ဘုရား(၁၅) ကောဏ္ဍညရဟန်းအဖြစ် ဘုရားခွင့်ပြု

ဒီလျှောက်ထားချက်ကို ဘုရားရှင်က လက်ခံကြောင်းမိန့် ကြားတယ်။ ဒီအချိန်ကစပြီး ရှင်ကောဏ္ဍညဟာ တရားကို အပြည့်ချဉ်းကပ်သူ ဘုရားတပည့် ရဟန်းအဖြစ် ရရှိသူဖြစ်တယ်။ ဘုရားတပည့် သာဝကအဖြစ် ရောက်သွားတယ်။ ဘုရားဖြစ်ပြီး နှစ်လတိတိ အကြာမှာ ဘုရားရှင်ဟာ ပထမဆုံး တပည့်ရဟန်းကိုရခဲ့တာ ဖြစ်တယ်။
မြတ်စွာဘုရားဟာ ကျန်တဲ့ ပဉ္စ၀ဂ်လေးဦးကို ဆက်လက်ဟောပြောနေတယ်။ ရှင်ကောဏ္ဍညဟာ ဘုရားနဲ့  ကျန်တဲ့ အဖော်လေးဦးအတွက် ဝေယျာဝစ္စ ပြုပေးနေတယ်။
ဝါဆိုလပြည့်ကျော် လေးရက်နေ့ မှာမှ ပဉ္စ၀ဂ်တို့ ရဲ့  နောက်ဆုံးတရား မသိသေးဘဲကျန်နေတဲ့ ရှင်အဿဇိဟာ တရားသဘောပေါက်ပြီး ဘရားထံ တပည့် သာဝကအထိ လျှောက်ထားတောင်းဆို ရရှိခဲ့တယ်။ ဒီနေ့ ဟာ ဘုရားရှင် မှာ တပည့်ရဟန်းငါးဦး ရှိသွားပြီဖြစ်တယ်။


ပဉ္စ၀ဂ်တို့ ကို အနတ္တလက္ခဏာ ဘုရားဟော
ဝါဆိုလပြည့်ကျော် ငါးရက်နေ့ မှာ ဘုရားရှင်ဟာ ပဉ္စ၀ဂ်တို့ ကို ပွားများစရာ တရားတော်ကို ဟောကြားပြသပေးခဲ့တယ်
အဲဒါက အနတ္တလက္ခဏာ ဒေသနာပဲ။ ဘုရားရှင်က ရုပ်ဝေဒနာ အစရှိတဲ့ အစွဲအစုတွေဟာ ကိုယ့်ကိုယ်မဟုတ်တာတွေ ဖြစ်တဲ့အကြောင်း ညွှန်ကြားပြသတယ်။ ဒါကိုအကြောင်းပြချက်နှစ်ချက်ကို ထုတ်ပြတယ်။ ပထမတစ်ချက်အဖြစ် ဒီအစွဲ အစုတွေဟာ နှိပ်စက်ကြတယ်။ ဒုတိယ တစ်ချက်အဖြစ် ဒီအစွဲအစုတွေဟာ ကိုယ့်အလို မလိုက်ကြဘူးလို့ ပဲ။
ကိုယ့်ကိုယ်ဖြစ်တယ်ဆိုရင် ကိုယ့်ကိုယ်ဟာ ကိုယ့်ကိုမနှိပ်စက်ဘဲ ရှိရမယ်မဟုတ်လား။ နောက်တစ်ချက်ကလည်း ကိုယ့်ကိုယ်ဖြစ်တယ်ဆိုရင် ကိုယ့်ကိုယ်ဟာ ကိုယ့်အလိုအတိုင်း ဖြစ်ရမယ်။ ဒီနှစ်ခုမရှိဘူး။ ဒါကြောင့် ဒီအစွဲတွေဟာ ကိုယ့်မဟုတ်ကြဘူးလို့  ဘုရားကညွှန်ပြခဲ့တယ်။


