ဘုရား(၄၀) ဝိသုကဖြစ်က မသုံးသင့်

ဒါကြောင့် ဒါတွေကို သုံးသင့် မသုံးသင့်ကို ဘုရားပညတ်ခဲ့နဲ့  မပညတ်ခဲ့ကို မဆုံးဖြတ်သင့်ဘူး။ ဝိသုက (ငြောင့် တံကျင်) ဖြစ်မှု မဖြစ်မှုနဲ့ ပဲ ဆုံးဖြတ်သင့်တယ်။ ဝတ္ထု၊ ကာတွန်း၊ စာနယ်ဇင်း၊ ရေဒီယို၊ တီဗီတွေက လူ့ လောကကို (ငြောင့် တံကျင်) ဖြစ်တာတွေ ပေးနေရင် အဲဒါတွေ မသုံးသင့်ဘူး။ ဒီလိုမဟုတ်ရင် အဲဒါတွေ သုံးသင့်တယ်။

ဘုရားဟာ ဒါတွေအားလုံးပေါင်းကို ခေါ်တဲ့ အနုပညာဆိုတာကို ဒီလို သဘောထားခဲ့တယ်။ ဒီသိက္ခာပုဒ်ရဲ့ အဖွင့်ဟာ ဒီသဘောထားပြမှုကို အလွန်ထင်ရှားစေတယ်။ ဘုရားရဲ့ အနုပညာ သဘောထားဟာ ခေတ်ကာကရဲ့ တိုက်စားမှုကို မခံရမယ့် သဘောထားဖြစ်တယ်။ အလွန်ပဲ လေးနက်တယ်။ လူသားအကျိုးနဲ့  တစ်ထပ်တည်း ဖြစ်တယ်ဆိုရင် ဒါကို ဥပေါသထသီလက သီဆို၊ ကခုန်မလုပ်ရ၊ ဒီသိက္ခာပုဒ်က ပြနေတယ်။ ဒီပြချက်ဟာ ဘုရားရုပ်လွှာရဲ့ မြင်သာတဲ့ ရောင်ခြည်တစ်မျှင်ပဲ။

သီလဟာ လူ့ အတွက်

ဘုရားရဲ့ သီလနဲ့  စပ်လျင်းလို့  အနက်အဓိပ္ပါယ်ဖော်ချက်တွေ လေ့လာကြည့်တာ သိပ်ရှည်လျားသွားပြီ။ ဘုရားရဲ့ ရုပ်သွင်ဟာ သီလအမြင်နဲ့  ကြည့်လို့  သိမ်ငယ်ကျဉ်းမြောင်းသွားတာ မတွေ့ ရပဲ၊ လှုပ်သာ ရှားသာ ချောင်ချိစွာနဲ့  ရပ်တည်နေတာတွေ ကောင်းကောင်းတွေ့ ရတယ်။ အမှန်အကန် မမြင်လို့  ထင်တာပဲဖြစ်တယ်။ သီလဟာ လူတွေ ကျပ်ဖို့ မဟုတ်ဘူး။ လူတွေ ချောင်ချောင်ချိချိ နေလို့ ရအောင် လုပ်ထားတဲ့ စည်းကမ်းပဲ။

သီလမနိုင်လို့  လူချွတ် မဖြစ်ထိုက်
ဝိနည်းမှာ ပညတ်ရခြင်းရဲ့ အကြောင်း ဆယ်ချက်ထဲမှာ သံဃ ဖာသု သံဃာချမ်းသာဖို့ လို့  အတိအလင်းပြော ထားတယ်။ ဒါတောင် တချို့  ဘုန်းကြီးလူထွက်တွေက သီလတွေများပြီး လေးလွန်းလို့  မနိုင်တာနဲ့  လူထွက်ရ တယ် ပြောကြတယ်။
သီလဟာ လူတွေကို တစ်ယောက်နဲ့  တစ်ယောက် ထိခိုက်ပြီး ချိုးဖဲ့ချဖွ မကုန်အောင် ထည့်ပေးရတဲ့ ချောဆီ တစ်မျိုးပဲ။ သီလဟာ လူ့ ဆက်ဆံရေးရဲ့ ချောဆီပေါ့။ ဒါ့ကြောင့် သီလကြောင့် လူ ဝန်မလေးရဘူး။ လူကို ဝန်လေးစေမယ့်ဟာ သီလမဟုတ်ဘူး။
ဘုရားရဲ့ သီလအဖွင့်ဟာ လူကို ဝန်လေးစေတာတွေ မပါတာ တွေ့ ရမယ်။ ဒါ့ကြောင့် ဘုရားဟာ လူတွေကို ဝန်ပေးဖို့  လာတာမဟုတ်ပဲ ဝန်ပေါ့အောင် ဖော့ပေးဖို့  လာတာဖြစ်ကြောင်း သူ့ ရုပ်သွင်မှာ အထင်အရှား မြင်ရ လိမ့်မယ်။

