လူတိုင်းပဲ ဒီအညစ်ကြေးတွေကို ရွံရှာ စက်ဆုတ်ကြပေမယ့် ဒီအညစ်အကြေးကို လုံးဝ ကုန်ဆုံးသွားအောင် စွန့် လွှတ် နိုင်ခြင်း မရှိဘူး။ သူတို့ ဟာ ဒီအညစ်အကြေးရဲ့ ဇစ်မြစ်ကို မသိကြဘူး။ ဒီအညစ်အကြေးက သိစရာလည်း မကောင်းဘူး။ အစမထင်တဲ့ အတွက်ပဲ။ ဒီတော့ ဒီအညစ်ကြေးရဲ့ အစဟာ လူနဲ့  အတူပါလာတာ ဖြစ်တယ်။ လူဟာ မမွေးခင်ဘဝက ပြုခဲ့တဲ့ ကံတွေကြောင့် ဖြစ်တာ ဖြစ်တယ်။ ဒီအညစ် အကြေးတွေလည်း မမွေးခင် ဘဝက ကံကြောင့်ပဲ ဖြစ်တာပဲ။ ဒီလို အညစ်အကြေးတွေရဲ့ အကြောင်းကို ချကြတယ်။ ဒီတော့ ချတဲ့ နေရာမှာ မသိတာဆိုတော့ အကြောင်းလည်း မသိတော့ဘူးပေါ့။ သူတို့  အသိထဲမှာ အညစ်အကြေးတွေဟာ လူရဲ့ ဖွားဘက်တွေ ဖြစ်တယ်။ လူရှိနေသမျှ ဒီအညစ်အကြေးရှိမယ်လို့  ဖြစ်တယ်။
ဒီအညစ်ကြေးတွေဟာ သူတို့  ထင်သလို ဟုတ်ကြသလား။ ဒီအညစ်အကြေးတွေကိုသာ သိပြီး ဒီအညစ်အကြေးရဲ့ လည်ပတ် ဖြစ်ပွားပုံကို မသိလို့  ဒီလိုထင်ကြတာသာ ဖြစ်တယ်။
အညစ်အကြေးရဲ့ ကြောင်းကျိုးမြင်
ဒီအညစ် အကြေးတွေဟာ အညစ်အကြေးတွေချည်း သက်သက် မဟုတ်ကြဘူး။ အကြောင်း ဟိတ်တွေလည်း ရှိတယ်။ အကျိုး ဝိပါက်တွေလည်း ရှိတယ်။ ဒီအညစ်အကြေးတွေရဲ့ အကြောင်း ဟိတ်တွေကြောင့် ဒီအညစ်အကြေး တွေ ဖြစ်ကြတာ ဖြစ်တယ်။ အကြောင်းဟိတ် မရှိဘဲ ဒီအညစ်အကြေးတွေဟာ ဖြစ်ပေါ်လာပြီးတဲ့ အခါ အကျိုးဝိပါက်ကို ချွင်းချန်ခဲ့တယ်။
ဝိပါက်အသိခက်
အကျိုးဝိပါက်အဖြစ် မချွင်းချန်ခဲ့တဲ့ အညစ်အကြေးရယ်လို့  လုံးလုံးပဲ မရှိဘူး။ အညစ်အကြေးတိုင်းဟာ အကျိုးဝိပါက် အဖြစ် ချန်ခဲ့တာချည်းပဲ။ ဒါပေမယ့် လူ့ လောကကြီးဟာ ဒီအကျိုးဝိပါက်ကို မမြင် မသိဖြစ်နေကြတယ်။ သူ့  လက်ဖြတ်လို့  ကိုယ့်လက် အဖြတ်ခံရတာ သူသေအောင်လုပ်လို့  ကိုယ်အသေခံရတာ။ ဒီအဖြစ်မျိုးတွေကိုပဲ အညစ် အကြေးရဲ့ အကျိုးတွေ အဖြစ် သတ်မှတ်ထားမိလျက် ရှိတာဆိုတော့ ဒီအညစ်ကြေးတွေရဲ့ အကျိုးတွေကို လူတွေ နား မလည်နိုင် ဖြစ်ကြရတာပဲ။ ဒီလို နားမလည်းတော့ ဒီအညစ်ကြေးတွေဟာ အကျိုးရှိတယ်လို့  ခံယူသူကလည်း သေပြီး နောင်ဘသ အဆက်ဆက်တွေမှာမှ အကျိုးက ဖြစ်တာလို့  ခံယူတဲ့ အဖြစ် ရောက်တော့တာပေါ့။ ဒါမှ မဟုတ်ရင်လည်း ဒီအညစ်အကြေးတွေဟာ ဘာမှ မဖြစ်စေဘူး ခံယူတော့တာပေါ့။ ဒါတွေဟာ အညစ်အကြေးတွေရဲ့ အကျိုးတွေကို မသိရာက ဖြစ်လာတာတွေပဲ။
