ဘုရား(၂၂) တန်ခိုးနဲ့ စပ်တဲ့ဝိနည်းပညတ်

ရဟန်းတွေရဲ့ ဝိနည်းမှာ တန်ခိုးနဲ့ စပ်ပြီး ပညတ်ထားတဲ့ သိက္ခာပုဒ်နှစ်ခုရှိတယ်။ တန်ခိုးမရဘဲ ရတယ်ပြောတယ်။ ရလို လူတွေကို (ရဟန်း မဟုတ်သူတွေကို) ရတယ် ပြောတာအတွက်ဘဲ။ “ပါရာဇိက” နှင့် “ပါစိတ်” အဖြစ် အပြစ်သတ် မှတ်တယ်။ တန်ခိုးဟာ လူလွန် သဘောတရားပေါ့။ တန်ခိုးရဲ့  မြန်မာစကားအနက်ဟာ မထင်ရှားဘူး။ တန်ခိုးကို ဖလှယ်ရတဲ့ ပါဠိစကားကတော့ “ဣဒ္ဓ” ဖြစ်တယ်။ ပြီးစီးမှုလို့  အနက်ရတယ်။ ဓါးပြီး ၊ တုတ်ပြီး စကားထဲက “ပြီး” ဆိုတာမျိုးဖြစ်လိမ့်မယ်။ တန်ခိုးဟာ ပြီးစီးမှု ၊ ပြည့်စုံမှု ၊ အဓိပ္ပါယ်ရစရာ ရှိတယ်။ မှော်ဆရာ သေတ္တာဟာ လိုချင်တာကို ဆွဲထုတ်လို့ ရတယ်။ ဒါမျိုးဟာလည်း တန်ခိုးဘဲ။ ပြီးစီးမှုဘဲ မဟုတ်လား။



ဘုရားဟာ တန်ခိုးတစ်စုံတရာရတဲ့ပုံ မရှိဘူး။ ဒါပေမယ့် ပြသလိုတွေ အများအပြား သိနေကြတယ်။ အခုအခါမျာ ဘုရားရုပ်တု အတော်များများဟာ အကောင်းဆုံး မင်းမြောက်တန်ဆာ ၀တ်ဆင်ထားတဲ့ ပုံတွေ ဖြစ်နေတာ တွေ့ ရတယ်။ ဒီပုံတွေရဲ့  အညွှမ်းက ဘုရားတန်ခိုး ပြမှုကို ညွန်းနေတယ်။
တစ်ချိန်မှာ ဘုရားဟာ အလွန်မာနကြီးတဲ့ မင်းတစ်ပါးကို ချွတ်တယ်။ ချွတ်ပုံကဘုရားဟာ အဲဒီမင်းထက် အဆင့်များစွာဖြင့် ၀တ်စားနေထိုင်မှုနဲ့ ဝတ်စား နေထိုင်ပြတယ်လို့  ဆိုတယ်။ အဲဒီမင်းဟာ မာန်ကျပြီး တရားရသွားတယ်ပေါ့။
ဘုရားဟာ ဒီလိုမဟုတ်ပါဘူး။ တန်ခိုးပြတရားမဟောဘို့  သူပညတ်ထားတာဘဲ။ သူပညတ်တာကို သူမကျော်ပါဘူး။ ဘုရားဟာ ရဟန်းများဆီက သီတင်းကျွတ်ချိန် “ပ၀ါရဏ” ပြုပါတယ်။

ဘုရားပ၀ါရဏာပြု
“ပ၀ါရဏာ” ဆိုတာ ရဟန်းတွေက သူတို့ အပြစ်မြင်ရင် အပြစ်ရှိတယ်။ ကြားရင် အပြစ်ရှိတယ် ယုံမှားရင် ပြောကြပါ။ အပြစ်ကို ရှုကြည် ပြင်ဆင်ပါ့မယ်လို့ ပြောတာဘဲ။
ဘုရားတန်ခိုးနဲ့ စပ်ပြီး သိစရာကောင်းတာကလေးတစ်ခု ဘုရားလက်ထက်က ဖြစ်ပျက်ခဲ့တာ ရှိပါတယ်။ အဲဒါကတော့ “သူ့ နက္ခတ္တ” ဆိုတဲ့ ရဟန်းတစ်ပါးနဲ့  စပ်လို့ ဘဲ။ သူဟာ လိစ္ဆ၀ီ မင်းသားဖြစ်တယ်။ ရဟန်းပြုပြီး ဘုရားရဲ့ အတွင်းရေးမှုး အလုပ်အကြွေး နေရာကို ယူဖူးသူဖြစ်တယ်။ အာနန္ဒာ အမြဲ အလုပ်အကြွေး မလုပ်ခင်ကပေါ့။

