သီလမပျက်ဘဲ သီလပျက်တယ်လို့  သံသယကုက္ကုစ္စ မဖြစ်ဖို့  လိုတယ်။ ဒါဖြစ်ရင် အကျိုးနည်းနိုင်တယ်။ မထူးဇာတ်ခင်း နိုင်တယ်။ ဗမာတွေ အနေနဲ့  ဒါမျိုးနဲ့  အကျိုးနည်းပုံတွေဟာ ထင်ရှားတယ်။
ဘုရားဟာ မဂ္ဂင်ထဲမှာ ပါတဲ့ ဒီဂရုဓမ္မရဲ့ သီလအနက်ကို ဒီအတိုင်း ဆိုလိုတယ်။ ဒါကို ဒီမှာ မဖွင့်ပေမယ့် အခြားနေရာ ဟောချက်နဲ့  ဖွင့်ယူရင် ဒီအတိုင်း ရတာသိရတယ်။ ဓမ္မကို ဝိနယနဲ့  မဖွင့်တန်ရာလို့  မထင်ဖို့  လိုတယ်။ ဒါစဉ်းစားရအောင် မဂ္ဂသစ္စာရဲ့ သီလက္ခန္ဓမှာ ဂရုဓမ္မ သိက္ခာ ပါဝင်တယ်။ ဒီလိုပါဝင်တဲ့ သီလကို ကျူးလွန်ရင် သမာဓိနဲ့  ပညာ မရနိုင်ဘူး။ မဂ်မရနိုင်ဘူး ဆိုရမှာပေါ့။ မဂ်မရနိုင်တဲ့ တရား ပျက်ကွက်မှုကို ဝိနယမှာ တားရမှာဘဲ။
ဝိနယမှာ အသေးအမွှား ခိုးမှုကို မတားဘူး။ ဒီတော့ ဒီအသးအမွှားခိုးမှုဟာ မဂ်ကို မတားဘူး။ ဘာဆိုင်သလဲ ကြည့်ရအောင်။ ဝိနယကို ပညတ်တာ သံဃာကောင်းဖို့  ဖြစ်တယ်။ အသေးအမွှား ခိုးတာဟာ သံဃာ မကောင်းတာဘဲ။ အသေးအမွှားခိုးတာဟာ မဂ်ကို မတားလို့ သာ သံဃာ မကောင်းတာ မဖြစ်တာဘဲ။ ဒါကြောင့် ဝိနယမှာ အသေးအမွှားခိုးမှုကို ဘုရားမတားတာဘဲ။
ဒါတွေကို ပြန်ကြည့်ရင် ဝိနည်းဟာ သံဃာကောင်းဖို့  အသေးအမွှား ခိုးမှုဟာ ဝိနည်း မပျက် ဒီလို ဆိုလိုတယ်။
ဓမ္မကို ဝိနယနဲ့  တိုင်းထွာ
မဂ်သီလကို ထိခိုက်စေနိုင်တဲ့ ဓမ္မကို ဝိနယက ခွင့်မပြုနိုင်ရဘူး။ ဝိနယဟာ ဓမ္မထက်ပိုရမှာသာ ရှိတယ်။ ဓမ္မအောက် လျော့လို့  မရဘူး။ ဒါသဘာဝဘဲ။ ဝိနယဟာ သံဃာစည်း ဖြစ်တယ်။ သံဃာဟာ ဓမ္မကို ကိုယ်တိုင်ကျင့်သုံးဖို့ နဲ့  ဓမ္မဝန်ကို ဆောင်ဖို့  ဖြစ်တယ်။ ဒါကြောင့် ဝိနယ စည်းက ဓမ္မစည်းထက် လျော့လို့  မရဘူး။
ဒါတွေကို ထောက်ပြီး အသေးအမွှား ခိုးမှုဟာ မဂ်သီလဖြစ်တဲ့ ဂရုဓမ္မသီလ မပျက်ဘူး။ ဒါဟာ ဘုရားဖွင့်တဲ့ ဂရုဓမ္မသီလ မခိုးရ၊ သိက္ခာရဲ့ အနက်ဘဲ။ ဒါရဲ့ အနက်ကို ဘုရားဖွင့်တာ ကျန်ပါသေးတယ်။ ဆက်ဖွင့်ရအောင်။