အသိခက်ဖို့  အကြောင်းများ
အညစ်အကြေးတွေရဲ့ အကျိုးတွေဟာ လူမြင်ရစရာ ဖြစ်လောက်အောင် သိမ်မွေ့  နက်နဲလှတာတွေတော့ မဟုတ်ကြ ဘူး။ ဒါကြောင့် ဒါသိဖို့  အတွက် ပိတ်ဆည်းနေတာတွေက အကြောင်းကြောင်းတွေ အဖြစ် ရှိနေတယ်။ လူ့ သက်တမ်း မရှည်လျားလှတာလည်း ပါဝင်တယ်။ လူ့ ဖိစီးမှု ခံနေရတာတွေ တွန်လှန်နေရတာကလည်း များလှတယ်။ အေးအေး ဆေးဆေး စဉ်းစားမယ် ဆိုတော့လည်း ရှေးက ရှိခဲ့ပြီး အယူအဆနောက် လိုက်ပါမသွားအောင်ကလည်း မတတ်နိုင် ရှိကြတယ်။ အစစတွေပါပဲ။ ဒီတော့ မမြင်တော့ဘူးပေါ့။ မမြင်ရင် သိမ့်မွေ့  နက်နဲတာ ဖြစ်တော့တာပဲ။
ရိုးရိုးကြည့်က ဝိပါက်သိနိုင်
အညစ်အကြေးရဲ့ အကျိုးဟာ ဒီလိုဖြစ်ဖို့  မဟုတ်ရဘူး။ ကိုယ့်မိတ်ဆွေ ချစ်ပြီး ကိုယ့်ရန်သူ မုန်းတာဟာ လူတိုင်းမှာ ရှိတာတွေပဲ။ ဒီချစ်တာတွေနဲ့  မုန်းတာတွေကို ပြန်စီစစ်ကြည့်ရင် သိနိုင်တယ်။ ဒီအချစ် အမုန်းတွေကို အမြဲသတိရတာ မဟုတ်ဘူး။ အိပ်နေ၊ စားနေ၊ သွားလာ လုပ်ကိုင်နေချိန်တွေမှာ သတိမရကြဘူး။ အဲဒီ သတိမရချိန်မှာ အချစ်၊ အမုန်း တွေဟာ ဖြစ်မနေဘူးလားဆိုရင် ဖြစ်နေတယ် လို့ ဘဲ ဖြေရမယ်။ ဖြစ်နေရင် ဘယ်မှာ ဖြစ်နေတာလဲ မေးရမယ်။ စိတ် ထဲလို့  ဖြေမလား။ စိတ်က အမြဲပြောင်းနေတာ။ နောက်မဖြစ်တဲ့ စိတ်ဟာ ရှေ့ က ဖြစ်သွားတဲ့ သညာဟာ နောက်ဖြစ်တဲ့ စိတ်နဲ့  အတူဖြစ်တဲ့ သညာ မဟုတ်ဘူး။ ရှေ့ သညာက နောက်သညာကို လက်ဆင့်ပြောင်းသွားတယ် ပြောရအောင်လည်း ပြောရလောက်တဲ့ ဓမ္မတာ သဘာဝ ရှိတာ မဟုတ်ဘူးပဲ။ သညာဟာ သံဇာနန စုပြီးသိမှု လိုလည်း ဘာကို စုမှလဲ။ ဘာနဲ့  စုမှလဲ။ ဖြစ်ပြီးကို ပျက်တာကြောင့် မရှိနေတာတွေကို ဘာနဲ့  စုမှာလဲ။ ဒီလိုမေးခွန်းတွေ မဖြေဘဲ ဒီပြဿနာ မပြေနိုင်ဘူးပဲ။
ဒီအချစ်၊ အမုန်းတွေဟာ ကိုယ်ထဲမှာ ရှိတယ်လည်း ပြောနိုင်အား မရှိကြဘူး။ အသွေးအသား၊ အကြောအရိုး စတာတွေ ထဲမှာ ရှာမတွေ့ နိုင်တာ သိကြပြီး ဖြစ်နေကြတယ်။ အဘယ်မှာ ရှိတယ်လို့  ပြနိုင် တယ်ဖြစ်ဖြစ်၊ မပြနိုင်ဘူး ဖြစ်ဖြစ် ဒီအချစ်၊ အမုန်းဟာ ချစ်မုန်းပြီးရင် အချစ်၊ အမုန်းအဖြစ် ကျန်ခဲ့တာ။ မပျောက်မပျက် တည်ရှိနေတာ မလွဲမသွေ လက်ခံနေကြတယ်။