ဥပါဒါနက္ခန္ဓာတွေကို ပဉ္စ၀ဂ်တို့  လက္ခဏာမြင်ပြီ
ပဉ္စဝဂ်တို့ ကလည်း ဘုရာညွှန်ပြပြီး တာနဲ့  အတူသုံးသပ်ပြီး ဖြစ်ကြတာကြောင့် ဘုရားဟောပြောချက်ကို သဘော တူတဲ့အဖြစ်မှာ ရှိသွားကြတယ်။ ဘုရားဟာ ဒါတွေကို နိစ္စ၊ အနိစ္စ ဘယ်လိုတွေ ထင်ကြသလဲလို့  ဆက်မေးတယ်။ ပဉ္စဝဂ်တို့ က ဒါတွေဟာ အနိစ္စ တွေပေါ့လို့  ဖြေကြတော့ ဘုရားက ဆက်မေးတယ်။ အဲဒီ အနိစ္စဖြစ်တာတွေဟာ ဒုက္ခ နဲ့  သုခ ဘယ်လိုထင်ကြသလဲလို့ ပဲ။ ပဉ္စတို့ က ဒုက္ခတွေပဲလို့  ဖြေကြတော့ အဲဒီ အနိစ္စ ဒုက္ခဖြစ်တဲ့ တရားတွေကို ငါ ဖြစ်တယ်။ ငါ့ဥစ္စာ ဖြစ်တယ်။ ငါ့ကိုယ်ထည်ဖြစ်တယ်။ ဒီလို တစ်မျိုးမျိုးမှတ်ရင် တော်မလား မေးတယ်။ ပဉ္စဝဂ်တို့ က မတော်ဘူးလို့  ဖြေကြတော့ ဘုရားက ဆက်ပြောတယ်။ အစွဲရုပ်နဲ့  ဝေဒနာ သင်္ခါရ ဝိညာဉ်တွေ အားလုံးကို ငါမဟုတ် ဘူး။ ငါ့ဟာ မဟုတ်ဘူး။ ငါ့ကိုယ်ထည်လည်း မဟုတ်ဘူးလို့  ရှုမြင်ကြရမယ်။ ဒီလို ရှုကြည့်ရင် အဲဒီအစွဲရုပ် စတာတွေကို ငြီးငွေ့  လိမ့်မယ်။ ငြီးငွေ့ ရင် မစွဲပဲ ရှိလိမ့်မယ်။ မစွဲရင် လွတ်လပ်လိမ့်မယ်လို့  ပဲ။

ကမ္ဘာ့ပဌမဆုံး ဘုရားတပည့် ရဟန္တာငါးပါး

မြတ်စွာဘုရားဟာ ဒီတရားဟောပြီး ပဉ္စဝဂ် ရဟန်းတွေကို ရဟန်းကိစ္စ အပြီးတိုင် ရောက်စေခဲ့တယ်။ ဝါဆိုလပြည့်ကျော် ငါးရက်နေ့ ဟာ ကမ္ဘာလောကမှာ့ ရဟန္တာ ခြောက်ပါးအထိ ရှိလာခဲ့ပြီပဲ။

ဆဌမသာဓက ဖြစ်မဲ့သူက
ဘုရားရှင်ရဲ့ ဓမ္မ လည်ပတ်တဲ့ သတင်းဟာ လူ့ သတင်း လူချင်းဆောင်သဘောနဲ့  လွင့်ပျံခဲ့တယ်။ မကြာမီမှာပဲ နာလက ဆိုသူ တစ်ယောက် ဘုရားထံမှောက် ရောက်လာခဲ့တယ်။ သူဟာ ဘုရားရဲ့ မွေးမြေနိုင်ငံရဲ့ ဦးဆောင်လမ်းညွှန် သဘောတရားပိုင်ရှင် ဒေဝီလ ရသေ့မြတ်ရဲ့ တူတော်သူ ဖြစ်တယ်။ သူဟာ ဦးကြီးတော် ဒေဝီလက မသေမီက မှာကြား ခဲ့တဲ့ စကားကို လက်ခံရရှိသူ ဖြစ်တယ်။ သိဒ္ဓတ္ထဟာ ဓမ္မစက်ကို လည်စေလိမ့်မယ်။ လည်စေပြီ ကြားရင် သိဒ္ဓတ္ထထံ အရောက်သွားပေတော့ ဆိုတဲ့စကားပဲ။
ဒီစကားအရ နာလကဟာ ကြားရင် ကြားခြင်း ကပိလဝတ်က ဗာရာဏသီ မိဂဒါတောအရောက် ဘုရားထံမှောက် ရောက်လာသူ ဖြစ်တယ်။ နာလကက ဘုရားကို လျှောက်တယ်။ ရဟန်း ဘဝဟာ မလွယ်ပါ။ အဲဒီ ရဟန်းရဲ့ ဥစ္စာဖြစ်တဲ့ မောနေယျတွေဟာ ဘာတွေဖြစ်ပါလဲ ဟောကြားပေးပါလို့  အမောတကော တောင်းဆိုလျှောက် ထားခဲ့တာပဲ။
ဘုရားက မောနေယျတွေကို ဟောပြောလိုက်တယ်။ နလကာ ဒီမောနေယျတွေကို ပျောက်ရှမှာ အတော်ကြီး စိုးရိမ်ပြီး ရွာတစ်ရွာမှာ နှစ်ခါ ဆွမ်းခံတာမျိုးနှင့် သစ်တစ်ပင်အောက် နှစ်ခေါက်ဝင်ရောက် နေထိုင်မိတာမျိုး မရှိအောင်အထိ လုံးလ စိုက်ကျင့်ကြံသွားတယ်။ သူဟာ ဒီကမ္ဘာမှာ ခုနှစ်ပါးမြောက် ရဟန္တာပဲ။

