ဘုရား(၃၇) အရိယာဟာ မေ့လျော့တဲ့ အထိ မူးယစ်ဆေးဝါးမမှီဝဲ

ဒါတွေ ချုပ်လိုက်တာ့ မူးယစ်ဆေးဝါး မှီဝဲသလား။ မှီဝဲရင် ဂရုဓမ္မသီလ မလုံဘူးလား။ ဒီလိုပြဿနာဖြစ်တယ်။ ထွက်ပေါက်ကတော့ ဂရုဓမ္မသီလရဲ့ သေရည်သေရက်နဲ့  စပ်တဲ့ရှောင်ကျင်ရမယ့် အပိုင်းဟာ မသောက်လို့  မဟုတ်ဘဲ မေ့လျော့တဲ့ နေရာအထိရောက်အောင် မသောက်ရလို့  ဖြစ်တယ်ဆိုတာ ထင်ရှားတာပဲ။

မင်္ဂလာနဲ့  မူးယစ်ဆေး
မူးယစ်ဆေးဝါးနဲ့  စပ်လို့  ဘုရားဟောခဲ့တာ တစ်ချက်လည်း ရှိသေးတယ်။ အဲဒါက မင်္ဂလာသုံးဆယ့်ရှစ်ပါး မှာဘဲ။ အဲဒီမှာတော့ “မဇ္ဈပါနာစသံယမော” လို့  ဖြစ်တယ်။ သေရည်သေရက်သောက်ခြင်းကို သံယမ လုပ်တာဟာ မင်္ဂလာပဲလို့  ဟောတာဖြစ်တယ်။ သံယမလုပ်တယ်ဆိုတာ ဘယ်လိုလဲ။ သံယမရဲ့ အနက်ကို စောင့်စည်းခြင်းလို့  အဓိပ္ပါယ်ပြန်ရတယ်။ ဒီတော့ စောင့်စည်းတယ်ဆိုတာ ဘယ်လိုလုပ်တာလဲ။ မသောက်ဘဲနေတာကို ခေါ်တာလား။ အမူးမလွန်အောင် သောက်တာကိုခေါ်တာလား။ ဒါကိုစီစစ်ကြည့်ဖို့  ဘဲ။
စီစစ်တယ်ဆိုတာ အချက်သုံးချက်လောက်နဲ့  စိတ်ဖြာကြည့်တာဘဲ။
(၁) စကားလုံးဖွဲ့ နွဲ့ မှုနဲ့  စိတ်ဖြာတာ
(၂) တစ်ခြားနေရာက အလားတူဟောပြောချက်မျိုးနဲ့  ယှဉ်ဖြန့် စိတ်ဖြာတာ
(၃) လက်တွေ့ ဖြစ်ရပ်တွေမှာရှိတဲ့ ဖြစ်နိုင်ခြေတွေနဲ့  ညှိနှိုင်းစိတ်ဖြာတာတွေဘဲ။

လုံးဝမသောက်တာနဲ့  လွန်အောင်မသောက်တာ ဘယ်ဟာစောင့်စည်းတာလဲ
ပထမနည်းနဲ့  ကြည့်ရင် သေရည်သေရက်သောက်တာတွေကို မသောက်ဘဲ နေခြင်းဖြင့် စောင့်စည်းရမှာလား။ အလွန်အကျွံမူးတဲ့အထိ ဖြစ်မသွားအောင် စောင်းစည်းရမှာလား။ မသောက်ရမှာဆိုရင် သေရည်သေရက် သောက်ခြင်းမှ ရှောင်ကျဉ်ခြင်းဟာ မင်္ဂလာဖြစ်တယ်လို့  ပြောဖို့ ကောင်းတယ်။ သေရည်သေရက် သောက်တာတွေကို စောင့်စည်းရမယ်လို့  ပြောဖို့  မဟုတ်ဘူး။ ဒီတော့ သောက်တာကို မလွန်အောင် စောင့်စည်း ရမယ်လို့  ယူစရာရှိတယ်။ ဒါပေမယ့် ဒီဟောချက်က ဂါထာ (ကဗျာ) ဆိုတော့ မလွန်အောင်သောက်လို့  အဓိပ္ပါယ်မှန် ရအောင်မှ ရမယ်။
ဒုတိယနည်းနဲ့  စပ်ကြည့်မယ်ဆိုရင်လည်း တခြားနေရာတွေမှာ သေရည်သေရက်နဲ့  စပ်ပြီး ဘုရားဟောချက်တွေနဲ့  ညှိရမယ်။ ပြောခဲ့ပြီးတဲ့ ဟောချက်တွေအရ ကြည့်ရင် မလွန်ဖို့  စောင့်စည်းတာဟာ မင်္ဂလာဖြစ်တယ်လို့  ရမယ်။ တခြားအချက်တွေ ရှိသေးမှဘဲ။ ဒါပျက်လိမ့်မယ်။ အဲဒီ ဟောချက်တွေရှိတာကို မသိဘူး။ ဒီတော့ ဒီနည်းနဲ့ လည်း အတိအကျ ပြောလို့ မရဘူး။

