ဥပေါသထသီလထဲက အဗြဟ္မစရိယဟာ ကာမေသုမိစ္ဆာစာရနဲ့  အရတူ ဖြစ်တယ်။ ဒါကို ကာမေသုမိစ္ဆာစာရ အဖွင့်တုန်းက ပြောခဲ့ပြီ။ ဒီနှစ်ပုဒ်အရ ကွဲပြားယူမိတာ လွန်တာပဲ။ ဒါသတိထားရမယ်။
ရှစ်ပါးသီလမှာ နိစ္စဂီတတိုင်းမထား
ဒီသီလထဲမှာ ကခြင်း၊ ဆိုခြင်း၊ တီးမှုတ်ခြင်း၊ ကြည့်ရှုနားထောင်ခြင်းတွေ ရှောင်ကျင်ရမယ်ဆိုတဲ့ သိက္ခာပုဒ် တစ်စိတ် တစ်ဒေသပါတယ်။ ဒီသိက္ခာကို မကျိုးမပေါက်အောင် ကတာ၊ ဆိုတာ၊ တီးမှုတ်တာနဲ့  ကြည့်ရှု နားထောင်တာတွေ မလုပ်ရဘူးလို့  သိနေကြတယ်။ ဒါမမှန်ပါဘူး။
ဘုရားက ဥပသကာတွေ ဘုန်းကြီးဆည်းကပ်တဲ့အခါ စောင့်ရမယ့် သီလအဖြစ် ဒီလို မတားပါဘူး။ သိက္ခာပုဒ် ပါဠိကို သေသေချာချာ ကြည့်ရင် သိနိုင်ပါတယ်။ ပါဠိမှာ နစ္စ၊ ဂီတ၊ ဝါဒီတ၊ သိသုကဒဿန ဒီလို ရှိပါတယ်။ ဝိသုကရဲ့ အနက်က “ငြောင့်” “ တံကျင်” လို့  ဖြစ်ပါတယ်။ သူက ကျန်တဲ့ လေးပုဒ်နဲ့  တွဲရမယ်။ ဝိသုကနစ္စ၊ ဝိသုကဝါဒီတ၊ ဝိသုကဒဿနလို့  ဖြစ်လာမယ်။ ဒါ ပါဠိ အစဉ်အလာပဲ။
ဝိသုက နစ္စစတာတား
အဓိပ္ပါယ်က ငြောင့် တံကျင်ဖြစ်စေတဲ့ ကတာ၊ ငြောင့် တံကျင်ဖြစ်တဲ့ တီးမှုတ်တာ၊ ငြောင့် တံကျင်ဖြစ်တဲ့ အဲဒါ တွေကို ကြည့်ရှု့ နားထောင်တာလို့  ဆိုလိုတာ ဖြစ်တယ်။ အဲဒါတွေကို ရှောင်ကျင်ဖို့  ဒီသိက္ခာပုဒ်မှာ ပြတာဘဲ။
ဝိသုက အနက်
ငြောင့် တံကျင်ဖြစ်တဲ့ အက၊ အဆိုစတာတွေဟာ ဘယ်လိုဟာတွေလဲ။ လူတွေရဲ့အသိအမြင်၊ အတွေ့  အကြုံ၊ အပြောအဆို အလုပ်အကိုင်၊ အနေအထိုင်တွေ မသမာတဲ့ အဖြစ်မျိုးရောက်အောင် လမ်းညွှန်ခံစားပြသွားတာ တွေဟာ ငြောင့် တံကျင်တွေဘဲ။ ဒီလို ပြသွားတဲ့ အက အဆို စတာတွေဟာ ငြောင့် တံကျင်ဖြစ်တဲ့ အက အဆို စတာတွေဘဲ။
ဝိသုကပုံစံ
ပေါ်လွင်အောင် ပုံစံ နည်းနည်းထုတ်ကြည့်မယ်။ သိကြားမင်း ကယ်တဲ့ ဇာတ်လမ်းမျိုး၊ နောင်ဘဝ ငရဲကျ ဇာတ်လမ်းမျိုး၊ လိမ်နိုင်ရင် အကျိုးရှိတဲ့ ဇာတ်လမ်းမျိုး၊ ရန်သူ အပျောက်ရှင်းက ချမ်းသာရ စတဲ့ ဇာတ်လမ်းမျိုး အစရှိတဲ့ လူ့ လောကအတွက် ပျက်စီးရာ ပျက်စီးကြောင်း အကြောင်းအရာတွေကို ကပြ ဆိုပြ တီးပြတာတွေကို ကြည့်ကြ၊ နားထောင်ကြ လုပ်တာတွေဘဲ။ လောရရဲ့ အကျိုးရှိရာ ရှိကြောင်း အမှန်အကန် အကြောင်းအရာတွေနဲ့  ကပြ၊ ဆိုပြ၊ တီးမှုတ်ပြု အဲဒါတွေကို ကြည့်ရှု နားထောင်ကြလို့  ဒီသီလ မပျက်ဘူး။ ဒါကို ပုံစံနည်းနည်း ထုတ်မယ်။
ဝိသုက မဖြစ်တဲ့ နစ္စဂီတပုံစံ
ဘုရားတောထွက်ခန်း၊ ဘုရားအောင်ခြင်းရှစ်ပါးနဲ့  လူတွေ ကောင်ကြဖို့  ပညာပေး၊ နိမိတ်ပြ လုပ်ထားတဲ့ အက အဆို စတာတွေ ဖြစ်တယ်။ ဒါတွေဟာ ဒီသိက္ခာပုဒ်ကို မပျက်စေနိုင်တာတွေပဲ။
