ဘုရား(၃၄) မကောင်းမှုလိမ်တာ အဲဒီမကောင်းမှုလုပ်တာပဲ

ဘုရားဟာ လိမ်တာကို မကောင်းမှုအားလုံးထဲမှာ အကြီးဆုံးလို့  သတ်မှတ်ပုံရတယ်။ လူတစ်ယောက်ဟာ မကောင်းမှု အများအပြားကို လုပ်နေပေမယ့် အဲဒီလုပ်တာကို မလိမ်သေးဘူးဆိုရင် မကောင်းမှု အားလုံးကို မလုပ်သေးဘူး သတ်မှတ်ရမယ်လို့  ဆိုတယ်။ ဒါကို ဥပမာပြ ပြောတယ်။
စစ်တိုက်တဲ့ မင်းဟာ မင်းစီးဆင်ကို စီးပြီးတိုက်တယ်။ ရန်သူကို မင်းစီးဆင်က နင်းတာ၊ ချေတာ၊ ထိုးတာတွေနဲ့  တိုက်ခိုက်နေတယ်။ ဒီလိုဖြစ်ပေမယ့် ဒီဆင်ကို တစ်ကယ် မတိုက်သေးဘူးမှတ်ရမယ်လို့  ဆိုတယ်။ ဆင်နှာမောင်းနဲ့  ဝှေ့ ယမ်းချိုးဖဲ့ ရန်သူကို တိုက်ခိုက်မှ ဒီဆင်ဟာ ရန်သူကို တစ်ကယ်တိုက်တာ ဖြစ်တယ်။

ဆင်နှာမောင်း အလုပ်လုပ်တာဟာ လိမ်မှုလုပ်တာလိုပဲ လိမ်ပြီဆိုရင် လူဟာ မကောင်းမှုတွေ အကုန်လုပ်ပြီ။ ဒီလို သတ်မှတ်ရမယ်လို့  ဟောပြောထားတယ်။
ဒါတွေကြည့်ရင် အချက်နှစ်ချက် သိရတယ်။ (၁)လိမ်တာရဲ့ နက်နဲပုံနဲ့  (၂)လိမ်တာဟာ ဘယ်လိုလုပ်တာရဲ့ အမည်ဖြစ်တယ် ဆိုတာပါပဲ။ ပထမ အချက်က ရှင်းဖို့  မလိုဘူး။ ဒုတိယအချက်ကို နည်းနည်း ရှင်းရမယ်။

လိမ်တာရဲ့ အမည်ဟာ ဘဝဖုံးတာပဲ
လိမ်တာဟာ ကိုယ်ပြုခဲ့တဲံ မကောင်းမှုတွေနဲ့  စပ်ပြီး ဖုံးလွှမ်းမှုလုပ်လိုက်တာပဲ။ ခိုးတဲ့ အလုပ်လုပ်သူဟာ မခိုးဘူးလို့  ပြောမယ်။ သတ်တဲ့ အလုပ်လုပ်သူဟာ မသတ်ဘူးလို့  ပြောမယ်။ မမြတ်တဲ့ အလုပ်လုပ်သူဟာ မလုပ်ဘူးလို ပြောမယ်။ ဒါတွေဟာ မကောင်းတဲ့ အလုပ်တွေကို ဖုံးလွှမ်းတာတွေပဲ။ ဒီဖုံးလွှမ်းမှုဟာ လိမ်တာပဲ။ ဒီလိမ်တာဟာ ဘဝနဲ့  ဆက်စပ်တဲ့ လိမ်မှုဖြစ်တယ်။ ဘဝဆိုတာ ကိုယ့် ကိုယ်၊ နှုတ်၊ နှလုံး လွန်ကျူးမှုတွေရဲ့ နာမည်ပဲ။ ဒါကိုကံလိုလည်း ပြောမယ်။ မြန်မာလို အမှုမြောက်တဲ့ အမှုတွေပေါ့။ ဒါနဲ့  စပ်ပြီး မဟုတ်မဟတ် ပြောတာဟာ ဘဝနဲ့  စပ်တဲ့ လိမ်တာတွေပဲ။ ဒီလိမ်တာမျိုးမှ ဂရုဓမ္မ အရလိမ်တာ မြောက်မယ်။

