ဘုရား(၁၈) ဆက်လက်လေ့လာရန် အညွှ့န်း

အညွှန်းအဖြစ်ကျန်တာကို ဆက်လေ့လာရန် အညွှန်းနည်းနည်း ပြောရမယ်ဆိုရင်-
ဘုရားရဲ့ ရုပ်ပုံလွှာကို အပြည့်စုံနီးပါး မြင်ချင်ပါတယ်ဆိုရင်တော့ သူ့ ရဲ့ ဓမ္မနှင့် ဝိနိယတွေမှာ ရှာဖွေကြည့်ရဖို့  ရှိတယ်။ ဓမ္မနှင့် ဝိနယတွေဟာ သူ့ ကိုမြင်သာတဲ့ တစ်ခုတည်း ဖြစ်တဲ့ တံခါးပေါက်ပဲ။


ဘုရားရုပ်လွှာ
အဲဒီသူဟာ အလွန်ပဲ လူသားဆန်စွာ မြတ်နိုးမဆုံး ဖြစ်စရာကောင်းတဲ့ နေထိုင်လှုပ်ရှား သွားလာ ပြောဆို ပြုမူသွားတာ တွေ အားကျရလောက်အောင် တွေ့ ရမှာ ဖြစ်ပါတယ်။ ဘုရားရဲ့ အဲဒီ ရုပ်လွှာတွေဟာ လူတွေအတွက် သူ့ ရုပ်လွှာတွေက လမ်းညွှန်နေပါတယ်။
ဒီမှာ အဲဒီလောက် ကုန်စုံအောင် မပြတော့ဘူး။ ဒါကြောင့် အဲဒီထဲက ဘုရားရှင်ရဲ့ လောကမြင်ပုံ ကလေးတွေကို ခြုံပြီး နည်းနည်းစီ ဖော်သွားပါ့မယ်။ သူ့ ရဲ့ ပညာပုံသဏ္ဍန် အမြည်းအစမ်းပေါ့။

တရားမမြင်သူတွေမြင်တဲ့ ဘုရားပုံ
ဘုရားရှင်ဟာ ဒီကနေ့  ဗုဒ္ဓဘာသာဝင်တွေ သိနေကြတာနဲ့  မတူဘဲ ရှိလိမ့်မယ်။ ဒီကနေ့  ဗုဒ္ဓဘာသာဝင်တွေ သိနေကြတဲ့ ဘုရားရှင်ဟာ လူသားနဲ့  မတူဘူး။ လူမဟုတ်တဲ့ တခြားဘာလို့ လဲ ပြောစရာမရှိတဲ့ သူတစ်ယောက် ဖြစ်နေတယ်။ ဘာဖြစ်ဖြစ် သိလိုက်ပြီး ဘာဖြစ်ဖြစ် လုပ်နိုင်တယ်။ ဘာမှ မဖြစ်တာ မရှိသူဖြစ်နေတယ်။ မိုးပေါ်ကလည်း လမ်းလျှောက်နိုင်တယ်။ ရေပေါ်လည်း သွားနိုင်တယ်။ မြေကြီးထဲလည်း ငုပ်နိုင်တယ်။ အဝေးလည်း မြင်နိုင်ကြားနိုင်တယ်။ ချက်ချင်းရောက်အောင်လည်း သွားနိုင်တယ်။ စကြဝဠာမက ကြီးလည်းပြနိုင်တယ်။ မြူမှုန်လောက်သေးလည်း ပြနိုင်တယ်။ ရုပ်သွင်အမျိုးမျိုး လုပ်ပြနိုင်တယ်။ ဒီလိုဖြစ်နေတယ်။

