ဘုရားလက်ထက်က ဘုရားကိုဆည်းကပ်တဲ့ တကာတစ်ယောက်ရှိတယ်။ ဘုရားကို လေးလေးနက်နက် ဆည်းကပ်တယ်။ သူက ကပိလဝတ်ပြည်က ဖြစ်တယ်။ အရက်သေစာကို သူတော်တော် ကြိုက်တယ်။ မပြတ်အောင် သောက်သုံးတယ်။ သူနဲ့  စပ်ပြီး ဘုရားထံလူတွေက ဒီအကြောင်း ပြောကြတယ်။ ဒီလူဟာ ဘုရားဆည်းကပ်မှု မြောက်ပါ့မလားလို့ ပေါ့။ ဘုရားက ဆည်းကပ်မှု မပျက်ဘူးလို့ ပဲ မိန့် ကြားခဲ့ဖူးတယ်။ ဒီလူဟာ သရဏဂုံ တည်တယ်ပေါ့။ အမူးသမားလည်း သရဏဂုံတည်တယ်ဆိုတာ ဒီစကားက သက်သေပဲ။
သရဏဂုံတည်သူထဲ ဘုရားမသိသူမပါ
သရဏဂုံတည်တယ်ဆိုတာ မပေါ့ဘူး။ လေးနက်တဲ့ အတိုင်းအထွာ အပြည့်ရှိတယ်။ သောတာပန် အရိယာဟာ သရဏဂုံတည်သူရဲ့ နာမည်ပဲ။ အခုခေတ် သရဏဂုံတည်တယ်ဆိုတာတွေနဲ့  ကြည့်လို့  တော့မရဘူး။ အခု ခေတ်လည်း ဘုရား၊ တရား၊ ဆည်းကပ်သူတွေ ရှိတယ်။ ဒါတွေလည်း သရဏဂုံတည်သူတွေလို့  ပြောရတယ်။ သူတို့ လည်း အရိယာတွေလား ပြောစရာရှိတယ်။ ဒီလိုတော့ မဟုတ်ဘူးလို့  ပြောရမှာပဲ။ သူတို့ က မိရိုးဖလာ ဆည်းကပ်သူတွေ ဖြစ်တယ်။ အဓိပ္ပါယ်က ဘုရား၊ တရား၊ သံဃာကို ကိုယ်တိုင် မသိဘဲ မိဘ ဆည်းကပ်လို့  လိုက်ဆည်းကပ်နေတာလို့  ဆိုလိုတယ်။
ရတနာသုံးပါး တာဝန်ထမ်းတာနဲ့  ရတနာသုံးပါး သိသူမဟုတ်
ဘုရားရဲ့ ဓါတ်တော်၊ မွေတော်၊ ဆင်းတုတော်၊ စေတီတော်တွေကို သူတို့  ကိုယ်တိုင် ဖူးတွေ့  ဖူးကြတယ် မဟုတ်လား။ ဘုရား ဟောကြားတဲ့ တရားဓမ္မတွေကို နည်းများမဆို ကိုယ်တိုင် ရွတ်ဖတ်ဖူး၊ နာကြားဖူး၊ ဆွေးနွေးဖူး၊ ကျင့်ကြံဖူးကြတယ် မဟုတ်လား။ ဘုရားတပည့် သာဝက သံဃာတွေကို ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းတွေနဲ့  ပြုစုပြီး ကိုယ်တိုင် ရိုသေကျိုးနွံ ဆက်ဆံဖူးကြတယ် မဟုတ်လား။
သရဏဂုံဆောက်တည်ပြီး အမှားပြုချက်များ
ဒါတွေဟာ အမှန်ပဲ။ ဒါပေမယ့် ဒီသူတွေဟာ တရားသိတဲ့ပုံ မရှိကြဘူး။ အမြင်မှားတွေလည်း အပြည့်လက်ခံ ထားကြတယ်။ အတွေးမှားတွေလည်း ဒီလိုပဲ။ အမှားနဲ့  သုံးသပ်ထားတဲ့ အလေ့တွေ၊ အကျင့်တွေလည်း အပြည့် လုပ်နေကြတယ်။ ဖြစ်ပေါ်လာတဲ့ ကောင်းကျိုး ဆိုပြစ်တွေရဲ့ ဖန်တီးရှင်ဟာ နတ်တွေဖြစ်တယ်လို့  ပြောတယ်။ လက်ခံတယ်။ ဓါတ်တွေလို့  ပြောတယ်။ လက်ခံတယ်။ နက္ခတ်တွေလို့  ပြောတယ်။ လက်ခံတယ်။ သဘာဝ အလျောက် ဖြစ်ချင်သလို ဖြစ်နေတာလို့  ပြောတယ်။ လက်ခံတယ်။ အိပ်မက်တွေ လက္ခဏာတွေလည်း ယုံတယ်း။ ကျီးသာတာ၊ ပျားစွဲတာတွေလည်း ယုံတယ်။ ယုံတဲ့ အတိုင်းလည်း လုပ်တယ်။
