုပြီး အတော်များများ ပွားကြတယ်။ ဒါလည်း ဘုရားက ဘာဝနာအဖြစ် ဟောခဲ့တာ မဟုတ်ဘူး။ ဒါ့ကြောင့် ဒါပွားတာလည်း ဘုရားရဲ့ ဘာဝနာပွားတာ မဟုတ်ဘူး။
မေတ္တာပွားပုံမှား ဘုရားဘာဝနာမဟုတ်
နောက်တစ်နေရာလည်း စိတ်ဓါတ်ခြောက်ခြားကြတဲ့ ဘုန်းကြီးတွေကို မေတ္တာပွားဖို့  ဟောခဲ့ဘူးတယ်။ ဒါ့ကြောင့် ဒီခေတ်မှာလည်း ဒီဘာဝနာ ခေတ်စားတယ်။ ဒါပေမယ့် ပွားတာမှာတော့ ဘုရားဟောတဲ့ ဘာဝနာ မဖြစ်ဘူး။ အကြောင်းကတော့ သီလနဲ့  အဆက်ပြတ်လို့ ပဲ။ ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံး ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။ ဒီလိုပဲ ရွတ်ဖတ်မှန်းတမ်းနေကြတာ လုပ်ကြလို့ ပဲ။ မေတ္တာက ဒီလို မှန်းတမ်းရွတ်အံနေဖို့  မဟုတ်ဘူး။ အဲဒီဟောချက်မှာပဲ မေတ္တာထားပုံ အချက်တွေ ဘုရားဟောထားတယ်။
မေတ္တာမှန်ပွား ဘုရားဘာဝနာ
အဲဒါတွေက လူတွေအပေါ် စွမ်းစွမ်းတမံ ဆောင်ရွက်မှု၊ စိတ်ရောကိုယ်ပါ ဖြောင့်ဖြောင့် ဖြူဖြူး ဆက်ဆံမှု၊ ပြောဆိုလွယ်အောင် နေထိုင်မှု၊ မာန်မထောင်မှု၊ ရောင့်ရဲမှု၊ ဆက်ဆံရေး ပြေပြစ်မှု၊ အေးဆေးမှု၊ နူးနူးညံ့ညံ့နေမှု၊ ပေါ့ပါးမှု၊ ဣနြေ္ဒရမှု၊ ရင့်ကျက်မှု၊ မကြမ်းကြုတ်မှု၊ တဏှာမစွဲမှု၊ သာမန်အသိရှိသူတွေကပင် အကဲ့ရဲ့ မခံရအောင် နေမှု၊ ဒီဆယ့်ငါးမျိုးနဲ့  လူတွေကို ဆက်ဆံတာဟာ မေတ္တာထားတာပဲ။ မေတ္တာဘာဝနာကို ပွားတယ်ဆိုတာနူတ်နဲ့  ရွတ်ပွားရမှာ မဟုတ်ဘူး။ စိတ်နဲ့  မှတ်ပွားရမှာလည်း မဟုတ်ဘူး။ ဒီဆယ့်ငါးမျိုးထဲက ကျသင့်ရာနဲ့  ပွားရမှာ။
ဒီဆယ့်ငါးမျိုးဟာ သီလသဘောသက်ဝင်မှုနဲ့  မကင်းတဲ့ အချက်တွေ ဖြစ်တယ်။ ဒီလိုပွားမှ မေတ္တာဘာဝနာဟာလည်း ဘုရားဟောတဲ့ ဘာဝနာ ဖြစ်တယ်။ မွှန်းနေ ရွတ်နေတာတွေ လုပ်ပြီး မေတ္တာပွားရင် ဒါလည်း ဘုရားမဟောတဲ့ ဘာဝနာပဲ ဖြစ်တယ်။
ဘာဝနာဟောချက်နဲ့  ဘုရားရုပ်ပုံလွှာကိုကြည့်ခဲ့ရပြီ။ ဘုရားဟောတဲ့ဘာဝနာဟာ တခြားဘယ်ဘာဝနာနဲ့ မှ မတူဘဲ ဖြစ်လိမ့်မယ်။ သူ့ ဘာဝနာက လူသားတွေ တစ်ဦးနဲ့  တစ်ဦး ချောချောပြေပြေ စုစည်းနိုင်ဖို့  ဆိုင်ရာ အချက်တွေ ဖြစ်နေတာ ထင်ရှားတယ်။ သီလဟာ လူအချင်းချင်း ဆက်ဆံရေးရဲ့ စည်းကမ်းပဲ။ ဒီစည်းကမ်းကို ပျက်ကြရင် လူတွေ စိတ်ဝမ်းကွဲပြီး ပြန့် ကျဲကြမှာပဲ။ ဒီလိုဖြစ်ရင် ဒီလူတွေ ငြိမ်းချမ်းခြင်း အပျောက်ခံရမယ်။ ဒီလို မဖြစ်အောင် သီလပွားဘို့  သီလကို ဘာဝနာတရားအဖြစ် ဟောခဲ့တယ်။ သီလမဟုတ်တဲ့ ဘာဝနာတွေကလည်း သီလနဲ့  စပ်တာတွေချည်း ဖြစ်တာ တွေ့ ရတယ်။
