ဘုရား(၄၁) သမထနဲ့  ဝိပဿနာ အရများ

ဝိပဿနာဆိုတာ အထူးထူးအပြားပြား ရှုကြည့်မှုလို့  အဓိပ္ပါယ်ရတယ်။ သမထနဲ့  အဓိပ္ပါယ်ခြင်းက တခြားစီပဲ။ သမထက စိတ်အေးအောင်လုပ်တာ (အမှတ်မဲ့အောင်လုပ်တာ) ပေါ့။ ဝိပဿနာက ရုပ်အေး အောင်လုပ်တာ၊ ဒါမှ မဟုတ် ရုပ်မဲ့အောင် လုပ်တာပေါ့။
သမထက ရူပဈာန်သမာဓိရဲ့ နာမည်ပဲ။ ဝိပဿနာက အရူပ ဈာန်သမာဓိရဲ့ နာမည်ပဲ။ ဒီနှစ်ခုဟာ စိတ်တည်ကြည် မှုခြင်း မတူပါဘူး။ ဒါ့ကြောင့် ဘာဝနာဟာ နှစ်မျိုး မပြားပါဘူး။ ဒါပေမယ့် ကိုယ်ရောက်တဲ့ နေရာမူတည်ပြီး ခွဲခေါ် နေကြတာ ဖြစ်တယ်။ ဒါတွေဟာ ဘုရားဟောတဲ့ ဘာဝနာတွေ မဟုတ်ပါဘူး။


သမထနဲ့  ဝိပဿနာဟာ ဘုရားဟောဘာဝနာ အနက်မဖော်နိုင်

ဘုရားက ဘာဝနာကို သမထလို့ လည်း မပြောဘူး။ ဝိပဿနာလို့ လည်း မပြောဘူး။ ဒါ့ကြောင့် အဲဒီနာမည်တွေဟာ ဘာဝနာရဲ့ အနက်ကို ပြည့်စုံအောင် မဖော်နိုင်ဘူး။ ဘုရားဘာဝနာက စိတ်လုပ်ငန်းချည်းပဲ မဟုတ်ဘူး။ ဝိပဿနာကို ပညာလုပ်ငန်းလို့  အမည်တတ်ရင်တောင် ဘုရားဘာဝနာက ပညာလုပ်ငန်းချည်ပဲ မဟုတ်ဘူး။ ဒါ့ကြောင့် ဘာဝနာကို သမထ၊ ဝိပဿနာလုပ်ငန်းလို့  အဓိပ္ပါယ်ပြန်လို့  မရဘူး။

ဘုရားဘာဝနာမှာ အပိုင်းသုံးပိုင်းရှိ
ဘုရားက ဘာဝနာမှာ အပိုင်းသုံးပိုင်း ရှိတယ်လို့  သတ်မှတ်ခဲ့တယ်။ ပထမပိုင်းက သီလပဲ၊ ဒုတိယက သမာဓိ၊ တတိယက ပညာပဲ။ ဘုရားဘာဝနာမှာ ဒီလိုသုံးပိုင်းကွဲပေမယ့် တစ်ခုနဲ့ တစ်ခု သီးခြားစီပဲ တည်ရှိတာ မဟုတ်ဘူး။ သုံးခုပေါင်းမှ ဖြစ်နေတဲ့ တစ်ခုကို ဘာဝနာလို့  ခေါ်တာဖြစ်တယ်။ သုံးခု ဆက်စပ်ပုံကို ဘုရားမိန့်  ကြားခဲ့တယ်။ သမာဓိဆိုတာ သီလတွေကို အထပ်ထပ် ဖြစ်စေတာရဲ့ နာမည်ဖြစ်တယ်။ သမာဓိနဲ့  ပညာဟာ အရင်းနဲ့  အဖျားနှစ်ပါး ဖြစ်ပေမယ့် တစ်သားတည်းထဲ ဆိုတာ သိနိုင်တယ်။ သမာဓိဆိုတာလည်း သီလတွေ အထပ်ထပ် ဖြစ်စေရာက ဖြစ်တဲ့ အရာဖြစ်တယ်။ ဒီတော့ သမာဓိနဲ့  သီလလည်း အဖျားနဲ့  အရင်းရယ်လို့  နှစ်သွင် ပြားပေမယ့် အနှစ်အသား တစ်ခုတည်း ဖြစ်တယ်။ ဒီတော့ ပညာနဲ့  သီလလည်း ဒီလိုပဲ နှစ်သွင်ပြား ပေမယ့် တစ်သားတည်းရဲ့ အမည်ပဲ။

သီလ၊ သမာဓိ၊ ပညာ တစ်ခြားစီဖျက်တာ ဘာနာပျက်
ဘုရားဘာဝနာဟာ သီလလည်းပါတယ်။ သမာဓိလည်း ပါတယ်။ ပညာလည်းပါတယ်။ ဒီသုံးခုကလည်း စ၊ လယ်၊ ဆုံး အဖြစ် သုံးခုပြားပေမယ့် ဒီသီလထဲမှာပဲ သမာဓိ ပညာဓါတ်တွေ သွင်းထားတယ်။ သမာဓိမှာလည်း သီလဓါတ် ပညာဓါတ်တွေ ဝင်နေတယ်။ ပညာမှာလည်း သီလဓါတ်၊ သမာဓိဓါတ်တွေနဲ့  တည်ဆောက်ထားတာပဲ။ ဒီသုံးခုကို ခွဲလို့  မရဘူး။ ခွဲရင် ဘုရားဘာဝနာ အဖြစ်ကပျက်တာပဲ။ ဘုရား ဘာဝနာဟာ ဒီသုံးခုပေါင်းရဲ့ အမည်ပဲ။

