ဘုရား(၁၉) ဘာသာရေးပြဿနာ ဆယ်ပါး ဘုရားရှောင်

ဘုရားကို ဘုန်းကြီးတွေကရော လူတွေကရော ပြဿနာတွေ မေးလေ့ရှိကြတယ်။ တစ်ခါမှာ အယူအဆပြဿနာ ဆယ်ချက် အမေးခံရတယ်။
၁။ ဘုရားဟာ လူတွေသေပြီး ဖြစ်တယ်လို့  ယူသလား။
၂။ လူတွေသေပြီး မဖြစ်ဘူးလို့  ယူသလား။
၃။ လူတွေသေပြီး တစ်ချို့ ဖြစ် တစ်ချို့ မဖြစ်ယူသလား။
၎။ လူတွေသေပြီး ဖြစ်တာလည်း မဟုတ်၊ မဖြစ်တာလည်း မဟုတ်ယူသလား။
၅။ အသက်ဟာ ကိုယ်နဲ့  အတူတူလို့ ယူသလား။
၆။ အသက်ဟာ ကိုယ်နဲ့  တစ်ခြားစီလို့  ယူသလား။
၇။ လူ့ လောကကို အရှိလို့  ယူသလား။
၈။ လူ့ လောကကို မရှိလို့  ယူသလား။
၉။ လူ့ လောကကို ဆုံးတဲ့ အရာလို့  ယူသလား။
၁၀။ လူ့ လောကကို အဆုံးမဲ့အရာလို့  ယူသလား။
ဒီပြဿနာတွေဟာ အဲဒီခေတ်က ရှေ့ တန်းရောက်တဲ့ ဒဿန ပြဿနာတွေ ဖြစ်မှာပဲ။ ဒီပြဿနာကို ဒီခေတ်မှာလည်း နောက်တန်း ရောက်အောင် သိပ်မလုပ်နိုင်ကြသေးပါဘူး။ ဒါတွေဟာ လူတွေ ငြင်းခုံရတဲ့ ပြဿနာတွေပဲ။ ငြင်းခုံရတယ် ဆို ကတည်းက နားလည်လို့  ရသူရှိသလို မရသူလည်း ရှိတာ ထင်ရှားတယ်။
ဒီပြဿနာ တစ်ခုခုထဲ ဘုရားရဲ့ အဖြေစကား ရောက်သွားရင်လည်း ဘုရားစကားဟာ လူတိုင်း နားလည်မခံရတဲ့ စကားတွေ ဖြစ်သွားမှာပဲ။


မယူကာမျှ မယူကြောင်းပါပြ

ဒီအမေးတွေကို ဘုရားက ဘယ်လို အဖြေစကားပြောသလဲ။ အားလုံးကိုပဲ သူမယူဘူးလို့  ပြောခဲ့တယ်။ ဒီမေးခွန်းတွေ ရဲ့ အဖြေတွေဟာ လူမသိတဲ့ အရာကို မပြောတာထင်ရှားတယ် မဟုတ်လား။ မယူဘူးလို့  ပြောတာမကဘူး။ မယူရကြောင်းတွေကိုတောင် ဘုရား ပြောသေးတယ်။ ဒါတွေဟာ အယူတွေဖြစ်တယ်။ ဖမ်းစားတတ်တဲ့ အယူတွေ ဖြစ်တယ်။ အယူမှား ခရီးဆိုးကြီးဖြစ်တယ်။ ငြိမ်းချမ်းမှုကို မဖြစ်စေဘူး။ ဒီလိုတွေပြောတယ်။ ဘုရားရဲ့ ဒီစကားတွေကို ဘယ်သူမှ မချေဖျက်နိုင်ခဲ့ကြဘူး။ အခုလည်း မချေဖျက်နိုင်ကြဘူး။ ဒါဟာ သူ့ စကားကို လူအားလုံး နားလည်ကြတာ ရဲ့ အမှတ်အသားပေါ့။ နားမလည်ရင် နားမလည်သူက ချေဖျက်မှာပေါ့။
ဘုရားရှင်ဟာ ဒီလိုနားလည်စရာ အကောင်းဆုံး စကားတွေကို ပြောသူ ဖြစ်ပါတယ်။ နားလည်စရာ ကောင်းတဲ့ စကားဟာ မှန်တဲ့ စကားပေါ့။ မှန်ရင်လူတွေ မငြင်းကြဘူး။ မငြင်းတာ နားလည်လို့ ပဲ။