မင်္ဂလာအနက် အထ္ထ

နောက်ဆုံးနည်းနဲ့  စီစစ်ကြည့်မယ်။ အရက်သောက်သူဟာ မင်္ဂလာပျက်ပြီးလာ။ အလွန်အကျွံသောက်မှ မင်္ဂလာပျက်သလား။ ဒီနေရာမှာ မင်္ဂလာဆိုတာ ဘာလဲ မေးရမယ်။ မင်္ဂလာကို မင်္ဂလာသုတ် နိဒါန်းမှာ “သောတ္ထာနံ” လို့  ပြထားတယ်။ မင်္ဂလာဟာ သောတ္ထာန (အကောင်းတွေရဲ့တည်ရာ) ဘဲပေါ့။ အဲဒီသုတ် နိဂုံးမှာ အကောင်းတွေ ဘယ်လိုတည်သလဲ ပြထားတယ်။ ပြချက်က “သဗ္ဗတ္ထ မပ္ပရာဇိတာ သဗ္ဗတ္ထသောတ္ထိ ဂစ္ဆန္တိ” (ဘယ်မှာမဆို ဘယ်သူ့ နိုင်မှ မခံရဘဲ ချမ်းသာ အားလုံးရောက်ကြတယ်) လို့  ဖြစ်တယ်။

ထိမ်းထိမ်းသိမ်းသိမ်းသောက်တာ မင်္ဂလာမပျက်

ဒီတော့ မင်္ဂလာဆိုတဲ့ အဓိပ္ပါယ်ပေါ်ရောပေါ့။ ဘယ်နေရာမဆို ဘယ်သူအနိုင်ယူမှုမှ မခံရဘဲ ချမ်းသာအားလုံး ရောက်တာ မင်္ဂလာပေါ့။ မင်္ဂလာရဲ့ အနက်သိပြီဆိုတော့ ဒီမင်္ဂလာကို အရက်သောက်ရင် ဆောင်နိုင်သလား၊ မဆောင်နိုင်ဘူးလား။ အလွန်အကျွံသောက်ရင် ဆောင်နိုင်သလား၊ မဆောင်နိုင်ဘူးလား။ လက်တွေ့ တွေကို ကြည့်ဖို့ ဘဲ။ အလွန်အကျွံသောက်ရင် မင်္ဂလာကို မဆောင်နိုင်ကြမှာကတော့ အသေအချာဘဲ။ ထိမ်းထိမ်း သိမ်းသိမ်း သောက်ရင် မင်္ဂလာနဲ့  အမင်္ဂလာ ဘယ်ဟာဖြစ်သလဲ ကြည့်ရမယ်။
ဒီကနေ့  ကမ္ဘာ့ထိပ်သီး ပုဂ္ဂိုကြီးတွေ စုစည်းဆွေးနွေးကြတာတိုင်းမှာ အရက်ပါတန်ရာတယ်။ အဲဒီမှာသူတို့  က လူကြီးလူကောင်းများပီပီ မလွန်အောင် ထိမ်းထိမ်းသိမ်းသိမ်း သောက်ကြသုံးကြတယ်။ ဒီလိုသောက်တဲ့ အတွက် တစ်စုံတစ်ရာ ရှုံးနမ့်တာ ဒုက္ခရောက်တာ ဖြစ်ကြသလား၊ ဒါတွေဖြစ်ရင် အမင်္ဂလာ (မင်္ဂလာပျက်တာ) ပေါ့။ သောက်တဲ့အတွက် ထူးထူးခြားခြား ရှုံးနိမ့်မှုမျိုး ဒုက္ခရောက်မှုမျိုး လုံးဝပေါ်ထွက် မလာပါဘူး။ လိုတာ အစီအစဉ်အတိုင်း အပျောက်အရှ မရှိအောင် ဆောင်ရွက်သွားနိုင်ကြတာချည်းပါဘဲ။

