ဘုရား(၃၅) သုရာမေရယ အပြစ်ကြီးရင် ဝိနည်းအပြစ်ကြီးဘွယ်

သေရည်သေရက်သောက်တဲ့ အပြစ်ဟာ ဒီလောက်ပဲ အပြစ်ရှိတယ်လို့  ဒီသိက္ခာပုဒ်က သက်သေခံနေတယ်။ တကယ့် အပြစ်ဟာ ဒီထက်ပိုတယ် ဆိုရင် ဝိနည်းမှာ ဒီလိုလျော့ပေါ့ ပညတ်ဖို့  အကြောင်းမရှိဘူး။ တရားပျက်တဲ့ ဟာဆိုရင် ဝိနည်းက လျော့လို့ မရဘူး။ တရားပျက်တဲ့ဟာ မဟုတ်တာတောင် ဝိနည်းမှာ လေးထားတာတွေ ရှိတယ်။ ဒီတော့ သေရည်သေရက်သောက်ခြင်းကို ဂရုဓမ္မသီလမှာ သိက္ခာတစ်ခု အဖြစ်ပြတော့ အပြစ်သိပ်ကြီးတယ်လို့  သိရပြန်တယ်။ ဒါညှိရဖို့  ရှိတယ်။

သေရည်သေရက်နဲ့  ရဟန်းမတော်တာမျှသာ
ဝိနည်း သိက္ခာပုဒ်မှာ ပညတ်တာက သေရည်သေရက် သောက်ရင် အဲ့ဒီရဟန်းဟာ ပါစိတ်အာပတ်သင့်တယ်လို့  ဖြစ်တယ်။ ဒါကြည့်ရင် သေရည်သေရက်ဟာ ရဟန်းနဲ့  မသင့်လျော်လို့  တာမြစ်တာ ထင်ရှားတယ်။

သိက္ခာပုဒ် ပါဠိက သေရည်သေရက်ရှောင်လို့  မဟုတ်
ဂရုဓမ္မသီလမှာတော့ သေရည်သေရက်သောက်ခြင်းက ရှောင်ရမယ်လို့  မဟုတ်ဘူး။ သူ့  သိက္ခာပုဒ်ပါဠိက သေရည်သေရက်ကို မေ့လျော့တဲ့ နေရာထိရောက်အောင် ရစ်မူးခြင်းမှ ရှောင်ကျဉ်ရမယ်ဆိုတာမျိုး အဓိပ္ပါယ် ရှိတယ်။ သူရာမေရယ ပါနာဝေရာမဏိလို့  မဟုတ်ဘူး။ သူရာမေရယ မဇ္ဈပမာဒဌာနာ ဝေရမဏိလို့  ဖြစ်တယ်။ ဒီ ပါဠိနှစ်ခုဟာ အဓိပ္ပါယ် မတူဘူး။ ဒုတိယပါဠိက သေရည်သေရက် မူးယစ်စာကို မေ့လျော့တဲ့ နေရာအထိ ရစ်မူးခြင်းမှာ ရှောင်မယ်ဆိုတာမျိုး အဓိပ္ပါယ်ရှိတယ်။

ကောင်းမကောင်း မေ့အောင် မမူးရလို့ ယူမှ
ဒီတော့ ဒီသိက္ခာပုဒ် အဓိပ္ပါယ်ဟာ သေရည်သေရက် (မူးယစ်ဆေးဝါး) မသောက်သုံးရဘူးလို့  အဓိပ္ပါယ် မရဘူး။ မေ့လျော့တဲ့ အထိ ဒါတွေကို မသောက်သုံးရဘူးလို့  အဓိပ္ပါယ်ရတယ်။ ဒါ့ကြောင့် ဒီသိက္ခာပုဒ်အနက်ကို လွန်ပြီး မယူသင့်ကြဘူး။ လွန်ယူတော့ မလိုက်နာနိုင်ဖြစ်သွားတယ်။ကြိတ်မှိတ်လိုက်နာတော့ လူ့ လောကမှာ လူစဉ်မမှီပဲ လူသင်းကွဲကြီး ဖြစ်နိုင်တယ်။