ဖြစ်ရပ်အားလုံး ဒီအတိုင်းပဲ
အချစ်၊ အမုန်းသာမကပဲ အခြားအရာတွေမှာလည်း ဒီလိုပဲ ပြနေတာ အထင်အရှားတွေ ဖြစ်ကြတယ်။ မွေးဖွားစဉ်က အတတ်မသိဘဲ လေ့ကျင့်သင်ကြား ခံရပြီးမှ တတ်သိလာတာတွေလည်း တတ်သိပြီးနောက် အခါ အားလျော်စွာ သတိ မရတွေ အရှည်အကြာ ရှိနေပေမယ့် တတ်လျက် သိလျက် ရှိတာ သိကြပြီးဖြစ်နေကြတယ်။ ဒီအတတ် အသိတွေ ဘယ်မှာ ဘယ်လို တည်ရှိတယ်လို့ သိသိ၊ မသိသိ တည်ရှိနေတာကိုတော့ သိနေကြတယ်။
ဒါတွေကိုတော့ သိပြီး ကိုယ် နှုတ် နှလုံး တစ်ခုခုရဲ့ ကျူးလွန်မှု အညစ်အကြေးဖြစ်တဲ့ ကမ္မတွေ ဖြစ်ပြီးနောက် အဲဒီ ကမ္မ တွေနဲ့  အလားတူတဲ့ လွန်ကျူးမှု အညစ်အကြေးတွေ ဖြစ်ပွားတည်ရှိ နေတာကို မသိဘူး ဖြစ်နေတာဟာ သိသင့် သိထိုက်တာကို မသိဘဲ ချော်နေတာလို့  ပြောစရာ ဖြစ်တယ်။
လွန်ကျူးမှု အညစ်အကြေးတွေဟာ လွန်ကျူးမှု အညစ်အကြေးဖြစ်အောင် ကျင့်ကြံထားရတာတွေ ဖြစ်တယ်။ တခြား အတတ်အသိ အမျိုးမျိုး တွေဟာလည်း တတ်အောင် သိအောင် လေ့ကျင့် ထားတာတွေ ဖြစ်တယ် မဟုတ်လား။ ဒါတွေမှာ ဘာခြားနားချက် ရှိသလဲ။ ကျင့်ကြံထား ရတာချင်း အတူပဲ ဖြစ်ကြတယ်။ ဘာမှ ခြားနားချက် မရှိဘူးပဲ။
အတတ်အသိတွေ တတ်အောင် သိအောင် ကျင့်ကြံတာက အကြောင်းပြုတာ ဖြစ်တယ်။ ဆက်လက်ပြီး တတ်သိနေတာက အကျိုးဖြစ်တာတွေ ဖြစ်မယ်။ ဒီလိုပြောကြရတယ်။ အညစ်အကြေးတွေမှာလည်း ဒီလိုပဲ ပြောရမှာ ပေါ့။ အညစ်အကြေးတွေ ကျင့်ကြံတာက အကြောင်းပြုတာတွေ ဖြစ်တယ်။ ပြုပြီးနောက် ဆက်လက်ပြီး အညစ်အကြေးတွေ ဖြစ်ပွားနေတာတွေက အကျိုးဖြစ်တာတွေ ဖြစ်တယ်။ ဒါတွေကို ဒီလိုပဲ ပြောရတယ်။
အကြောင်းနဲ့  ခွဲနည်း
လွန်ကျိုးမှု ကမ္မဆိုတဲ့ အညစ်အကြေးတွေနဲ့  အဲဒီအညစ်အကြေးတွေရဲ့ အကျိုးဝိပါက်တွေကို ခွဲတဲ့ အခါ ကျင့်ကြံဆဲနဲ့  ကျင့်ကြံ ပြီးနောက်ဆိုတဲ့ အချိန်ကာလနဲ့  ခွဲရမယ်။ လုပ်ဆဲ မဟုတ်ဘဲလျက် လုပ်ဆဲကအတိုင်း ဖြစ်ပွားနေတာက အကျိုးပဲပေါ့။
ဒါကြောင့် ဒီအညစ်အကြေးရဲ့ အကျိုးတွေဟာ သိစရာ မကောင်းတာတွေ မဟုတ်ဘူး။ သိစရာမကောင်းတဲ့ အဖြစ်ရောက်အောင် မြင့်မြောက်ထားခံရတာလဲ မသိဖို့  အကြောင်းတစ်ချက် ဖြစ်ခံရတယ်။
ဘုရား(၁၀) အညစ်အကြေးရဲ့ အစ လူမမြင်ရ
Labels:
ဘုရား