ဘုရား(၇) ဒုက္ခငြိမ်းဖို့  လူဘယ်လိုတော်ရမှာလဲ

လွန်ကျူးချက်တွေကို လွန်ကျူးချက်တွေလို့  သိဖို့ ၊ ထင်ဖို့ ၊ မြင်ဖို့ လိုတယ်။ လွန်ကျူးချက်ရဲ့  အကြောင်းတွေကိုလည်း လွန်ကျူးရခြင်းရဲ့  အကြောင်းတွေ ဟုတ်ပါလားလို့  သိဖို့ ၊ထင်ဖို့ ၊ မြင်ဖို့ လိုတယ်။ လွန်ကျူးမှုကြောင့် ဖြစ်ပွားတဲ့ အပြစ်တွေကိုလည်း အပြစ်တွေပါလားလို့ သိဖို့ ၊ထင်ဖို့ ၊ မြင်ဖို့ လိုတယ်။ ပြီးတော့ လွန်ကျူးချက်နဲ့ လွန်ကျူးချက်ရဲ့  အကျိုး၊ လွန်ကျူးချက်ရဲ့ အကြောင်းတွေဟာ တစ်ခုကြောင့် တစ်ခုဖြစ်နေမှုကြီး မရပ်မနား ပြေးသွားနေပါလားလို့ သိဖို့ ၊ ထင်ဖို့ ၊ မြင်ဖို့ လိုတယ်။

ဒါကိုသိပြီးတော့ လွန်ကျူးချက်တွေကို မဖြစ်အောင်ရပ်တတ်ဖို့ လိုတယ်။ ဖြစ်ပြီးသမျှ လွန်ကျူးချက်တွေရဲ့  အပြစ်တွေကို စူးစိုက် ဆင်ခြင်ဖို့ လည်း လိုတယ်။ ဖြစ်ပြီးသမျှသာ မဟုတ်ဘဲ မဖြစ်သေးတဲ့ လွန်ကျူးမှုလည်း အပြစ်များဖြစ်ကြောင့်သိဖို့ ၊ ထင်ဖို့ ၊ မြင်ဖို့ လိုတယ်။

လူလက်လှမ်းမမီတော့ ဒါသစ္စာဟုတ်လို့ လား
လူဟာဒီလောက်အထိတော်ရမှာ ဖြစ်တယ်။ ဒီလိုတော်အောင် လုပ်တာဟာ ဒုက္ခငြိမ်းကြောင်းဖြစ်တယ်။ ဒီတော့ လူတွေငါသိတဲ့ သစ္စာတရား သိဖို့  ဖြစ်နိုင်ပါ့မလား။ ဒီသစ္စာတရားဟာ လူတွေရဲ့ မျက်စိတွေက မှုန်လွန်း ၀ါးလွန်းနေလို့ မမြင်နိုင်ဘူးဆိုလည်း လူမမြင်နိုင်တဲ့ သစ္စာတော့ မဟုတ်ဘူး။ ပြီးတော့ ဒီသစ္စာတရားဟာ လူ့ သစ္စာတရား မဟုတ်တာ လည်း မဟုတ်ဘူး။

လူဘယ်လို ချော်သလဲ
လူတွေဟာ ရန်သူလို သဘောထားပြီး ဆက်ဆံတဲ့ လူတွေရှိတယ်။ မိတ်ဆွေလိုထားပြီး ဆက်ဆံတဲ့လူတွေရှိတယ်။ သူတို့ ဟာ သူတို့  သတ်မှတ်ချင်သလို သတ်မှတ်ပြီး ၊ လူတွေကို ရန်သူပဲ ၊ မိတ်ဆွေပဲ ခွဲခြားနေကြတာလား။ ဒါရဲ့  အဖြေဟာ မဟုတ်ဘူးလို့ ပဲ ဖြစ်မယ်။
လူတွေက ရန်သူလို သတ်မှတ်စရာရှိနေလို့ ရန်သူ ၊ မိတ်ဆွေလို့  သတ်မှတ်စရာရှိနေလို့  မိတ်ဆွေ၊ ဒီလို ခွဲခြားမှတ်ယူ ထားကြတာတွေဖြစ်တယ်။ ကိုယ့်အပေါ်မှာဖြစ်ဖြစ် ၊ တခြားအပေါ်မှာဖြစ်ဖြစ်၊ ကိုယ်၊ နှုတ် ၊ နှလုံး တစ်ခုခုနဲ့ လွန်ကျူးတဲ့သူကို ဒီလွန်ကျူးမှုနဲ့ မှီပြီး ရန်သူ ၊ မကျူးလွန်တဲ့သူကို ဒီမကျူးလွန်မှုမှီပြီး မိတ်ဆွေ ဒီလိုသတ်မှတ်ကြတာ ဖြစ်တယ်။
ရန်သူအနိမ့်အမြင့် မိတ်ဆွေအနိမ့်အမြင့်ကိုလည်း ဒါနဲ့ ပဲ မှတ်ကြတာပါပဲ။ ဒါကြောင့် ဆွေရင်း မျိုးခြာတွေလည်း ရန်သူဖြစ်လို့ ဖြစ် ၊ သူစိမ်း သူရံစာတွေလည်း မိတ်ဆွေဖြစ်လို့ ဖြစ် ဒီလိုဖြစ်နေကြတာတွေကို တွေ့ နိုင်တာ ဖြစ်တယ်။

