မုသားမပါ လင်္ကာမချောလို့ တောင် မြန်မာမှာ စကားပုံရှိတယ်။ လင်္ကာဆိုတာ ပါဠိစကား အလင်္ကာပဲ။ မြန်မာလို အဆင်တန်ဆာအဖြစ် ရောက်တယ်လို့  ဆိုလိုပုံ ရှိတယ်။ ဒါမှ မဟုတ် စကား အဆင်တန်ဆာတွေထဲမှာ လိမ်မှု ပါရတယ်။ မပါရင် စကားအဆင်တန်ဆာ မချောဘူးပေါ့။ ဒါဘယ်လောက်ဟုတ်သလဲ စီစစ်ကြည့်မှ သိမယ်။
လင်္ကာချောအောင် လိမ်တာဖြစ်စေချင်ပုံမရ
တချို့ ကတော့ ဒီလို မဖြစ်စေချင်ဘူးနဲ့  တူတယ်။ မုသားမပါ မဟုတ်ဘူး။ “မုတ” မပါ လင်္ကာမချော ဖြစ်တယ် ပြောတယ်။ အဲဒါက အထက်အညာ မုံရွာအရပ်ဆီက ကြံပြောတဲ့စကားလို့  ကြားဖူးတယ်။ မုတ ဆိုတာ နှာ၊ လျှာ၊ ကိုယ်တို့ နဲ့  အာရုံတွေ ပေါင်းဆုံမှုရဲ့ နာမည်ပဲ။ အတွေ့ လို့  အဓိပ္ပါယ်ရတယ်။ အဲဒီအတွေ့  မပါရင် လင်္ကာမချောဘူး ဆိုသလိုဖြစ်တယ်။ အတွေ့ ရဲ့ အရကို အဲဒီလို မကောက်ဘဲ ကိုယ်တိုင် အာရုံတွေကိုတွေ့  ဖူးမှ လင်္ကာချောမယ် ဆိုရင်တော့ ရေးတေးတေး ရှိသလိုပေါ့။ ဒါပေမယ့် အတွေ့ ဆိုတာ အဲဒီလို မရဘူး။ ဒါကြောင့် သူတို့  ပြောတာ ကပ်ကပ်သပ်သပ်ကြံတာပဲ ဖြစ်တယ်။ မုသားမပါ လင်္ကာမချောကပဲ အမှန်ဖြစ်စရာ ရှိတယ်။ စကားအဖွဲ့ အနွဲ့  ပညာရှင်တွေမှ အတိအကျ သိကြမယ်။ အဆင်တန်ဆာ စကားတွေဟာ အမှန်တွေလား၊ အလွဲတွေလား၊ အမှန်တွေ မဟုတ်ရင်တော့ အလွဲတွေပဲ။ အလွဲတွေဖြစ်ရင်တော့ မုသားတွေပဲ၊ မုသားဟာ လိမ်တာပဲ။
မုသားနှင့် လင်္ကာမှုပြုထားတဲ့ပုံစံ
အလင်္ကာ အဆင်တန်ဆာတစ်ခု နည်းနည်းကြည့်ရအောင်။ ကိလေသာကို ထွေးအံတယ်ဆိုတဲ့ စကားရှိတယ်။ ဒီစကားဟာ တန်ဆာဆင်ထားတဲ့ စကားပဲ။ ကိလေသာဟာ ရုပ်ပစ္စည်း မဟုတ်ဘူး။ ဒါ့ကြောင့် အရည်လည်း မဟုတ်ဘူး၊ အဖတ်လည်း မဟုတ်ဘူး။ လေလည်း မဟုတ်ဘူး။ ထွေးတယ်၊ အံတယ်ဆိုတာ အရည် စတာတွေမှ လုပ်လို့ ရတယ်။ အဲဒီလို လုပ်လို့ ရတဲ့ အရည်စတာတွေနဲ့  ထွေးလို့  အံလို့  မရတဲ့ ကိလေသာကို တင်စားပြီး ကိလေသာတွေ ထွေးအံတယ် ပြောတာပဲ။ ထွေးအံမရတာတွေကို ထွေးအံတယ်ပြောတာ မှန်သလား။ ဒီမေးခွန်း ဘယ်လိုဖြေမလဲ။ မှန်တယ်ဖြေဖို မတန်ရဘူး။ ဒီလိုဖြစ်ရင် ဒါဟာ အလွဲတွေပဲ။ လွဲတာမုသားပဲ။ မုသားဟာ လိမ်တာရဲ့ နာမည်ပဲ။
ဒီအလင်္ကာဟာ သီလပျက်သလား