ပစ္စည်းပိုင်ရှင်ဟာ လူပုဂ္ဂိုလ် မဟုတ်ရင် အဲဒီပစ္စည်း ယူတဲ့ အတွက် မခိုးရသီလ မပျက်ဘူး။ ဒါကိုလဲ ဝိနယကို ကြည့်ပြီး သိခွင့် ရတယ်။ ဝိနယ ပါရာဇိကမှာ ခိုးယူခံရတဲ့ ပစ္စည်းရှင်ဟာ လူမဟုတ်ရင် ပါရာဇိက အာပတ် မသင့်ဘူးလို့  ဟောချက် ရှိတယ်။ ဒီဟောချက်ဟာ ဂရုဓမ္မသီလရဲ့ အနက်ဖွင့်လည်း ဖြစ်တယ်။ အဖွင့်နဲ့  အဖွင့်ခံ ဆက်စပ်ပုံကို အသေးအမွှားခိုးမှု ပြောစဉ်ကအတိုင်း ဖြစ်တယ်။
လူပိုင် မဟုတ်တာ ခိုးတာ သီလမပျက်
မဂ်သီလဖြစ်တဲ့ ဂရုဓမ္မသီလ မခိုးရ၊ သိက္ခာပုဒ်အရမှာ လူပိုင် မဟုတ်တဲ့ ပစ္စည်းအမျုားအပြား ခိုးယူခြင်း မပါဝင်ဘူး။ လူပိုင်မဟုတ်တဲ့ ပစ္စည်း အများအပြားကို ခိုးယူပေမယ့် ခိုးရင် သီလ မပျက်ဘူးလို့  ဆိုလိုတယ်။ ဒါကို တော်တော်ကြီး သိဖို့ ကောင်းတယ်။ လူမဟုတ် သူပိုင်တဲ့ ပစ္စည်း ခိုးမိပြီး စိတ်ပျက်နေကြသူတွေ အများကြီး ရှိတယ်။ ဒါဆုတ်ယုတ်ဖို့ ဘဲ။
ကိုယ့်ချစ်သူ မဖောက်ပြန်ဘဲ ဖောက်ပြန်တယ် ထင်တာဟာ အချစ်ပျက် ဆုံးရှုံး ရတာမျိုးလို ဆုံးရှုံးရမှာ ဖြစ်တယ်။ ဒါကြောင့် ဒါကိုသိအောင် လေ့လာရမယ်။ ခိုးယူခံ ရတဲ့ ပစ္စည်း ပိုင်ရှင်ဟာ လူဖြစ်သလား၊ မဖြစ်ဘူးလား၊ ခွဲခြားရမယ်။ ဘယ်လို ခွဲခြားမလဲ။ ပစ္စည်းကို ပိုင်သူဟာ လူဘဲ ရှိတယ် မဟုတ်လား။ ပစ္စည်းဆိုတော့ သူ့ အကြောင်းအလျောက် ဖြစ်နေတဲ့ အရာတွေဘဲ။ ဒါကို ဘယ်သူပိုင်တယ်လို့  သတ်မှတ်သူဟာ လူပဲ ရှိတယ်။ တခြား တိရိစ္ဆာန် ပိုးမွှားတွေဟာ မသတ်မှတ်တတ်ကြဘူး။ ဒီလိုဘဲ ပြောရမယ်။ ခွေး၊ နွား၊ ဝက်၊ ကြက်၊ ငှက်တွေဟာ လူနဲ့  နီးတဲ့သူ တွေဘဲ။ သူတို့ လည်း သတ်မှတ်မယ် မဟုတ်ဘူး။ ခွေး၊ နွား ကို ချည်တဲ့ကြိုးကို သူတို့ ပစ္စည်းလို့  သတ်မှတ်မလား။ သတ်မှတ်ဦးတောင်မှ တန်ဖိုးကို ဘာနဲ့  သတ်မှတ်မလဲ။ တန်ဖိုးဟာ သတ်မှတ် မခံရဘဲ သူ့  ဘာသာ သူရှိတာ မဟုတ်ဘူး။