ဒီအမြင်ဘယ်ကရလဲ
ဒီလိုဖြစ်အောင် ဘယ်သူကမှ အာဏာထား၊ အမိန့် သတ်မှတ်ခဲ့တာမဟုတ်ဘူး။ လူဟာ ကိုယ့်ကိုယ်ကို စောင့်ရှောက် တယ်။ မပျက်သုဉ်း မကျဆုံးပဲ နေနိုင်သလောက် နေရအောင်ပေါ့။ လူမဟုတ်တဲ့အရာတွေလည်း ဒီလိုပဲ ဖြစ်မှာပါ။ လူကတစ်ဦးနဲ့ တစ်ဦး စုစပ်ပြီး နေသူတွေထဲမှာပါနေတယ်ဆိုတော့ ဒီလိုနေခြင်းကြောင့် အကျိုးနဲ့ အပြစ်တွေ ရှိလာမှာ မလွဲပဲ။

ပေါင်းစုနေမှအကျိုးရ
လူ့ ပတ်ဝန်းကျင်က ဖိစီးမှုတွေ ခံရတဲ့အခါ ဒီဖိစီးမှုတွေကို တွန်းလှန်ရမယ်။ တစ်ဦးချင်းပဲ တွန်းလှန်ရရင် အောင်မြင်ဖို့  အတော်ကြီးကြိုးစားရမယ်။ အဖွဲ့  အစည်းနဲ့ သာ တွန်းလှန်လိုက်ရင်တော့ မပြောပလောက်အောင်ပဲ ဖြစ်လိမ့်မယ်။ ဒါကလူ့ ဖွဲ့ စည်း စုစပ်ပြီး နေထိုင်လို့  ရရှိတဲ့ အစဆုံး အကျိုးပဲ။
နောက်ထပ် အကျိုးတွေကတော့ ပြောမဆုံးအောင်ရှိလိမ့်မယ်။ လူတစ်ယောက် လူ့ အဖြစ်ရှင်သန်ရပ်တည်ဖို့  အတွက် ဆောင်ရွက်စရာ ကစ္စတွေဟာ အလွန်ပဲ များပြားတယ်။ စားရေး၊ ၀တ်ရေး၊ နေရေး၊ ကျန်းမရေး၊ ဒီအရေးတွေဟာ လူက မဆောင်ရွက်မဖြစ်တဲ့ အရာတွေပဲ။ ဒါတွေကလည်း အဆုံးမရှိအောင် နယ်ပယ်တွေကျယ်တယ်။
ဒီကိစ္စတွေအားလုံးကို ပြီးစီးအောင် ကိုယ်တစ်ယောက်ထဲဆောင်ရွက်ရင် ခက်ခက်ခဲခဲ ဆောင်ရွက်မယ်။ ဆောင်ရွက် စရာတွေက များတယ် မဟုတ်လား။ ဒါတွေဆောင်ရွက်လို့ ရတဲ့ ဆင်းရဲ ဒုက္ခနဲ့  အသက်ရှင်ရဖို့  ၀မ်းသာရတဲ့ ချမ်းသာ ဒီနှစ်ခုဟာ သူမသာ၊ ကိုယ်မသာဖြစ်ပြီး အသက်ရှင်နေထိုင်ရဖို့  ရရှိတဲ့ချမ်းသာဟာ ခေါင်းမထောင်နိုင်ဖြစ်လိမ့်မယ်။ ဒီတော့ အသက်ရှင် နေထိုက်ရဖို့ ဟာ အရမတော်တဲ့ အသက်ရှင် နေထိုင်မှုကြီး ဖြစ်တော့တာပေါ့။
လူဟာ တစ်ဦးနဲ့ တစ်ဦး ဖွဲ့ စည်းစုစပ်နေထိုင်တဲ့အခါမှာတော့ လူလုပ်စရာတွေ အများကြီးဟာ ကြက်ပျောက် ငှက်ပျောက်ဆိုသလို ပျောက်သွားလိမ့်မယ်။ ကိစ္စတွေ ရာထောင်ချီပြီး ရှိချင်ရှိပါစေ။ လူရာထောင်စုပြီး ကိစ္စတစ်ခုအတွက် တစ်ယောက်ကပဲ ဆောင်ရွက်ဖို့  ခွဲဝေလိုက်မယ်ဆိုရင် တစ်ယောက်မှာ ကိစ္စတစ်ခုပဲ ရှိတော့တာ ပေါ့။ ကိစ္စတစ်ခုကို မဆောင်ရွက်ရပေမယ့် ကိစ္စတစ်ခုကို တခါတစ်ရာပဲ ဆောင်ရွက်ရတာပဲ မဟုတ်လားလို့  မေးစရာရှိတယ်။ ဒီနှစ်ခုဟာ မတူကြဘူး။ တစ်ခုကို အခါတစ်ရာ ဆောင်ရွက်တာဟာ အလွန်ကျွမ်းကျင်ပြီး ပေါ့ပါးဖြတ် လတ်ဆောင်ရွက်ရတာကို တွေရမယ်။ ကိစ္စတစ်ရာကို ဆောင်ရွက်တာနဲ့  ကိစ္စတစ်ခုကို အကြိမ်တစ်ရာ ဆောင်ရွက်တာတို့ ရဲ့ ခြားနားချက်ဟာ မတိုင်းဆနိုင်လောက်အောင် ဖြစ်လိမ့်မယ်။
ဒါကြောင့် ဖွဲ့ စည်းစုစည်းမှုအကျိုးကို လူတွေအားလုံးပဲ သိကြတယ်။ သိတဲ့အတိုင်းပဲလူဟာ လူ့ အဖွဲ့  အစည်းနဲ့ ပဲ နေထိုင်ကြတယ်။ နေထိုင်တဲ့အတိုင်းပဲ လူဆိုတဲ့ သတ္တ၀ါဟာ တိုတက်မှု အနန္တကိုလည်း ရရှိပိုင်ဆိုင်နေသူများ ဖြစ်ကြတယ်။