သီလ၊ သမာဓိကဟာ ဘယ်လို့ အချင်းချင်းဝင်ကြသလဲ

သီလထဲ သမာဓိ၊ ပညာဝင်ပုံပြောမယ်။ သီလပျက်လို့  အကျိုးနည်းမှာ မြင်အောင်လုပ်တာက သမာဓိ။ ကာလ၊ ဒေသ၊ ပုဂ္ဂလမရွေး အကျိုးနည်းတာတွေကို လိပ်ပတ်လည်အောင် သိမြင်တာက ပညာ။ အဲဒီလို အလျော်သိ ဖြစ်စေ၊ ထိုးထွင်းသိဖြစ်စေသိလို့  သီလ ဖျက်ချင်စိတ်တွေ ဖယ်ရှားပြီး သီလမြဲနေတာ ဖြစ်တယ်။
ဒီလို သီလမျိုးမဟုတ်ရင် သီလထဲ သမာဓိ ပညာ မဝင်ရင် သီလကို ဘယ်လောက်စောင့်စောင့် အဲဒီသီလဟာ ဘုရားဟောတဲ့ ဘာဝနာ မဟုတ်ဘူး။
သမာဓိထဲ သီလ၊ ပညာဝင်ပုံ ကြည့်ကြမယ်။ သမာဓိမှာ အစိတ်အပိုင်းသုံးခု ရှိတယ်။ သီလရှိဖို့  လုံ့ လထားမှု၊ သီလရှိအောင် ကြိုတင် သတိထားမှုနှင့် သီလမြဲအောင် သီလဖျက်ရဲ့ အကျိုးနည်းပုံ လေ့လာမှု ဒီသုံးပါး ဖြစ်တယ်။ ကြိုးစားမှု၊ သတိထားမှုနှင့် လေ့လာမှုပေါ့။
သီလကိုပဲ မူတည်ထားတဲ့ အချက်သုံးချက်ပဲ။ ဒီအချက် သုံးချက်ကို ပွားလိုက်တော့ သီလပျက်လို့  မဖြစ်ပုံ အသိပညာ ဝင်လာတာပဲ။ သီလနဲ့  ပညာဟာ သမာဓိထဲမှာ ဒီလို ဝင်နေတယ်။ ပညာထဲမှာ သီလနဲ့  သမာဓိ ဝင်ပုံလည်း ထင်ရှားတယ်။ ပညာဆိုပေမယ့် သီလနဲ့  မစပ်တဲ့ သိစရာတွေကို သိတာ မဟုတ်ဘူး။ သီလဖျက်ရဲ့ အကျိုးနည်းပုံကို လေ့လာလို့  သိတဲ့အသိဖြစ်တယ်။

သီလခံယူပြီးပွားပေမယ့် ပွားတာမှာ သီလမပါ ဘာဝနာ မဖြစ်

သီလ၊ သမာဓိ၊ ပညာဟာ သုံးခုပြားပေမယ့် တခြားစီ မဟုတ်ဘူး။ တစ်သားတည်းပဲ ဖြစ်တယ်။ အဲဒီအရာဟာ ဘုရားဟောတဲ့ ဘာဝနာပဲ။ ဒါကို နေရာအတော်များများမှာ ဘုရားဟောတယ်။ ပွားရမယ့် အရာဟာ ဒီသိက္ခာ သုံးပါးပဲ ရှိတယ်။ တခြားပွားစရာတွေဟာ ဘုရားညွန်ပြတဲ့ ပွားစရာ မဟုတ်ဘူး။ အဲဒါတွေဟာ သီလမဝင်ကြဘူး။ ဒါတွေ မပွားခင် သီလ ဆောက်တည်ထားတာပဲ ပြောကောင်း ပြောမယ်။ ဆောက်တည်ပြီး ပွားပေမယ့် ပွားတဲ့ လုပ်ငန်းက သီလနဲ့  မစပ်ဘဲ ဖြစ်နေတာ တွေ့ ရမယ်။

ပွားတာထဲ သီလမပါပဲပွားပုံ
သီလနဲ့  မစပ်ပုံက သီလပျက်ရင် ပြင်ဆင်ဖို့  ကောင်းရင် ဒီထက်ကောင်းဖို့  လုံးလထုတ်ချက်တွေ မပါဘူး။ သီလပျက်ဖို့  အကြောင်း ဟိတ်တွေ ကြိုတင်သတိထားပြီး ဖျောက်ဖျက်တာလည်း မပါဘူး။ သီလပျက်လို့  အကျိုးနည်းပုံ လေ့လာတာလည်း မပါဘူး။ ဒါတွေ မပါဘဲ ဆောက်တည်ခဲ့တဲ့ သီလကို ဆောက်တည်ရာမှာ ထားပြီး စိတ်ကို ကိုယ်ထားချင်တဲ့ အာရုံတစ်ခုမှာ ထားတာဟာ သီလနဲ့  ဘယ်စပ်မလဲ။

Website counter

Back to TOP