မလိမ်မှု လူလိုက်နိုင်

လိမ်တာကို ခွဲခြားပြီး ဘုရားက နှစ်စားလုပ်ခဲ့တယ်။ ဒီတော့ မလိမ်ရဘူး ဆိုတဲ့ ဂရုဓမ္မသီလဟာ လူမလိုက်နိုင်တဲ့ စည်းကမ်း မဟုတ်တော့ဘူး။ လူလိုက်နာလွယ်ကူတဲ့ စည်းကမ်းဖြစ်တာ တွေ့ ရမယ်။ လူမလိုက်နာနိုင်တဲ့ စည်းကမ်းကို လိုက်နာခိုင်းရင် လူတွေဟာ အပြစ်သားတွေဖြစ်ပြီး သူတို့ ကိုယ်သူတို့  ငြီးငွေ့ ပြီး စိတ္တဇဖြစ် ပျက်စီးကြဖို့  ရှိတယ်။

မလိမ်အနက်ဖွင့်လို့  ဘုရားပေါ်လွင်
ဘုရားဟာ ဂရုဓမ္မသီလ မလိမ်ရသိက္ခာအရကို ဘဝအလိမ် မဟုတ်တာတွေ မပါဝင်စေခဲ့ဘူး။ အကျိုးများတယ်။ ဒီအလှအပတွေ တွေ့ ရတယ်။ ဒါတွေဟာ ဘုရားရုပ်သွင်မှာလည်း ထင်ဟတ် ပေါ်လွင်နေတယ်။ ဘုရားရုပ်သွင်ကို ဒီသီလဟောချက်နဲ့ ဒီလိုဖူးမြင်ခွင့် ရှိနေတယ်။

သေရည်သေရက်ရှောင်သီလ

ဂရုဓမ္မသီလ သူရာမေရယ သိက္ခုာပုဒ်အဖွင့်နဲ့  ဘုရားရဲ့ ရုပ်လွှာကို ကြည့်ကြမယ်။ သေရည်သေရက် သောက်စားမှု ရှောင်ကျဉ်ရမယ်လို့  သာမန်ကာပဲ ဒီသိက္ခာပုဒ်ကိုနားလည်ထားကြတယ်။ အခုခေတ်စကားနဲ့  ဆိုရင် မူးယစ်ဆေးဝါးသုံးစွဲမှု ရှောင်ရမယ်လို့  ယူရလိမ့်မယ်။ သေရည်သေရက်ရဲ့ နယ်ပယ်ဟာ အခုခေတ်မှာ ကျယ်လာပြီ။ ကွမ်း၊ ဆေး၊ လ္ဘက်ရည် ကော်ဖီတွေလဲပါမယ်။

သုရာမေရယနှင့် မဂ္ဂင်
ဒါတွေက လုံးလုံးရှောင်မှ ဒီသိက္ခာပုဒ် ပြည့်ဝမယ်လို့  သိနေကြတယ်။ ဆေးဝါးထဲမှာ ဘိန်း၊ ဆေးခြောက်၊ အရက် အစစတွေပါရင် ဒီသိက္ခာပုဒ် မပျက်အောင် မသောက်သုံးတဲ့ အထိ ရှိရမယ်လို့  မှတ်ယူကြတယ်။ ဒါဟာ မြတ်စွာ ဘုရားရဲ့ အလိုအတိုင်းလို့ လည်း ထင်မှတ်ကြတယ်။ ဘုရားက သူ့ တရားဖြစ်တဲ့ မဂ္ဂအရိယာသစ္စာမှာ ဒါကို ပေါ်ပေါ်လွင်လွင် တာမြစ် ဟောပြောထားတာ မရှိဘူး။

သူရာမေရယအပေါ် ဘုရားသဘောထား
တစ်ခြားနေရာတွေမှာလည်း သေရည်သေရက် မကောင်းပြ ဟောပြောချက် ထဲထဲဝင်ဝင်မရှိဘူး။ သေရည် သေရက် သောက်စားခြင်း၊ မူးရူးခြင်းနဲ့  စပ်တဲ့ဖြစ်ရပ် ပျက်ရပ်တွေတော့ ရှိတယ်။ ဒီတော့ မူးယစ်ဆေးဝါး အပေါ်မှာ ဘုရားရဲ့ သဘောထားဟာ ဒီကနေ့  ဘာသာရေးသမားတွေ သိနေသလို ဟုတ်ဖို့  မရှိဘူး။ ဒါကို ရှားရှား ပါးပါး အထောက်အထားရောင်ကလေး ဖြစ်တာကို ကြည့်ရမယ်။ အဲ့ဒါကတော့ ဝိနည်း သိက္ခာပုဒ်မှာ ဘုရားက သေရည်သေရက် မသောက်ရဖို့  ပညတ်ချက်ပဲ။ ဒီသိက္ခာပုဒ်ဟာ အာပတ်တန်ဖိုး နည်းနည်းပဲ ရှိတဲ့ အပိုင်းမှာ ပါတယ်။ သစ်ရွက်တစ်ရွက် ခူးလို့  သင့်တဲ့ အာပတ်မျိုးပေါ့။

Website counter

Back to TOP