သုနက္ခတ္တ်တန်ခိုးပူဇာ
သုနက္ခတ္တဟာ ဘုရားကို တန်ခိုးပြဖို့  ခဏခဏ ပူဆာ တောင်းဆိုတယ်။ မရခဲ့ဘူး။ တစ်နေ့ မှာတော့ အဖြစ်အပျက်တစ်ခုနဲ့ ကြုံတယ်။ “ပရဗိုဇ်” တစ်ဦးဟာ ဘုရားတပည့်ရဟန်းယောင်ဆောင်ပြီး ဘုရားတရားတွေခိုးကာ အားလုံးသိပြီဆိုပြီး ပရဗိုဇ်အဖြစ် ပြန်သွားတယ်။ သူက ကြေငြာတယ်။ ဘုရားဆီမှာ တရားခိုးလေ့လာတာ ဘုရားတရား အားလုံးကို ငါသိပြီ။ ဘုရားဆီကရတဲ့ ဓမ္မ၀ိနယတွေနဲ့  ပရပိုဇ် ဘောင်ကို ကောင်းအောင်တည်ထောင် မယ်လို့ ပဲ။ ဒီကြွေးကြော်သုံကို ဘုရားကြားတယ်။ တစ်ချိန်မှာ ဘုရားဟာ ဆွမ်းခံက အပြန် အဲဒီပရဗိုဇ်ကျောင်းကို သွားခဲ့တယ်။ ဒီကနေ့  သူတန်ခိုး ပြမယ်လို့ လည်း သုနက္ခတ္တကို ပြောခဲ့တယ်။ သုနက္ခတ္တဟာ ပျော်သွားတာပေါ့။ ဘုရားက သူလာရင်း အကြောင်းကို ကျောင်းခံပရဗိုဇ်တွေကို ပြောပြတယ်။ ဒီကျောင်းက ဘယ်အမည်ရှိတဲ့ ပရဗိုဇ်ဟာ ငါ့ဆီကတရားခိုးယူသွားပြီး အကုန်တတ်ပြီဖြစ်လို့  ပရဗိုဇ်တွေကို ဒါတွေနဲ့ တည်ဆောက်မယ် ကြားရတယ်။ ဒါအတွက် လာခဲ့တာဘဲ။ သူအကုန်တတ်ပြီဆိုတာ ဟုတ်မဟုတ် သိရအောင်နဲ့  ဟုတ်ရင်ဟုတ်မယ် ပြောရအောင်ရယ်၊ မဟုတ်ရင် လိုနေတာပြောရအောင်ရယ် ဒါတွေအတွက် လာခဲ့တာပဲ။ အခုအဲဒီ ပရဗိုဇ် ဘယ်မှာလဲလို့ ဘဲ။
ကျောင်းခံ ပရဗိုဇ်တွေက အဲဒီပရဗိုဇ် ဆွမ်းခံရာက ကျောင်းပြန်မရောက်သေးကြောင်း ဘုရားကို ပြောကြတယ်။ ဘုရားရ သူစောင့်မယ်လို့  ပြောတယ်။ ဘုရားစောင့်နေတာကို အဲဒီ ပရဗိုဇ်ကြားတော့ ဘုရားကို တွေ့ ရမှာကြောက်ပြီး ကျောင်းပြန်မလာဘဲ တခြား ပရဗိုဇ်ကျောင်းတစ်ခုကို ရှောင်တိမ်းသွားတယ်။ စောင့်လို့ ကြာတော့ တန်ခိုးပြတာ ကြည့်ချင်တဲ့ သုနက္ခတ္တက အဲဒီပရဗိုဇ်ကို လိုက်ရှာတယ်။ သူသွားတဲ့ကျောင်းကို လိုက်တယ်။ အဲဒီပရဗိုဇ်ကလည်း တခြားကျောင်း ထွက်ခွာသွားတယ်။ သုနက္ခတ္တက ဘုရားထံပြန်လာတယ်။ ဘုရားက သုနက္ခတ္တကို ပြောတယ်။ ငါတန်ခိုးပြလိုက်ပြီ အဲဒီ ပရဗိုဇ်ဟာ ငါရှိရာ မလာဝံ့ဘူး။ အရဲစွန့် ပြီး လာရင် ငါမေးတဲ့ ပြဿနာ မဖြေနိုင်ဖြစ်ပြီး အဲဒီ ပရဗိုဇ် ခေါင်းရှစ်စိတ်ကွဲမယ်။ ဒါက ဦးနှောက်ပျက်မယ် ဆိုတဲ့ အခုခေတ် စကားမျိုးဘဲ။ ဘုရားက ဒီလိုမိန့်  ကြားတယ်။