ဒီသူတွေမှာ သရဏဂုံတည်သူ ကလျာဏပုဇဉ်ဖြစ်မလား
ဒီသူတွေဟာ အရိယာ ဖြစ်နိုင်ပါ့မလား။ အရိယာတို့ ရဲ့ အဆုံးအမကို ကြားနာရတဲ့ သာဝကဖြစ်သူ အကြားအမြင်ရှိ ပုထုဇဉ်တွေတောင် ဖြစ်နိုင်ပါ့မလား။ အဲ့ဒီ ပုထုဇဉ်ဆိုရင်တောင် မှားတွင်း ဒီလောက် မနက်ရဘူး။ သူတို့  အမှား အယွင်းဟာ လေးနက်လွန်းတယ်။ သာသနာတော်ရဲ့ အငွေ့ အသက်တောင် မတွေ့ ရဘဲ၊ မိစ္ဆာဒိဌိ မဖြစ်ဘူးလို့  ပြောစရာ အစအန တစ်စမှ မရှိဘူး။ ဒီလူတွေဆီမှာ သမ္မာဒိဌိ ဘယ်လို တည်မလဲ။
သမ္မာဒိဌိမရှိ ဘုရားမသိ
သမ္မာဒိဌိဟာ ဘုရားတရားရဲ့ မုဒ်ဦးပဲ။ ဒါမှ မရှိရင် ဘုရားတရားကို သိမြင်တယ်လို့  ဘယ်လိုပြောမလဲ။ ဘယ်လို ရွတ်ဖတ် နာကြားပေမယ့် အဲဒီတရားကို မသိမမြင်ဘူး လို့ ပဲ ပြောရမယ်။ ဒါမမြင်ရင် ဘုရားကိုလည်း ဘယ်လို မြင်မလဲ။ ဘုရား အရည်အချင်းဟာ တရားဖြစ်တယ်။ တရားမသိဘဲ ဘုရားအရည်အချင်းပြ ဂုဏ်တော်ကိုးပါးကိုရွတ်ဖတ်ပွားများပေမယ့် ဘယ်လိုသိနိုင်မလဲ။ ဘုရားမသိရင် သူ့  တပည့်သာဝက သံဃာကိုလည်း သိလို့ မရဘူး။ သံဃာဂုဏ်ရည် ကိုးပါးကို ရွတ်ဖတ်ပွားများလည်း ရွတ်ဖတ်ပွားများတဲ့ စကားလုံးတွေပဲ သိမြင်မှာ။
ဒါကြောင့် ဒီခေတ် ဘုရားဆည်းကပ်သူတွေဟာ သရဏဂုံတည်ဖို့ အကြောင်း ကင်းပါတယ်။ မိရိုးဖလာ ဆည်းကပ် သူတွေလို့ သာ မှတ်ရမှာပါ။
ကပိလဝတ် အမူးသမား တရားသိလို့  သရဏဂုံတည်
ဘုရားလက်ထက်က ကပိလဝတ်သား အမူးသမားဟာ သရဏဂုံ တည်တယ်လို့  ဘုရားက အတည်ပြုပေးတာ ခံရတယ်။ ဒီတော့ ဒီသူဟာ ဘုရားကိုသိတယ်လို့  အဓိပ္ပါယ်ရတယ်။ ဘုရားသိဖိုရာ တရားသိရလိမ့်မယ်။ ဒီသူက ဘုရားသိသူဆိုထားတော့ တရားသိသူလိုလည်း ဖြစ်သွားတယ်။ တရားသိသူဟာ သံဃာလည်း သိသူပေါ့။
ဒီလို သရဏံဂုံတည်တယ်ဆိုတော့ ဒီသူဟာ အမြင်မှန်ရှိသူပေါ့။ တရားဟာ အမြင်မှန် အဦးမူတဲ့ အရာ မဟုတ်လား။ အမြင်ကမှန်တော့ အတွေးလည်း မှန်တာပေါ့။ ဒီတော့ အပြောအလုပ်တွေလည်း မရမ်းတော့ဘူး။ မှန်ကန်ကြတယ်။ ဒီအမှန်တွေ ဖြစ်တာ အရိယနယ် ရောက်တာပဲ။
ပြီးခဲ့တဲ့ စကားတွေ ပြန်စုကြည့်မယ်။ အမူးသမား သရဏဂုံတည်တယ်။ သရဏဂုံတည်သူဟာ ဘုရားတရား သိတာပဲ။ သိသူဟာ အမြင်မှား၊ အတွေးမှား၊ အလေ့အကျင့်မှား မရှိတာပဲ။ ဒါတွေ မရှိသူဟာ အစဆုံး အရိယာပဲ။
ဘုရား(၃၆) သောက်သုံးရစ်မူးလို့  သီလမပျက်ပုံဝတ္ထု
Labels:
ဘုရား