ဘုရား(၄၈) ဘာသာရေး ပြဿနာ ဆယ်ချက်

ဒီဆယ်ချက်က -
(၁) သေပြီးဖြစ်ခြင်း၊
(၂) သေပြီး မဖြစ်ခြင်း၊
(၃) သေပြီး တစ်ချို့ ဖြစ်၊ တစ်ချို့  မဖြစ်ခြင်း၊
(၄) သေပြီး ဖြစ်တာလည်း မဟုတ်၊ မဖြစ်တာလည်း မဟုတ်ခြင်း၊
(၅) အသက်ဟာ ကိုယ်နဲ့  အတူတူဖြစ်ခြင်း၊
(၆) အသက်ဟာ ကိုယ်နဲ့  တစ်ခြားစီ ဖြစ်ခြင်း၊
(၇) လူအရှိဖြစ်ခြင်း၊
(၈) အရှိမဟုတ်ခြင်း၊
(၉) အဆုံးရှိခြင်း၊
(၁၀) အဆုံးမရှိခြင်း ဒီဆယ်ချက်ဖြစ်တယ်။


ဒီဆယ်ချက်မယူဆိုသူကို ဘာမှမယူတဲ့အယူကို ယူသူလားမေးမြန်း
ပရဗိုဇ်တစ်ဦးဟာ ဒီဆယ်ချက်ကို တစ်ချက်ခြင်းပဲ ဘုရားက ယူနှင့် မယူ မေးတယ်။ ဘုရားကလည်း တစ်ချက်ခြင်းပဲ သူမယူဘူးလို့  ဖြေတယ်။ ပရဗိုဇ်က သူလည်း တစ်ချက်တိုင်းကိုပဲ မယူဘူး။ သူ့  အသိဉာဏ်နဲ့  တူပါတယ်လို့  ဘုရားကို ဖြေတယ်။ ဒီတော့ ဘုရားက သူ့ ကို မေးခွန်း တစ်ခု ပြန်မေးတယ်။ သူ့  အသိဉာဏ်နဲ့  ပရဗိုဇ်ဉာဏ် တူမတူ သိသာအောင်ပေါ့။ မေးခွန်းက အဲဒါတွေ မယူရင် “ဘာမှမယူဘူး” ဆိုတဲ့ အယူကိုများ သင် ပရဗိုဇ် ယူသလား လို့ ဖြစ်တယ်။ ပရဗိုဇ်က အဲဒီလို ယူရင် ရှေ့ က ပြောခဲ့တာတွေ ပျက်ကုန်မှာပေါ့လို့  ဖြေပြီး ဘုရားကို မကျေမနပ်စကား ပြောတယ်။ “ရဟန်း တွေဟာ လူရည်လည် လုပ်တယ်။ သူတို့ လည်း ဒီအချက် တွေကို မယူဘဲနဲ့  သူများ မယူတာကြတော့ ဘာမှ မယူဘူးဆိုတဲ့ အယူကို ယူတယ်လို့  လုပ်ပစ်တယ်” လို့ ပဲ။
ဘုရားက စိတ်ဆိုးပြေအောင် သူအယူကို ချီးမွန်းပြတယ်။ အယူတစ်မျိုးမျိုး ယူတာထက် ဘာမှ မယူဘူးဆိုတဲ့ အယူဟာ အဖြစ်မှန်တွေကို အရှိအတိုင်း သိဖို့  အကြောင်းရှိလို့  ပါပဲ လို့ ပဲ။
ပရဗိုဇ်က စိတ်ဆိုးပျောက်ပြီး ဘုရားကို ပြန်မေးဖို့  သတိရတယ်။ အရှင်ဘုရားလည်း ဘာမှ မယူတဲ့ အယူကို ယူသူပဲ မဟုတ်လားဆိုတဲ့ သဘောမျိုးပေါ့။