ဘုရားတန်ခိုးပြတာ သုနက္ခတ္တမသိ
သုနက္ခတ္တက ဘုရား တန်ခိုးပြတယ် ပြောတယ်။ ငါမမြင်လိုက်ရဘူး။ ဘုရားကို တန်ခိုးမပြဘူးလို့  မှတ်ယူသွားတယ်။ နောက်ပိုင်းမှာ သုနက္ခတ္တဟာ အစာမစားဘဲ ရက်များစွာ အပြင်းအထန် ကျင့်နေတဲ့ နိဂန္ထ တစ်ယောက်ကို ဦးညွန့် ပြီး အရိုအသေပေးတယ်။ နောက်တော့ သူ လူထွက်သွားတယ်။
ဒီဖြစ်ရပ်ဟာ တန်ခိုးနဲ့  စပ်လျဉ်းလို့ ဘုရားရပ်တည်ပုံကို အပေါ်လွင်ဆုံး ဖော်ပြနိုင်တဲ့ ဖြစ်ရပ် ဖြစ်တယ်။ ဘုရား ရပ်တည်တဲ့ တန်ခိုးဟာ သုနက္ခတ္တ ရပ်တည်ခံယူတဲ့တန်ခိုးနဲ့  ခြားနားပုံရတယ်။ ဘုရားက သူ့  တန်ခိုးပြတယ် ပြောတယ်။ သုနက္ခတ္တသိတဲ့ တန်ခိုးက ဒီကနေ့  ပေါက်ဆရာတွေ သမားဂုဏ်ပြ လုပ်တာမျိုးထဲက ဖြစ်ဖို့  ရှိတယ်။ ဘုရားတန်ခိုးက ဆန္ဒ၊ ဝိရိယ၊ စိတ်၊ ပညာ တစ်ခုခု ထက်သန်အားကြီးလို့  ဖြစ်ထွန်းတဲ့ စွမ်းရည်သတ္တိ ဖြစ်တယ်။ ဒီနှစ်ခု ခြားနားတာပေါ့။
ဘုရားဟာ ဒီလို တန်ခိုးမျိုးကိုဘဲ အသိအမှတ်လည်း ပြုတယ်။ ပိုင်လည်း ပိုင်ဆိုင်တယ်။ ဒီတန်ခိုးမျိုးဟာလူ့  သဘောကို မလွန်ဘူး။ လူ့ သဘောလွန်တဲ့ တန်ခိုးတွေဟာ မျက်လှည့်တွေဘဲ။ ဘုရားဟာ နတ်ပြည် တက်စာမှာပါတဲ့ သရက်ဖြူပင်ရင်း တန်ခိုးအစုံ ပြတယ် ဆိုတာ တွေဟာ ဒါမျိုးတွေဘဲ။