ဘာဝနာပြချက်ကပေါ်တဲ့ ဘုရားရုပ်သွင်
ဘုရားရဲ့ ဘာဝနာဟာ လူသားတွေအတွက် ရှင်းလင်း ပီပြင်လွန်းတယ်။ တခြား ဘာဝနာတွေလို မှော်ဆရာရဲ့ သေတ္တာမျိုး မဟုတ်ဘူး။ ဒီဘာဝနာကို ဟောတဲ့ ဘုရားရဲ့ ရုပ်သွင်ကလည်း ဒီဘာဝနာလိုပဲ လူတိုင်းနားလည် နိုင်အောင် ရှင်းလင်းပီပြင်လွန်းတဲ့ ရုပ်သွင်ဖြစ်တယ်။ ဒါဟာ ဘာဝနာမှာပေါ်နေတဲ့ ဘုရားရဲ့ ရုပ်သွင်ပဲ ဖြစ်တယ်။
ရှိခိုးခြင်းနှင့် ဘုရား
ဘုရားရဲ့ ရုပ်လွှာကို ဘုရားကို ရှိခိုးခြင်းနှင့် ဆက်စပ်ပြီး လေ့လာ ရှုကြည့်ရအောင်။ ဗုဒ္ဓဘာသာတွေဟာ ဘုရား ရှိခိုးတယ် ဆိုတာကို ပြုလုပ်ကြတယ်။ ဘာသာတိုင်းလည်း ဘုရားရှိခိုးတာဟာ ရှေ့ တန်းကျတဲ့ ဘာသာရေး အလုပ်ဖြစ်တယ်။ ဒီလုပ်ငန်းမှာ ဗုဒ္ဓဘာသာတွေလည်း တခြား ဘာသာတွေအောက် မလျှော့အောင် ရှိကြတယ်။
ဘာသာခြားတွေ ဘာကြောင့်ဘုရားရှိခိုး
ဘုရားရှိခိုးမှုနဲ့  စပ်လို့  လူတွေကို ဘုရားက ဘယ်လိုတွေများ ပြောထားခဲ့တာ ရှိလို့ လဲ။ တခြား ဘာသာတွေမှာ ရှိခိုးကြတာက သူ့  အဓိပ္ပါယ်နဲ့  သူ ရှိတယ်။ အဓိပ္ပါယ်က တခြားဘာသာတွေရဲ့ ဘုရားတွေဟာ ဖန်ဆင်းရှင်တွေ ဖြစ်တယ်။ လောကကြီးကိုရော လောကကြီးမှာ ရှိရှိသမျှတွေ အားလုံးကိုပါ အဲဒီဘုရားတွေက ဖန်ဆင်းထားတယ် လို့  ဆိုတယ်။ ဒီတော့ အဲဒီဘုရားတွေဟာ လူတွေအတွက် ဘုရားအဖြစ်တင်မက အရှင်သခင် အဖြစ်ပါ ဖြစ်ကြတယ်။ ကိုယ့်ကို ဘုရားက ဖန်ဆင်းတယ်။ ကိုယ့်ရဲ့ ဆင်းရဲ ချမ်းသာကိုလည်း ဘုရားအလိုကျဘဲ ဖြစ်ရတယ် ဆိုတော့ ဘုရားဟာ ကိုယ့်အတွက် ကြောက်စရာ အကောင်းဆုံးဘဲ။ ဒါမှမဟုတ် ချစ်စရာ အကောင်းဆုံးသူပေါ့။ ကြောက်ခြင်းနဲ့  ချစ်ခြင်းဟာ နှစ်ခုကွဲပေမယ့် အပူနဲ့  အအေးလို တစ်ခုတည်းရဲ့ နာမည်ပါ။ ကြောက်တာ ချစ်တာ ဖြစ်ပြီဆိုရင် ကြောက်စရာနဲ့  ချစ်စရာကို လူတွေ ရှိခိုးကြရမှာဘဲ။ တခြား ဘာသာဝင်တွေ ရှိခိုးတယ် ဆိုတာ ဒါကြောင့် ဖြစ်တယ်။
ဘုရား(၄၂) ရှောင်ဖွယ်၊ ဆောင်ဖွယ် မဟုတ်တဲ့အာရုံမှာ စိတ်ထား၊ ဘုရားဘာဝနာမဟုတ်
Labels:
ဘုရား