ဘုရားက ဘာမှ မယူတဲ့အယူ ယူသူမဟုတ်

ဘုရားကလည်း သူကဘာမှ မယူတဲ့ အယူကို ယူတဲ့သူ မဟုတ်ဘူး။ လူတွေမှာ ဖြစ်နေတဲ့ ဒုက္ခ၊ ဒုက္ခ ဖြစ်ကြောင်းနဲ့  လူတွေ ဖြစ်ရမယ့် ငြိမ်းချမ်း၊ ငြိမ်းချမ်းကြောင်း ဒီသစ္စာတွေကို အမှန်အကန်တွေလို့  သူယူတယ် ပြောခဲ့တယ်။

ပြဿနာဆယ်ချက် မယူသူရဲ့နောင်ဘဝ

တစ်နေရာမှာလည်း တစ်ခြား ပရဗိုဇ် တစ်ယောက်က ဒီပြဿနာ ဆယ်ချက်ကို မေးတဲ့ အတွက် မယူကြောင်း ဘုရားကဖြေတယ်။ ပရဗိုဇ်က မယူသူ သေပြီးနောက် ဘယ်ရောက်သလဲ မေးတယ်။ ဘုရားက မယူသူ သေပြီးနောက် ဘယ်ရောက်တယ် ဆိုတဲ့ အဖြစ်ကို မရောက်ဘူးလို့  ဖြေတယ်။ ပရဗိုဇ်က ဘယ်မှ မရောက်လို့  လားလို့  မေးတယ်။ ဘယ်မှ မရောက်ဘူးဆိုတဲ့ အဖြစ်ကို မရောက်ဘူးလို့  ဘုရားကဖြေတယ်။ တစ်ချို့  ရောက် ပြီး တစ်ချို့  မရောက်လို့ လား မေးတယ်။ တစ်ချို့  ရောက်ပြီး တစ်ချို့ မရောက်ဘူး ဆိုတဲ့ အဖြစ်ကို မရောက်ဘူး လို့  ဖြေတယ်။ ရောက်တာလည်း မဟုတ်၊ မရောက်တာလည်း မဟုတ်လို့ လားလို့  မေးတယ်။ ရောက်တာလည်း မဟုတ် မရောက်တာလည်း မဟုတ်ဆိုတဲ့ အဖြစ်ကို မရောက်ဘူးလို့  ဖြေတယ်။

ဘုရားဖြေတာ မရှင်းလို့  ဘုရားကမေးပြီး ရှင်းရ
ပရဗိုဇ်က စိတ်ပျက် လက်ပျက် ပြန်ပြောတယ်။ ရှင်းမလိုနဲ့  အရှင်ဘုရား ဖြေကြားချက်က ပိုရှုတ်ထွေးလာ နေတယ် လို့ ပဲ။ ဘုရားကလည်း ပြန်ပြောတယ်။ ရှင်းချင်ရင် မင်းမေးတာကို ရပ်လိုက်ပြီး ငါမေးတာကို မင်း ဖြေရမယ်လို့ ပဲ။ ကောင်းပြီလို့  ပရဗိုဇ်က ပြောတော့ ဘုရားက မေးတယ်။ မင်းရှေ့ မှာ မီးပုံတစ်ခု ရှိနေရင် အဲဒီ မီးပုံမှာ ထင်းတွေ မီးလောင်နေမယ်။ မင်းရှေ့ မှာ မီးငြိမ်းလိုက်ရင် မီးဟာ ဘယ်ရောက် သွားသလဲလို့  ဘုရားက မေးတယ်။ ဘယ်ရောက်တယ် ဆိုတဲ့အဖြစ် မရောက်ဘူးလို့  ဖြေတယ်။ ဘယ်မှ မရောက်ဘူးလားလို့  မေးတယ်။ မရောက်ဘူးဆိုတဲ့ အဖြစ် မရောက်ဘူးလို့  ပရဗိုဇ်ဖြေတယ်။ နောက်ဆုံးတော့ မီးဟာ ထင်းကို စွဲပြီး ဖြစ်တယ်။ ထင်းမှာဘဲ မီးဟာ ငြိမ်းတယ်လို့  ပရဗိုဇ်ကို အသိပေးလိုက်တယ်။ ပရဗိုဇ်လည်း သဘောပေါက်သွားတယ်။