ပမာဒဌာနဟာ သူရာမေရယရဲ့ ဝိသေသနမဟုတ် မဇ္ဈရဲ့ ဝိသေသနဖြစ်
ပမာဒဌာနဆိုတာ မသောက်ရရဲ့ အနက်မဟုတ်ဘူး။ သောက်တဲ့ အတိုင်းအထွာရဲ့ အနက်ဖြစ်တယ်။ အဲဒါကို မူးယစ်ဆေးဝါးရဲ့ ဝိသေသနလိုလုပ်ပြီး အဓိပ္ပါယ်ပြန်ကြတယ်။ ပမာဒဌာန မေ့လျော့ခြင်း၏ အကြောင်းပေါ့။ သေရည်သေရက်ဟာ မေ့လျော့ခြင်း၏ အကြောင်းဖြစ်တယ်။ ဒီလို ယူဆကြတယ်။ မေ့လျော့ခြင်းရဲ့ အကြောင်း မဖြစ်တဲ့ သူရာမေရယလို့  ရှိသေးလို့ လား။ ဒါကြောင့် ပမာဒဌာနဟာ သူရာမေရယရဲ့ ဝိသေသန မဟုတ်ဘူး။ သူရာမေရယနဲ့  ရစ်မူးမှု မဇ္ဈရဲ့ အတိုင်းအတာပြချက်သာ ဖြစ်တယ်။

ရစ်မူးမှု မဇ္ဈနှစ်မျိုး

သူရာမေရယဟာ ရစ်မူးမှီဝဲတဲ့ အခါ ပမာဒဌာနရောက်အောင် ရစ်မူးမှီဝဲလို့ လည်း ရတယ်။ မရောက်အောင် ရစ်မူးမှီဝဲလို့ လည်း ရတယ်။ အတိုင်းအထွာရှိရှိ ရစ်မူးသောက်သုံးရင် ပမာဒဌာန မရောက်ဘူး။ လက်လွတ်စပယ် ရစ်မူးသောက်သုံးရင် ပမာဒဌာန ဖြစ်မယ်။ မျက်မှောက်ခေတ် အရက်သမား ဆေးသမားတွေကို ကြည့်ရင် သိနိုင်တယ်။ သူတို့ ဟာ အတိုင်းအထွာရှိရှိ ရစ်မူးသောက်သုံးရင် ဘာမှ နဂိုအတိုင်းပဲ။ အပြောအဆိုလည်း မမှားဘူး။ အပြုအမူလည်း မမှားဘူး။ အနေအထိုင်လည်း မမှားဘူး။ လွန်အောင် ရစ်မူးသောက်သုံးရင် မေ့လျော့တဲ့ နေရာရောက်သွားတယ်။ လုံးလုံး လူမှန်းမသိတဲ့ အထိလည်း မေ့လျော့ချင်မေ့လျော့မယ်။ အရှက်အကြောက်မရှိတဲ့ အထိလည်း မေ့လျော့ချင် မေ့လျော့မယ်။ ဒါတွေ အထင်အရှားတွေ့  နိုင်တယ်။

အမေ့လျှော့ခံတရားအရ
ဒီနေရာမှာ မေ့လျော့တဲ့နေရာဆိုတာက ဘာကို မေ့လျော့တာလဲ။ အဓိကကတော့ ကောင်းမှုတွေကို မေ့လျော့ တာပေါ့။ ကိုယ်စောင့်ထိမ်းထားတဲ့ သီလ သမာဓိတွေကို မေ့လျော့တာပေါ့။ သေရည်သေရက်ဟာ လွန်ရင် မေ့တာ အထင်အရှားပဲ။ ဒီလို မေ့တာကိုသာ ဆိုလိုတယ်။ ဒါလည်း ထင်ရှားပါတယ်။
ဒီလို မေ့လျော့တဲ့ နေရာအထိ ရစ်မူးသောက်သုံးမှုဟာက ရှောင်တာ ဂရုဓမ္မသီလ သိက္ခာပြည့်တာပဲ။ ရစ်မူး သောက်သုံးမှုကို လုံးလုံး မလုပ်ပဲ ရှောင်မှ ဂရုဓမ္မသီလ ပြည့်မှာ မဟုတ်ဘူး။

Website counter

Back to TOP