ဥပုဒ်စောင့်လျက်နဲ့  ဘုန်းကြီးအနားမှာ အောင်ခြင်းရှစ်ပါးကို သရုပ်ဖော်တဲ့ အကကမယ်ဆိုရင် ဖြစ်ဖြစ်၊ အဲဒီ သရုပ်ဖော် သီချင်းဆိုရင်ဖြစ်ဖြစ် အဲဒီသီချင်းအတွက် တီးမှုတ်ရင်ဖြစ်ဖြစ် အဲဒါတွေကို ကြည့်ရှု နားထောင်ရင် ဖြစ်ဖြစ် ဒီဥပုဒ်သီလ သိက္ခာ မပျက်ဘူး။
ထုတ်ခဲ့တဲ့ ပုံစံထဲမှာ ဘုရားအကြောင်ပဲ ဖြစ်နေတယ်။ တခြားအကြောင်းဖြစ်တဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ရွာရေး ရပ်ရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ ချစ်ရေး၊ ကြိုက်ရေး၊ တိုက်ခိုက်ရေးပါမကျန် အရေးအားလုံးမှာပဲလူ့  လောက ပျက်စီးကြောင်း ငြောင့် တံကျင် မဟုတ်တဲ့ အကြောင်းအရာဆိုရင် ဒီသိက္ခာပုဒ် မပျက်ဘူးလို့  မှတ်ရမယ်။
ဒါနဲ့  စပ်ပြီးလွဲတာ ဘုရားကို ပုံပျက်စေတယ်။ ဘုရားက အနုပညာတွေကို လက်မခံဘူး။ ငြင်းဆန်တယ်လို့  ဖြစ်သွားတယ်။ အနုပညာတွေဟာ လောကအတွက် အဖိုးတန်တဲ့ အရာတွေပဲ။ လူတစ်ဦးကတစ်ဦး ခံစားမှု ကူးအောင် အနုပညာကပဲ စွမ်းဆောင်နိုင်တာ။ ဒါကြောင့် အနုပညာဟာ လောကအတွက် အဖိုးတန်တယ်။
ဒါကိုငြင်းဆန်တယ်ဆိုရင် ဘုရားရုပ်လွှာဟာ မပီမပြင် မပြည့်မစုံဘဲ အလှအပမဲ့မှာပေါ့။ ဘုရားရဲ့ ပညာရပ် ဟာလည်း လောကရဲ့ အပြစ်တင်စရာ အဖြစ်က မလွန်နိုင်အောင်ရှိမှာပဲ။
တကယ်တော့ ဒီလိုတွေ မဟုတ်ဘူး။ ဒီသိက္ခာပုဒ်ဖွင့်သူတွေ သိပ်ကောင်းစေချင်လို့  လုပ်လိုက်တာကြောင့် ဒီလို ပုံပျက်ပန်းပျက် ဖြစ်သွားတာ။ ဒါကို ဒီသိက္ခာပုဒ်ရင်း ပါဠိရှင်းတာနဲ့  လင်းပါတယ်။ ဒါနဲ့ မှ မရှင်းလင်းဘူးဆိုရင် ဒီအကြောင်း ဘုရားဘယ်လိုရပ်သလဲ။ နည်းနည်း ဆက်ကြည့်ရမယ်။
ဝိနည်းထဲက နစ္စဂီတ
ဘုရားက ဝိနည်းမှာ ဒါနဲ့  စပ်ပြီး ပညတ်ခဲ့ချက်ရှိတယ်။ အဲဒါက ဘုန်းကြီးတွေ ကတာ၊ ဆိုတာ၊ တီးတာတွေ ကြည့်ရှု နားထောင်ဖို့  မသွားရဘူးလို့  တားခဲ့ချက်ပဲ။ ကျူးလွန်ရင်သင့်တဲ့ အာပတ်က သေးသေးငယ်ငယ်ပါ။ ဒါကိုကြည့်ရင် အဆိုအကနဲ့  စပ်ပြီး ဘုရားသဘောထား သိခွင့်ရှိတယ်။ အဆိုအကဟာ မျက်နှာလွှဲရမယ့်ဟာ မဟုတ်ဘူး။ ဒါပေမယ့် ရဟန်းတွေ လိုက်စားရမယ့်ဟာလည်း မဟုတ်ဘူး။ ဒီနှစ်ချက်ပေါင်းလိုက်တော့ ဒီသိက္ခာပုဒ် ပညတ်ချက် ထွက်လာတာပဲ။ လိုက်စားရမှာ မဟုတ်လို့  မသွားရဘူးလို့  တားတာပဲ။ မျက်နှာလွှဲရမှာ မဟုတ်လို့  မသွားဘဲကြည့်ရ၊ နားထောင်ရတာဆိုရင် ကြည့်နိုင် နားထောင်နိုင်ခွင့် ရှိတယ်။
ဘုရား(၃၈) အဗြဟ္မစရိယတ္ထ
Labels:
ဘုရား