လူပိုင်မဟုတ်တဲ့ ပစ္စည်းဟာ ဘာလဲ
ဒါတွေကြောင့် အခိုးခံရတဲ့ ပစ္စည်းပိုင်ရှင်ဟာ လူကလွဲပြီး မရှိဘူးလို့  ပြောရမယ်။ ဒီလိုဖြစ်လျက်နဲ့  လူပိုင်ရှင် လူမဟုတ်တဲ့ ပိုင်ရှင်နှစ်ပိုင်း ခွဲတာဟာ အထူးစဉ်းစား ရမယ့် အရာ ဖြစ်တယ်။ လူမဟုတ်တဲ့ ပိုင်ရှင်ဟာ ဘယ်သူလဲ။
နတ်အရသိမှ နတ်ပိုင်ပစ္စည်းသိ
နတ်ပိုင်တဲ့ ပစ္စည်းဟာ လူမဟုတ်သူပိုင်တဲ့ ပစ္စည်း၊ ဒီလို ဘုရားဟောတယ်။ နတ်ဟာ ဘယ်သူလဲ။ ဒါကို ဆက်လေ့လာရမယ်။ ဒီစာ ပြီးခဲ့တဲ့အပိုင်းမှာ နတ်ကို ဘုရား အရကောက်ပြထားတာ သိခဲ့ရပြီ။ ဒီတော့ နတ်ဆိုတာလည်း လူဖြစ်လျက် လူလို့  မပြောဘဲ နတ်လို့  ဘာကြောင့် ပြောရတာလဲ။ သူ့ ဂုဏ်ရည်ဟာ လူထက်ထူးကဲ တောက်ပပြီး မြင့်မြတ်လို့ ပေါ့။
နတ်ဟာ ဘယ်လိုလူလဲ
ဘုရားဟာ နတ်ဘဲ။ ဝိသုဒ္ဓိနတ်လို့  တစ်မျိုး။ လောကနတ်လို့  တစ်ဖုံ မျိုးစုံ ခေါ်ရတဲ့ အထိဘဲ။ ရှေးက “ဝရုဏ” စသူတွေလည်း နတ်တွေပေါ့။ နိုင်ငံခြားက ထင်ရှားကျော်ကြားသူတွေ အားလုံးလဲ နတ်တွေဘဲ။
မြန်မာ့ ဒီဘက်ခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်း စသူတို့ နှင့် ရှေးခေတ်က ဦးတင့်တယ်။ ဦးမင်းကျော်။ ကိုဖျင်းညီနောင် အစရှိတာတွေလည်း နတ်တွေပေါ့။ ဒါက သိသာတာတွေကို ပြောတာ။ ဒီထက် နက်နဲတဲ့ နတ်တွေ အများအပြား ရှိတယ်။ နိုင်ငံတော်ဆိုတာ နတ်ကြီး တစ်ပါးဘဲ။ မြို့ ရွာ ဆိုတာတွေလည်း နတ်တွေဘဲ။ သမဝါယမ အဖွဲ့ ၊ ရဲအဖွဲ့ ၊ မီးသတ်အဖွဲ့ ၊ စစ်တပ်အဖွဲ့ ၊ သယ်သူပို့ ဆောင်ရေး အဖွဲ့ ၊ ကူးသန်း ရောင်းဝယ်ရေး အဖွဲ့ ၊ ဒါတွေလည်း နတ်တွေဘဲ။ ဒါတွေ နတ်ဖြစ်ကြောင်း ရှင်းရင် သိပ်ရှည်သွားမယ်။ အကျဉ်းချုပ်လိုက်တော့ လူတစ်ဦးချင်း ပုဂ္ဂလိကပိုင် မဟုတ်တဲ့ ပစ္စည်းတွေဟာ နတ်ပိုင် ပစ္စည်းတွေဘဲ။