သံယမအနက် မသောက်ဖို့ မဟုတ် စောင့်စည်းဘို့ သာ

ဒါကြောင့် လက်တွေ့ မှာ အရက်ကို မလွန်အောင်သောက်ရင် မင်္ဂလာမပျက်ပါဘူး။ ဒီတော့ စောင့်စည်းမှု ဆိုတာ မသောက်ဖို့  မဟုတ်ဘဲ မလွန်ဖို့ လို့ ဘဲ ဖြစ်ဖို့ ရှိပါတယ်။
ဒါတွေအရ ဂရုဓမ္မသီလ မသောက်ရ အနက်ဟာ မေ့လျော့အောင် အလွန်မသောက်ရလို့ သာဖြစ်တယ်။
ဘုရားဟာ ဒီသိက္ခာရဲ့ အဖွင့်ကို ဘာသာတရားတွေ အားလုံးနဲ့  ခြားခြားနားနား ဖော်ခဲ့တယ်။ လူတိုင်းနာနိုင်တဲ့ အနေအထားရှိရှိ ဖော်ခဲ့တယ်။ ဒီသိက္ခာရဲ့ အနက်ဟာ ရဲရင့်ပြတ်သားတယ်။ နူးညံ့ပျော့ပြောင်းတယ်။ ဘုရားရဲ့ ဒီဖော်ချက်တွေဟာ ဘုရားရုပ်သွင်အဖြစ် ဖြင်ခွင့်ရှိတယ်။
သီလနဲ့  စပ်ပြီး ဘုရားရုပ်ပုံလွှာ ဖွင့်ကြည့်ရာမှာသီလအရကို ဂရုဓမ္မသီလကောက်ပြီး ဖွင့်ခဲ့တာဘဲ။ ကျန်တဲ့ သီလတွေဖြစ်တဲ့ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါးနဲ့  “ပါတိမောက္ခသံဝရ” သီလစတာတွေဟာ “ဥပေါသထ” သီလဘဲ။ ကိုးပါးသီလက နောက်လူတွေထွင်သွားတဲ့ သီလ၊ ဆယ်ပါးသီလက ကိုရင်တွေရဲ့သီလ၊ လူတွေပါစောင့်တာက နောက်လူတွေ ထွင်လုပ်ချက်ပဲ။ ပါတိမောက်သီလက ဘုန်းကြီးတွေ သီလဘဲ။
ဒီသီလတွေဟာ မြဲခိုင်ရမယ့် စည်းကမ်းတွေပါဘဲ။ ဒါပေမယ့် ဂရုဓမ္မသီလလို မြဲမြဲခိုင်ရမယ့် စည်းကမ်းမဟုတ်ဘူး။ ဥပေါသထသီလဟာ ဘုန်းကြီးအနီးအပါး ဆည်းကပ်တဲ့အခါ လိုက်နာရမယ့် စည်းကမ်းဖြစ်တယ်။ ပါတိမောက်သီလက ဘုန်းကြီးအဖြစ် တည်ရှိတဲ့အခါ လိုက်နာရမယ့် စည်းကမ်းပေါ့။
ဒီသီလတွေဟာ အခြေအနေ အချိန်အခါအလျောက် မြဲမြံ စောင့်စည်းရမယ့် စည်းကမ်းတွေဘဲ။ အခြေအနေ အချိန်အခါက လွတ်သွားရင် မြဲမြံစောင့်စည်းရမယ့် စည်းကမ်း မဟုတ်တော့ဘူး။

ဂရုဓမ္မမဟုတ်တဲ့ သီလဟာ နိစ္စသီလမဟုတ်

ဥပေါသထသီလဟာ ဥပသကာတွေ ဘုန်းကြီးတွေထံ တစ်လလေးကြိမ် တရားအဆုံးအမ နာယူဘို့  ဆည်းကပ်တဲ့ အခါ မြဲမြဲလိုက်နာရမယ့် စည်းကမ်းပေါ့။ ပုံစံပေါ့။ ဒီစည်းကမ်းတွေကို ဥပေါသထသီလ ခေါ်တာ။ ဒီသီလဟာ ဘုန်းကြီးနားကပ်တုန်း တည်ဖို့ ပဲလိုတယ်။ ဘုန်းကြီးနဲ့  ကင်းကွာသွားရင် ဒီသီသအသက်ဝင်ဖို့  မလိုတော့ဘူး။ ကိုရင်သီလ၊ ဘုန်းကြီးသီလတွေလည်း ကိုရင်၊ ဘုန်းကြီးလုပ်တုန်းပဲ။ အဲဒီသီလတွေ အသက်ဝင်ဖို့  လိုတယ်။ မလုပ်တော့ဘူး ဆိုရင် အသက်ဝင်ဖို့  မလိုတော့ဘူး။
ဒါကြောင့် ဒီသီလတွေဟာ သီလလို့  ပြောရပေမယ့် တရားဓမ္မ သီလနဲ့ ရောနှောမပြစ်လိုက်သင့်ဘူး။ ဓမ္မသီလက အသက်ရှိသမျှ စောင့်စည်းရမယ့် စည်းကမ်းသီလပဲ။ ဒါကြောင့် ဂရုဓမ္မသီလပဲ ဘုရားပြောတယ်ဆိုတာ အလေးအနက် လေ့လာခဲ့တာ။ ကျန်သီလတွေကိုတော့ သာမန်ကာ ထားရမယ်။ ဒီအထဲက ဥပေါသထသီလရဲ့ အနက်အချို့  လွန်နေတာကို ကြုံနေတာမို့  နည်းနည်း ပြောရမယ်။ ဒါလည်း ဘုရားရုပ်လွှာရဲ့ ကြည်လင်မှုကို မြင်ရဖို့  ရှိတယ်။

Website counter

Back to TOP