ဘုရားနဲ့  ဘာသာရေးခြားကြောင်း
ဘုရားဟာ သူ့ ခေတ် ဘာသာရေးတွေနဲ့  အခြားကြီး ခြားသူဖြစ်တယ်။ တစ်ချိန်မှာ ကာလာမရွာကို ဘုရား ရောက်သွားတယ်။ ရွာသားတွေက ဘုရားကို ပြောကြတယ်။ ဒီရွာမှာ တရားဟော ဆရာ အမျိုးမျိုးတွေ အများ အပြားလာပြီး တရား အမျိုးမျိုးတွေ ဟောကြတယ်။ တစ်ခုနဲ့  တစ်ခုလည်း မတူဘူး၊ ဘယ်ဟာ အမှန်လို့  မယူတတ်ဘူး။ ဒီတော့အရှင်ဘုရားက တရားဆိုတာဘယ်ဟာအမှန်လို့ သိအောင် ပြောပေးပါလို့  ပြောကြတယ်။ ဘုရားက အမှန်လို့  မယူထိုက်တဲ့ အချက်တွေကို အရင်ပြောတယ်။ ဒီပြောချက်တွေထဲမှာ ကျမ်းစာမှာ ပါတာနဲ့  အမှန်မဟုတ်ဘူး။ ကိုယ်လေးစားတဲ့ သူတော်စင် ပုဂ္ဂိုလ်ကြီးက ပြောတာနဲ့  အမှန် မဟုတ်ဘူး။ ကိုယ်ကြိုက်တာနဲ့  အမှန်မဟုတ်ဘူး။ အစရှိတာတွေနဲ့  တည်ဆောက် ထားတာတွေ ဖြစ်တယ်။ ဘုရားဟာ ဘာသာတရားရဲ့ အဲဒီလို အလေ့အထတွေကို တစ်ခုမှ လက်မခံဘဲ ငြင်းဆန်ခဲ့တယ်။
ဘုရားရဲ့ ဒီရပ်တည်ချက်တွေဟာ အလွန်ထူးခြားတဲ့ ဘုရားရဲ့ ရုပ်သွင်တော် ဖြစ်ပါတယ်။ ဒီရုပ်သွင်ဟာ ဘုရားဆီမှာပဲ ရှိတဲ့ ရုပ်သွင် ဖြစ်ပါတယ်။ ဘုရားမှာ ဒါတွေ အများအပြား ရှိတယ်။

ဘုရားက ဘုရားအမည်ခံတွေကို ဝေဖန်
ဘုရားဟာ သူ့ လက်ထက်က ဘုရားအမည်ခံထားတဲ့ တခြားသူတွေကိုလည်း ဝေဖန်မှုတွေ လုပ်ခဲ့တယ်။ မက္ခလိ ဂေါသာလပုရာဏ ကဿပ၊ အဇီတကေသကမ္ဗလ၊ ဗေလဌသဉ္ဇယပုတ္တ အစရှိသူ တွေပဲ။ သူတို့ ဟာ လူထောင်တဲ့ မြုံးကြီးတွေနဲ့  တူသူတွေ ဖြစ်တယ်။ လူတွေကို အကောင်း အဆိုးနဲ့  အကျိုးအပြစ်တွေကို မစိစစ် မခွဲခြား မသတ်မှတ်နိုင်ရာဆီ ညွှန်ပြနေကြတယ်။ နိယတမိစ္ဆာဒိဌိတွေ ဖြစ်တယ်လို့  တန်ဖိုးဖြတ်ခဲ့တယ်။

Website counter

Back to TOP