ဘုရားယူတာ ဘုရားပြော

ဘုရားရဲ့ ဒီစကားကွက်ကိုပဲ ဆက်ကြပါဦးစို့ ။ မေးသူတွေက ဘုရားရဲ့ အဖြေကို ကြားရတဲ့ အခါလက်ခံဖို့  လည်းခက်၊ ငြင်းဆန်ဖို့ လည်း ခက်ဖြစ်ပြီးစကားကွက်ကို လှည့်ပြောကြရတယ်။ ဒါတွေဘာမှ မယူရင် ဘာကြောင့် ရဟန်းလုပ်နေ တာလဲလို့  ပြောကြရတယ်။ ဒါကို ဘုရားက သွက်သွက်လက်လက်ပဲ ဖြေတယ်။ လူတွေမှာ မလိုလားစရာ အသိအမြင် ခံဒုက္ခ ဖြစ်ကြောင်းတွေလည်း ရှိတယ်။ လိုလားစရာ ငြိမ်းချမ်း လွတ်လပ်တာလည်း ရှိတယ်။ လုပ်စရာ ငြိမ်းချမ်း လွတ်လပ်ကြောင်း အပွားခံတွေလည်း ရှိတယ်။ ဒီလေးချက်ရဲ့ အနက်မှန်ဟာ ဘာဖြစ်တယ်။ ပြောပြဖို့  ရဟန်းလုပ်တာဘဲ။ ဘုရားရဲ့ ဒီစကားမှာလည်း နားလည်စရာမရှိဘူး။ သူ့ ပြောကြားချက် ကြားရသူတိုင်း လက်ခံရတယ်။ နောင်လူတွေလည်း လက်ခံရမှာဘဲ။
ဘုရား ပြောစကားဟာ လူ့ နားလည်စရာ ဘယ်လောက်ကောင်းသလဲ။ လူမှာ အချက်ကျတဲ့ ဒီလေးချက်ရှိတာ လူတိုင်း လက်ခံ မှာဘဲ။ ဒီလေးချက်ကို အနက်မှန်ကောက်ဖို့  အရေးကြီးတာလဲ ဘယ်လိုငြင်းမလဲ။ ဟုတ်တယ်လို့  အားလုံး နားလည်ကြရမှာဘဲ။ ဘုရားရဲ့ စကားဟာ ဒီလောက် နားလည်စရာကောင်းတဲ့ စကားဖြစ်တယ်။

သစ္စာလေးပါးက လွတ်တဲ့တရားမရှိ

ဒီနေရာမှာ အလျင်းသင့်လို့  ဘုရားကို နားလည်စရာကလေးမှတ်ခဲ့ရမယ်။ တရားတွေကို ဘုရားက ဘယ်လောက် ဟောဟော သူ့ တရားတွေဟာ ဒီလေးချက်ရဲ့ တစ်ချက်ချက်အနက်ကို ပြနေတာပဲ ဖြစ်တယ်။ သူက ဒါပြောဖို့  ရဟန်း လုပ်တယ်ဆို မဟုတ်လား။ သူ့ တရား တွေများပေမယ့် နားလည်လို့  မများတော့ဘူးပေါ့။ ဒါအမြတ်ထုတ်ရမယ်။

လူနဲ့  အတူအလွန်ဆုံးသူ အဖြစ်မတူတဲ့ အတုလ
ဘုရားစကားတွေဟာ လူအားလုံးရဲ့ နားကို ကြားစေနိုင်အောင် ချော်မွတ်လွန်းလှတယ်။ ဒီတော့ ဘုရားဟာ လူနဲ့  မတူသူ မဟုတ်၊ လူနဲ့  အတူလွန်းဆုံးသူ သူ့ လို တူလွန်းတဲ့ အတူမရှိသာ ဖြစ်တယ်။
ဘုရားရှင်ရဲ့ လှုပ်ရှားမှုတွေ ဟာလည်း လူနဲ့ အတူဆုံး လှုပ်ရှားမှုတွေပဲ ဖြစ်တယ်။ သူဟာ ကမ္မဝါဒကို ကျင့်သုံးလှုပ်ရှား ခဲ့တယ်။ သူ့ ရဲ့ ကမ္မဝါဒဟာ ရှေးကမပေါ်ဖူးသေးတဲ့ ကမ္မဝါဒပဲ။ သူ့ အရှေ့ ကပေါ်ခဲ့တဲ့ “နိဂန္တ” ရဲ့ ကမ္မဝါဒနဲ့  မတူဘူး။ မမွေးမီဘဝ၊ အခုဘဝ၊ သေပြီးဘဝ၊ သုံးဘဝဆက်နေတဲ့ ကမ္မဝါဒပဲ။ သူ့  ကမ္မဝါဒက ဒီလိုမဟုတ်ဘူး။ လူပေါ်မှာပဲ သတ်မှတ်တာ။ လူမရှိမီနဲ့  လူသေပြီး မပါဘူး။ အခုရှိနေတဲ့ လူတောင်မပါဘူး။