လူမိုက်ချီးမွမ်းတာ ကြောက်စရာ

ဒီတော့ ဘုရားဟာ လူနဲ့  မတူတော့ဘူး။ ဘာနဲ့ မှ မတူတဲ့သူ ဖြစ်နေတယ်။ ဒီလိုဖြစ်တာကိုပဲဘုရားရဲ့ဂုဏ်လို့  ယူနေကြတယ်။ “အတုလ” ဂုဏ်ပေါ့။
တကယ်တော့ ဘာနဲ့ မှ တူတဲ့သူ မဟုတ်တာ မကောင်းဘူး။ လူနဲ့ မတူတာ အထူးအားဖြင့် မကောင်းဘူး။ ဘုရားဟာ လူ့ ရှေ့ သွား ခေါင်းဆောင်ပဲ။ ဘုရားဆိုတဲ့ နာမည်ကိုက ဒီအဓိပ္ပါယ်ရတယ်။ လူ့ ရှေ့ သွားဟာ လူကစံပြုရမယ့်သူပဲ။ စံပြလူဟာ ဘာနဲ့ မှ မတူဘူးဆိုရင် အထူးအားဖြင့် လူနဲ့ တတူးဘူးဆိုရင် အဲဒီ စံပြသူဆီက စံကိုလူက ဘယ်လို ယူမလဲ၊ ဒါကြောင့် ဒီဂုဏ်ဟာ ဂုဏ်မဟုတ်ဘူး။ အပြစ်ဖြစ်တယ်။
မသိသူက ချီးမွမ်းတာဟာ မကောင်းဘူး။ ဂုဏ်မရဘဲ အပြစ်ရတတ်တယ်။ ကောင်းစေချင်လို့  လုပ်ပေမယ့် မလုပ်တတ် ရင်ပျက်တယ်။

ဘုရားရဲ့ အတုလဂုဏ်
ဘုရားဟာ ဘာမှမသိစရာ မဟုတ်ဘူး။ သူ့ အတွေးအခေါ် အပြောအဆိုနဲ့  လှုပ်ရှားမှုတွေဟာ လူနားလည်စရာ နယ်ပယ်က နည်းနည်းမှ မလွန်ဘူး။ နားလည်စရာ အလွယ်ဆုံးနဲ့  အကောင်းဆုံး ဖြစ်တယ်။ ဘုရားရဲ့ ဂုဏ်ရည်ဟာ ဒါပဲ ဖြစ်တယ်။ ဘုရားဂုဏ်ဟာ ဘယ်သူနဲ့ မှ မတူလို့  “အတုလ” ရတာမဟုတ်ဘူး။ လူတိုင်းနားလည်နိုင်အောင်၊ လူနဲ့  အတူဆုံးဖြတ်လို့  “အတုလ” ရတာဖြစ်တယ်။ လူတိုင်းဟာ နားလည်လို့ ရသူတွေ မဟုတ်ဘူး။ ဘုရားက နားလည်လို့  ရသူဆိုတော့ ဘုရားဟာ ဒီမှာပဲ သများနဲ့  မတူတာ ဖြစ်တယ်။ သူ့  “အတုလ” ဘွဲ့ ဟာ ဒါရဲ့ ဘွဲ့ ပဲ။

ဘုရားရဲ့ အရိယသစ္စာဒဿန

ဘုရားရဲ့ အသိအမြင်ကို ကြည့်ကြရအောင်။ လောကမှာ လွန်ကျူးချင်တာက မငြိမ်းချမ်းကြောင်းတဲ့။ လွန်ကျူးမှုနဲ့  လွန်ကျူးမှုအကျိုးတွေဟာ မငြိမ်းချမ်းခြင်းတွေတဲ့၊ ပြီးတော့ လောကလွန်ကျူးနဲ့  လွန်ကျူးအကျိုးမရှိတာတွေဟာ ငြိမ်းချမ်း တဲ့။ လောလွန်ကျူးနဲ့  လွန်ကျူးအကျိုးတို့ ရဲ့ အပြစ်မြင်တာဟာ ငြိမ်းချမ်းကြောင်း တဲ့။ ဒါပေမယ့် လောကဟာ ဒီလေးချက်ကို ဘာဖြစ်တယ်လို့  မသိကြဘဲ ဖြစ်နေကြရတယ်။

ဘုရားလူများလက်ခံ
သူသိတာကို ဘယ်သူကန့် ကွက်နိုင်မလဲ၊ သူသိတာကို မဟုတ်ပါဘူးလို့  မပြောနိုင်တာဟာ သူသိတာ အတိုင်း လူတွေ လက်ခံသွားကြလို့  ဖြစ်တယ်။ လက်ခံတာဟာ နားလည်လို့ ပဲ။ သူ့ အသိအမြင်ဟာလူနဲ့  သိပ်စပ်တယ်။ လူနားလည်စရာ သိပ်ဖြစ်တယ်။ ဒါကြောင့် ဘုရားဟာ လူနားမလည်စရာသူ မဟုတ်ဘူး။

Website counter

Back to TOP