လူနဲ့ နတ်ကို ဒီလို ခွဲခြားမှာ ဖြစ်တယ်။ လူအစုအမက်တွေဟာ လူဆိုတဲ့ ဂုဏ်ရည်က ကျော်သွားပြီး၊ အဲဒီသူတွေ ပိုင်တဲ့ ပစ္စည်းဟာ လူပိုင် ပစ္စည်း အဖြစ်ကို ကျော်ပြီး နတ်ပိုင် ပစ္စည်း ဖြစ်သွားတယ်။ အဲဒီ ပစ္စည်းကို ခိုးယူခြင်းဟာ ဒီသီလ သိက္ခာမှာ အခိုး မမြောက်ဘူး။ သီလ မပျက် ဘူးပေါ့။
ဒီစကားကို အတော်ကြီး မကျေနပ်ကြမလားဘဲ။ နိုင်ငံတော် ပစ္စည်းဟာ နတ်ပိုင် ပစ္စည်းဘဲ။ အခိုးမမြောက်ဘူး ဆိုပြီး နိုင်ငံတော်က ၆/၁ နဲ့  (သို့ ) အ.ပ.က နဲ့  အပြစ်တွေ အများကြီး ပေးတာ ဘယ်လို လုပ်မလဲ။ မေးချင်ကြမယ်။
ဓမ္မပြစ်နဲ့  နတ်ပြစ်ခွဲ
နိုင်ငံတော်က ပေးတဲ့ အပြစ်ဟာ ဓမ္မပျက်လို့  ရတဲ့ အပြစ် မဟုတ်ဘူး။ ဓမ္မပြစ်က ဒီလိုလည်း မဟုတ်ဘူး။ နိုင်ငံ ပြစ်မှုနဲ့  ဓမ္မပြစ်မှု ခွဲကြည့် ရမယ်။ နိုင်ငံပြစ်မှု ကျူးလွန်လို့  လူတွေက ကျောမခိုင်းဘူး။ ဓမ္မပြစ်မှု ကျူးလွန်ရင် လူတွေရဲ့ ရွံ ရှာစရာ စက်ဆုပ်ခံရတယ်။ ဒါပေါ်လွင်တာ ကလေးပဲ။
နိုင်ငံပြစ်မှု ကျူးလွန်လို့  နိုင်ငံတော်က အပြစ်ပေးတာဟာ ဓမ္မဘောင်နဲ့  မပတ်သက်ဘူး။ သူ့ ထိလို့  သူက ပြန်ကိုက်တာမျှဘဲ။ မြွေထိလို့  မြွေ ကိုက်ခံရတာ။ သေတဲ့အထိ ခံရတတ်တယ်။ မြွေကို ထိတာဟာ အပြစ်လား။ ဒါပေမယ့် သူက အထိမခံချင်တော့ ပြန်ကိုက်တာပေါ့။ သေတဲ့ အထိ ဖြစ်ရင် ခံရတာ သိပ်များတာပေါ့။ ခံရတာ များတာနဲ့  အပြစ်ကြီးတယ် မပြောရဘူး။
နိုင်ငံတော်က ပေးတဲ့ အပြစ်ဟာလည်း ဒီလိုပဲ။ အပြစ်ကြီးချင် ကြီးမယ်။ ဒါ အပြစ်ကြီးတာနဲ့  ဓမ္မပြစ်လို့  မပြောရဘူး။ နိုင်ငံတော်ကလည်း သူ့  ထိတာ မခံချင်လို့  ပြန်ကိုက်တာပေါ့။ ပန်းခြံထဲက ပန်းခူးမိလို့  အပြစ်ရတာ။ ဧည့်စာရင်း မတိုင်လို့  အပြစ်ရတာ စတာတွေ ကြည့်ရင် နိုင်ငံ ပြစ်ဟာ ဓမ္မပြစ်နဲ့  ခြားတာ ထင်ရှားတယ်။
ဘုရား(၂၉) သီလမပျက်ပဲ ပျက်တယ်ထင်တာ နစ်နာ
Labels:
ဘုရား