အမှုပဲ အသိအမှတ်ပြုသူ
သူ့ ကမ္မဝါဒဟာ ရှေးက မရှိခဲ့ဘူး။ သူ့ ကိုယ်ပိုင်လှုပ်ရှားမှု ဖြစ်တယ်။ သူ့ ကမ္မဝါဒဟာ လူကို အလေးမထား အသိအမှတ် မပြုဘူး။ လူ့ အစိတ်အပိုင်းကိုလည်း အလေးမထား အသိအမှတ်မပြုဘူး။ သူ့ ကမ္မဝါဒ အသိအမှတ်ပြုတာက လူ့ လှုပ်ရှားမှု ဖြစ်တယ်။ လူတစ်ယောက်မှာ အစုအဖွဲ့  အကောင်အထည်ရှိတယ်။ ဒီအကောင် အထည်ရဲ့ ကိုယ်နှုတ် နှလုံး လှုပ်ရှားမှု ရှိတယ်။ လူမှာ အရှိ သုံးမျိုးပေါ့။ ပါဠိလိုဆိုရင် “အဗ္ဗောဟာရိက” ပေါ့။ မပြောပ လောက်တာတွေလို့  ဖြစ်တယ်။ ဘုရားက အမှုပဲ သူပြောသွားတယ်။

လူတွေ အလေးထားတဲ့ အစိတ်နဲ့ အစု
အမှုကို ဖော်တဲ့ သူ့ လှုပ်ရှားမှုဟာ သူ့ ရဲ့ ကမ္မဝါလုပ်ငန်းပဲ။ အမှုဟာ လူမသိကြတဲ့ အရာပဲ အမှတ်တမဲ့ အရာဖြစ်တယ်။ လူတွေဟာ အစိတ်ကို အလေးထားချင် ထားတယ်။ ဒါမှ မဟုတ် အစုကို အလေးထားကြတာပဲ။ ဒီနှစ်ခုပဲ လူတွေ အလေးထားတာ။
သားသမီး၊ မိဘ၊ မိတ်ဆွေ၊ ရန်သူ၊ ကျွန်၊ သခင်၊ အရင်းရှင်၊ ပစ္စည်းမဲ့တွေဟာ အစုကို ကြည့်တာ မြင်တာတွေပဲ။ လူတန်းစားလက်ခံ သူတွေဟာ လောကမှာ အများအပြားပဲ။ ဒါဟာ အစုသမားတွေပေါ့။ ဘုရားဟာ ဒီသူနှစ်ဦးထဲမှာ မပါဘူး။ ဒါကြောင့် လူတန်းစားကိုလည်း လက်မခံဘူး။ လူတန်းစား မရှိတာကိုလည်း လက်မခံဘူး။
ဒီနေရာမှာ အကြောင်းသင့်လို့  နားလည်ပေးရမယ်။ လူတန်းစား လက်ခံသူဟာ လူတန်းစားကို ကြိုက်ချင်ကြိုက်မယ်။ မုန်းချင်မုန်းမယ်။ ကြိုက်ရင် လိုက်မယ်။ မုန်းရင် တိုက်မယ်။ ဒီနှစ်ခုဖြစ်မယ်။ ဒါတွေ မလိုလားတဲ့သူ အစိတ်ကြည့်ပြီး လူတန်းစာ မရှိဆိုတာ အတန်းအစား နှစ်မျိုးရှိလို့  ဆိုတာ မဟုတ်ဘူး။ တစ်မျိုးထဲတောင် မရှိတာကို ဆိုလိုတယ်။ ဒီသူတွေဟာ လိုက်တာတွေ တိုက်တာတွေ မရှိပေမယ့် လူက “ကန်း” နေတယ်။ လူနဲ့  အဆက်ပြတ်သွားတယ်ပေါ့။ ဒါပေမယ့် ဒါအေးတယ်ဆိုပြီးလည်း လက်ခံသူတွေက လက်ခံကြတယ်။ ဒီနှစ်မျိုးပဲ။ လူတွေနဲ့  ရင်းနှီးတာ။ လူတွေ လှုပ်ရှားနေကြတာ ဒီနှစ်မျိုးနဲ့ ပဲ။

Website counter

Back to TOP