ဘုရားရဲ့ ဘာဝနာ ဖော်ပြချက်
ဘုရားရဲ့ ပုံရိပ်ကို ဘာဝနာမှာ အနက်ဖော်ချက်နဲ့  ကြည့်ကြမယ်။ ဘာဝနာကို ဘုရား ဘယ်လို အနက်ဖော်သလဲ ဘုရားရဲ့ ဟောပြောချက်တွေနဲ့  ဒါကို လေ့လာရမယ်။ ပထမဆုံး ဘာဝနာ ဆိုတာရဲ့ အဓိပ္ပါယ်ကို ဖွင့်ကြည့်မယ်။

ဘာဝနာ အနက်
ဘာဝနာဟာ မြန်မာလိုဆိုရင် ပွားများစရာလို့  ရမယ်။ သဒ္ဒါအနက်မကတော့ ဖြစ်စေချက်လို့  ရလိမ့်မယ်။ ဖြစ်အောင်လုပ်ယူတာကို ပွားများတယ်လို့  ခေါ်တယ်။ ပွားများရမယ့် အရာတွေဟာ ပွားများစရာပဲပေါ့။ ပွားများစရာ ဆိုတော့ ဘာဝနာဟာ တရားဆိုတာ ထိရောက်လိမ့်မယ်။
တရားဟာ ပွားများရမယ့် အကြောင်းအရာဖြစ်တယ်။ ပွားများတယ် ဆိုတာ တရားတွေကို ပွားလာ များလာအောင် လုပ်တာပဲ။ ဒါ့ကြောင့် ပွားများစရာနဲ့  တရားဟာ အတူတူပဲ။ ဒီလောက်ဆိုရင် ဘာဝနာဟာ ဘာလဲလို့  ပေါ်ရောပေါ့။

ဘာဝနာအကျိုး ကွဲပြားကြ
ဘာဝနာဟာ တရားဓမ္မတိုင်းမှာ ရှိတယ်။ ဒါကို ဘာဝနာလို့  ခေါ်ချင်မှ ခေါ်မယ်။ မခေါ်လည်း အတူတူပဲ။ ဒါပေမယ့် ဘာဝနာချင်းတော့ တူကြမှာ မဟုတ်ဘူး။ ဘာဝနာတိုင်းဟာ စိတ်လုပ်ငန်းတွေချည်း ဖြစ်တယ်။ စိတ်လုပ်ငန်းတွေဆိုတာ အမျိုးမျိုးများပေမယ့် စိတ်ကို အာရုံတစ်ခုတည်းမှာချည်း အတူတူဖြစ်တယ်။ အကျိုး သက်ရောက်တော့လည်း အဲဒီ စိတ်မလွင့်တာကြောင့်ချည်း ဖြစ်တယ်။ ကိုယ့်စိတ်ထားရာအာရုံကြောင့်လို့  တော့ ထင်ကြတာပေါ့ ။
နောက်ဆုံးပိတ် အထွေထွေစိတ်မှတ်တွေ မရှုပ်ထွေးတာ ဖြစ်တာပဲ။ ဒီတော့လည်း စိတ်ထက်မျက်တယ် ပြောရမှာပေါ့။ အသေးဆုံး စုနေအောင် လုပ်ရတာကို ထက်တယ်ပြောရတယ် မဟုတ်ဘူးလား။ ထက်တော့ ထိရောက်တယ်။ ထိရောက်တာကို စွမ်းတယ်ပြောရတာပဲ။ စွမ်းတော့ အောင်မြင်တာပေါ့။ ဒါဟာ ဘာဝနာရဲ့ အကျိုးပဲ။ ဘာဝနာကို လူတွေ ဒီလိုပဲ သိကြတယ်။

ဘာဝနာကို နှစ်မျိုးခွဲကြ

ဘာဝနာကို သမထဘာဝနာ၊ ဝိပဿနာဘာဝနာလို့  နှစ်မျိုး ခွဲကြတယ်။ ဒါထူးမှာ မဟုတ်ပါဘူး။ ကိုယ့်ဘာဝနာကို သူများ ဘာဝနာနဲ့  ကွဲချင်လို့  ခွဲခေါ်တာပါပဲ။
ဘာဝနာတိုင်းဟာ သမထတွေဖြစ်တယ်။ သမထဆိုတာ စိတ်အေးအောင် လုပ်တာရဲ့ နာမည်ပဲ။ ကိုယ့်ဘာဝနာကြ တော့ စိတ်အေးအောင် လုပ်တာတင် မကဘူးဆိုပြီး ဂုဏ်တင်တဲ့ အနေနဲ့  ဝိပဿနာလို့  နာမည်တပ်လိုက်တာပါ။

Website counter

Back to TOP