စုနေရတာ ငြီးငွေ့ စရာ
ဒါပေမယ့် တစ်ဦးနဲ့ တစ်ဦး ပေါင်းစပ်နေထိုင်ရတဲ့ အတွက် အပြစ်မဖြစ်တာတော့မဟုတ်ဘူး။ ဒီအပြစ်ဟာ မသေးငယ်တဲ့အတိုင်းအတာ အထိရှိတယ်။ ဒီအပြစ်ကြောင့် လူ့  တိုးတက်မှုအားလုံး ပြိုပျက်ခံရမလောက်ရှိတယ်။ ဒီအပြစ်ကို ငြီးငွေ့ ပြီး အချို့ လူတွေဟာ လူ့ အဖွဲ့ အစည်းကို ထွေးပြီးတဲ့ တံတွေးကို ပြန်လှည့်မကြည့်သလို လွတ်လွတ်စွန့် ပြီး ကျောခိုင်းသွားကြတဲ့ အထိရှိတယ်။ သူ့ လောက်လူ့  စွမ်း မကောင်းကြလို့ သူ့ လို မလုပ်နိုင်ကြပေ မယ့် လူတိုင်းပဲ လူ့ အသိုင်းအ၀ိုင်းရဲ့  အဲဒီဖိစီးမှု အပြစ်ကို မငြီးငွေ့ သူမရှိသလောက်ပဲ။

အညစ်အကြေးအရကောက်မှား
ဒါကြောင့် လူ့ အဖွဲ့ အစည်းရဲ့ အပြစ်ဟာ လူရွံရှာစက်ဆုပ်ခံရတဲ့ အညစ်အကြေးတွေ ဖြစ်တယ်။ ဒီအညစ်အကြေးတွေ ဟာ လူတွေစက်ဆုပ်ရွံရှာ နှလုံးနာခံရတာ အစစ်အမှန်ဖြစ်ပေမယ့် ဒီအညစ်အကြေးကို လူတွေမိမိရရ အရကောက်ယူ ဖော်ထုတ်နိုင်အား မရှိကြဘူး။ ဒီအညစ်အကြေးဟာ သူ့ ဆီမှာ ရှိသလို ကိုယ့်ဆီမှာလည်း ရှိတယ်။ ကိုယ်လည်းသူ့ လို၊ သူလည်းကိုယ့်လို ဖြစ်နေတော့ ဒါဟာ သဘာဝပဲ။ လူရှိနေသမျှ ရှိနေမှာပဲ။ ဒါကြောင့် ဒါဟာ အညစ်အကြေးမဟုတ်ဘူး။ အညစ်အကြေးဟာ လူပဲဖြစ်တယ်လို့  မြင်တော့တာပေါ့။

Website counter

Back to TOP