နတ်အပေါ် ဘုရားသဘောထား

ဘုရားဟာ တန်ခိုးနဲ့  စပ်ပြီး အလွန် လူသားဆန်တာ အမှန်ပဲ ဖြစ်တယ်။ လူမသိစရာ နည်းနည်းမှ မရှိဘူး။ ဒီက ဆက်ပြီး ဘုရားရဲ့ တန်ခိုးရှင်လို့  ပြောရတဲ့ နတ်ဒေဝါတွေ အပေါ် ရပ်တည်ချက်ဟာ အလွန်လူသား ဆန်တာကို ဆက်လေ့လာရမယ်။
ဘုရားရှင်ဟာ ပရဗိုဇ်ကျောင်းတစ်ခုကို သွားလည်တယ်။ အဲဒီကျောင်းရဲ့ အကြီးအကဲ ပရဗိုဇ်က ပေါဌပါဒလို့  အမည် ရှိတယ်။ ပေါဌပါဒတို့ ဟာ ဘုရားကို ပျူပျူငှာငှာ ကြိုဆိုတယ်။ ပြီးတော့ နောင်ဘဝ မရှိစတဲ့ ပြဿနာ ဆယ်ချက်ကို မေးကြတယ်။ ဘုရားက သူ ဒါတွေ မယူဘူးလို့  ဖြေတယ်။ ပေါဌပါဒက ဘုရားဖြေတာကို ချီးကျူးပေးတယ်။ ကျန်တဲ့ ပရဗိုဇ်တွေက ပေါဌပါဒ ပရဗိုဇ်ကို အပြစ်တင်ကြတယ်။ ဘုရားက ဘာဖြေလို့  ကောင်းချီး ပေးတာလဲလို့ ပဲ ဘုရားက ပေါဌပါဒ သိသွားတာကို သိတယ်။
ပရဗိုဇ်တို့  ဘာအတွက် တရားကျင့်ကြတာလဲလို့  ဘုရားက မေးတယ်။ ပရဗိုဇ်တွေက ဖြေကြတယ်။ ချမ်းသာအတိ ရှိတဲ့ နတ်ပြည်ရောက်ဖို့  လို့ ဘဲ။ အဲဒီ နတ်ပြည်ကို မင်းတို့  မြင်ဘူးကြသလားလို့  ဘုရားက မေးတယ်။ မမြင်ဘူးလို့  သူတို့ က ဖြေကြတယ်။ မကြားဖူးဘူးလို့  ဖြေကြတယ်။ ဒီလိုဆိုရင် မမြင်ဘူးတဲ့ မိန်းမ တစ်ယောက်ကို ကြိုက်ပြီး မရလို့  စိတ္တဇ ဖြစ်နေတဲ့ အရူးနဲ့  မင်းတို့  တူနေကြမှာပေါ့။ သူကြိုက်တဲ့ မိန်းမကို ဘယ်အရပ်မှာ ရှိတယ်လည်း မသိ၊ ဘယ်အမျိုး အမည်ရှိတယ်လည်း မသိ၊ ဆူကြုံနိမ့်မြင့်လည်း မသိသလို မင်းတို့  လိုချင်တာလည်း မင်းတို့  မသိတဲ့ လူတွေပဲ။
ဒီဖြစ်ရပ်တွေမှာ နတ်ဒေဝါကို လူတွေ မသိဘဲ စိတ္တဇနဲ့  ရူးနေကြပုံ ဘုရားက အရိပ်အမြွတ် ပြောတယ်။

ဘုရားသိတဲ့ နတ်ဒေဝါ လူတွေမသိ
ဒီကနေ့  ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားနဲ့  နတ်ဒေဝါတွေ ရောထွေး လိမ်ယှက်နေသလို သိနေကြတယ်။ နတ်ဒေဝါက တရားတောင်းပန်တယ်။ မေးမြန်းတယ် ဆိုတာတွေလည်း အများကြီး ရှိတာကို တကယ်တော့ နတ်ဒေဝါတွေဟာ ဒီနေ့  လူတွေ သိနေတဲ့ ဟာမျိုးဖြစ်ဖို့  မရှိဘူး။ ဒါကို လေ့လာရမယ်။

Website counter

Back to TOP