ယသသဌေးသား ရဟန္တာဖြစ်
ရှစ်ပါးမြောက် ရဟန္တာာကတော့ အရှင်ယသပဲ ဖြစ်တယ်။ ယသဟာ ဗာရာဏသီက အလွန်ချမ်းသာတဲ့ သဌေးသားပဲ။ သူကလည်း ဘုရားက မိဂဒါမှာ ဓမ္မစက်လည်ပြီဆိုတဲ့ သတင်း ကြားတယ်။ သူသာသူ့ ကို ဖျော်ဖြေချွေရံနေကြသူတွေ ရဲ့ အလယ်ကနေပြီး ဒီသူတွေရဲ့ အိုနာ သေနေတဲ့ ဘဝတွေကို မြင်တာကြောင့် ငြီးငွေ့  ထွက်ခွာလာခဲ့တယ်။ မိဂဒါ တောထဲက ဘုရားဆီမှ တရားနာပြီး တရားဝန်ထမ်းသူ ရဟန်း အဖြစ်ယူလိုက်တယ်။
သူ့ မိဘတွေက သူပျောက်သွားတာကို လိုက်ရှာကြတယ်။ သူ့ မိဘနှစ်ပါး အနက်က အမေဟာ ဘုရားမဖြစ်မီက သိဒ္ဓတ္ထကို ဆိတ်ကျောင်းညောင်ပင်ရင်းမှာ နို့ ဆွမ်း ကပ်ခဲ့သူပေါ့။ ဒီသားကလေးဟာ အဲဒီညောင်ပင်ဆီက သားဆုပေး လို့  ရခဲ့သူပဲ။ အဲဒါကို ကျေးဇူးတင်လို့  သူ့ ရွာ ပြန်အရောက်မှာ ဒီညောင်ပင်ကို နို့ ဆွမ်းပူဇော်တာပဲ။ သိဒ္ဓတ္ထကို တွေ့  လို့  သိဒ္ဓတ္ထကို ညောင်ပင်စောင့်နတ် အမှတ်နဲ့  ပေးခဲ့တာပဲ။

ယသမိဘများ အစဆုံး ဥပသကာဖြစ်

ယသရဲ့ အဲဒီအမေနဲ့  အဖေတို့ ဟာ သားရှာရင် ဘုရားကို မိဂဒါတောမှာ တွေ့ တယ်။ သူတို့ လည်း တရားနာရပြီး တရားကို ချည်းကပ်သူ ဥပသကာတွေ အဖြစ် ရောက်ကြတယ်။ ဥပသကာထဲမှာ သူတို့ ဟာ ပထမဆုံးတွေပဲ။ ယသကို ဆက်ပြီး ယသရဲ့ သူငယ်ချင်း တွေလည်း ရဟန်းပြုကြတယ်။ သူတို့ က တွေးကြတယ်။ ယသလို ချမ်းသာသူက ရဟန်း လုပ်တာကြည့်ရင် ရဟန်းအဖြစ်က အလွန်လုပ်အပ်လို့  ဖြစ်ရမယ်။ ဒို့ ဟာ ယသလို မချမ်းသာကြဘူး။ ဒီတော့ ဒို့  ရဟန်း မလုပ်နိုင်စရာ မရှိဘူးလို့  ဆင်ခြင်ပြီး ဘုရားထံ ရဟန်းလာပြုကြတာ ဖြစ်တယ်။

Website counter

Back to TOP