ဒါကို လိမ်တာလို့  ဘယ်သူကမှ မမှတ်ယူဘူး။ ဘယ်သူကမှ မမှန်ဘူးလို့ လည်း အပြစ်မတင်ဘူး။ ဒါက လူကိုထိခိုက် စေတာမှ မဟုတ်ပဲ။ ဒါ့ကြောင့် အပြစ်မတင်တာ။ အပြစ်မတင်ရုံမက ဂုဏ်တောင် တင်ပေးကြရတယ်။ အံလို့  မရတဲ့ ကိလေသာကို အံလို့  ရတဲ့ ပစ္စည်းလိုလို ပြောလိုက်တော့ အသိထဲမှာ ရှင်းသွား တာပဲ။ စကားက ကောင်းလိုက်တာ ဒီလိုဂုဏ်ပြုရတာ ဖြစ်တယ်။
လိမ်တာတိုင်း မကောင်းမဟုတ်
ဒီစကားအရ လိမ်တာဟာ မကောင်းတာချည်းမဟုတ်ဘူးလို့  ဆိုလိုတယ်။ မကောင်းတဲ့ လိမ်တာရှိသလို မကောင်းတာ မဟုတ်တဲ့ လိမ်တာလည်း ရှိတယ်လို့  ဆိုရာရောက်တာပေါ့။ ဒီတော့ မကောင်းတဲ့ လိမ်တာကို ကွဲကွဲပြားပြားသိမှ ဖြစ်မယ်။ ဒါမှ ဂရုဓမ္မသီလကတားတဲ့ လိမ်တာကိုသိမယ်။
လိမ်တာဟာ အားနည်းသူလက်နက်
လိမ်တာကို ဘုရားက တော်တော်အပြစ်ကြီးတဲ့ အရာလို့  သတ်မှတ်တာတွေ့ ရတယ်။ တစ်နေ့ တော့ ကောသမ္ဘီပြည်က ကျောင်းတစ်ကျောင်းမှာ ကိုရင်ရာဟုလာက ဘုရားကို ခြေဆေးပေးနေတယ်။ ရာဟုလာဆိုတာ ဘုရားရဲ့ ဘုရားမဖြစ်ခင်က ရခဲ့တဲ့ တစ်ဦးတည်းသော သားပဲ။ ဘုရားဖြစ်ပြီးနောက် ရာဟုလာကလေး ရှစ်နှစ် ကိုးနှစ် အရွယ်မှာ ကိုရင်ဝတ်ပေးတာခံရတယ်။ ကလေးတွေဟာ လောကကြီးနဲ့  ရင်ဆိုင်ရတာဟာ ဝန်လေးကြတယ်။ သက်ရှိသက်မဲ့ အားလုံးက ဖိစီးတာကို ကလေးတွေမခံနိုင်ကြဘူး။ ဒါကြောင့် ကလေးတွေဟာ ဖိစီးခံရမှုကို လွှဲဖို့ အတွက် လိမ်တာကို မလွဲမသွေ သုံးရတယ်။ လိမ်တာဟာ ပျော့တဲ့သူရဲ့ လက်နက်ပဲ။
ရာဟုလာလဲ လိမ်
ရာဟုလာလည်း လိမ်တယ်လို့  သတင်းကြီးနေပုံရတယ်။ ဘုရားက ဒီအကြောင်းကို ပြောဖို့  ခြေဆေးနေရင်း စိတ်ကူးလိုက်တယ်။ ခြေဆေးပြီးတဲ့ အခါ ရာဟုလာကို ခြေဆေးအင်တုံ မှောက်လိုက်ဖို့  ဘုရားက ပြောတယ်။ ရာဟုလာကလည်း လိုက်လုပ်တယ်။ ဘုရားက ထပ်ပြောပြန်တယ်။ မှောက်ပြီးတဲ့ ခြေဆေးအင်တုံကို ပြန်လှန်လိုက်လို့ ပဲ။ ရာဟုလာကလည်း ခြေဆေးအင်တုံကို ပြန်လှန်လိုက်တယ်။ အင်တုံကို ကြည့်ပြီး ဘုရားက ပြောတယ်။ ကြည့်စမ်း ရာဟုလာ မှောက်ပြီး ပြန်လှန်တဲ့ အင်တုံထဲမှာ ရေရှိသေးသလားလို့  မေးတယ်။ မရှိတော့ ဘူးလို့  ရာဟုလာက ဖြေတယ်။ ဒါဟာ ခိုင်းနှိုင်းစရာပဲလို့  ဘုရားကပြောတယ်။ ဘာနဲ့  ခိုင်းနှိုင်းရမလဲ၊ လိမ်တာနဲ့  ခိုင်းနှိုင်းမယ်။ လိမ်တာဟာ မှောက်ထားတဲ့ အိုး၊ခွက် ပြန်လှန်တဲ့ အခါမှာ လုံးဝ ရေလက်ကျန် မရှိသလို လိမ်တဲ့ သူဆီမှာလည်း ကောင်းမှုလက်ကျန် လုံးဝ မရှိတော့ဘူးလို့  ပြောတယ်။
ဘုရား (၃၃) လိမ်တာမပါ လင်္ကာမချော
Labels:
ဘုရား