ဘုရားက တောင်းဆိုချက်တွေကို တစ်ချက်မှ မလိုက်လျော။ အသားမစားအောင် ပညတ်ပေးဖို့ လည်း မလိုက်လျောဘူး။ ဒေဝဒတ်က ဒီလောက် ကောင်းတာတွေကို ဘုရား လုပ်နိုင်အားမရှိဘူး။ သူလုပ်ပြမယ်။ သူ့ မှာ လုပ်နိုင်အား ရှိတယ်။ ဒီလိုဟန်ရေးပြပြီး သူက ဘုရားနဲ့  သီးခြား စင်ပြိုင်ထောင်ပြီး ခွဲလိုက်တယ်။ ဘုရားဟာ သူ့ လုပ်ငန်းမှာ အထိခိုက်ဆုံး ထဲက အရာဟာ သံဃာခွဲခံရတာ ဖြစ်တယ်။ ဒီလုပ်ငန်း လုပ်ဖို့  အစပျိုးတဲ့ ပြဿနာဟာ အရေးမပါရင် မလိုက်လျောစရာ မရှိဘူး။ သူ့ တောင်းဆိုချက်တွေက လိုက်လျောရင် သံဃာဒုက္ခရောက်မှာ ဖြစ်တယ်။ သံဃာအတွက် ပညတ်ချက်ဟာ သံဃာချမ်းသာဖို့ ပဲ။ ဒါကို ပျက်အောင် တောင်းဆိုချက်ဟာ ကြီးလေးတဲ့ အရေးပါတယ်။ ဒီလို အရေးပါတာတောင် ဘုရား မလိုက်လျောဘူး။
သူ့ တောင်းဆိုချက်တွေက သံဃာကို မထိခိုက်ဘူးဆိုရင် အရေးမပါဘူး။ ဒီလိုဆိုရင် ပြဿနာ မလုပ်အောင် အရေးမပါတဲ့ တောင်းဆိုချက်ကို လက်ခံထိုက်မှာပေါ့။
ဘုရားဟာ သံဃာကွဲ ပြဿနာကြီးကို ရင်ဆိုင်ခံပြီး မလုပ်သင့်တဲ့ ပညတ်ချက်ကို မလုပ်ဘဲ တင်းနေခဲ့တယ်။ ဒီလို မလုပ်ဘဲ နေတာရယူဖို့  တန်ဖိုးက သံဃာကွဲတာပဲ။
ဒီကနေ့  ဗုဒ္ဓဘာသာတွေလို ဘုရား မတွေး
တန်ဖိုး ကြီးကြီးပေးပြီး ရယူခဲ့တဲ့ အချက်တွေထဲမှာ အသားစား၊ ရှောင်ကျင်မှု မပညတ်တာပါတယ်။ ဘုရားဟာ အသားစားမှုနဲ့  စပ်ပြီး အမှတ် တမဲ့ ရပ်တည်ခဲ့တာ မဟုတ်ဘူး။ ဒါကို ဒီအချက်တွေက သက်သေခံတယ်။ ဒီလိုဖြစ်ပေမယ့် ဗုဒ္ဓဘာသာတွေဟာ ဘုရားက အသက်အားလုံး မသတ်ရဘူးလို့  ပညတ်တယ် ယူကြတယ်။ ဒီတော့ လူတွေဟာ တွေးကြတယ်။ မသတ်ကောင်းရင်တော့ စားဖို့ လည်း မကောင်းလောက်ဘူး။ စားတာဟာ သတ်တာကို အားပေးတယ်။ စားသူရှိလို့  သတ်သူရှိတာ။ သတ်သူမှာ အပြစ်မရှိရင် စားသူလည်း အပြစ်ရှိတယ်။ စားသူဟာ သတ်သူရတဲ့ အပြစ်ရဲ့ တစ်ဝက်ရသူ ဖြစ်မယ်။ ဒါဟာ သဘာဝပဲ။ လွဲဖယ်တွေးစရာ မရှိဘူး။ ဒီတော့ အပြစ်မဖြစ်အောင် အသားစားမှ ရှောင်ရမယ် ဒီလိုတွေးပြီး လူတွေ အသားစားတာ ရှောင်ကြတယ်။ လူတွေက ဘုန်းကြီးတွေရဲ့ လမ်းညွှန်မှုအောက်က လူတွေပဲ။ ဘုန်းကြီး တွေက အသားစားတယ်။ လက်အောက်ခံလူတွေက အသားရှောင်တယ်။ သူတို့ တွေက ဘာတွေလဲ။ လမ်းညွှန်ကို ကျော်တတ်တာလား။ တစ်ချို့ ဘုန်းကြီးတွေ အသားစားရှောင်ကြလို့  ဆိုပြီး ပြောရအောင်လည်း ဘုန်းကြီး ဆိုတာ သံဃာဝင်ဖြစ်တယ်။ သံဃာဟာ စည်းကမ်းရှိတယ်။ ဒီစည်းကမ်းကို ဘုရားထားခဲ့တာ။ သံဃာက မပြင်ရသေးရင် ဘုရားထားတဲ့ စည်းကမ်းကို ဘယ်သူမှ မနုတ်ရဘူး။ စည်းကမ်းကိုလည်း ဘယ်သူမှ စည်းကမ်းလို့  မလုပ်ရဘူး။
ဒီဘုန်းကြီးတွေဟာ ဘုရားမထားတဲ့ သံဃာစည်းကမ်းကို သူတို့  ထားကြတာလား။ ဒါဆိုရင် ဘုရားမထားတဲ့ သံဃာစည်းကမ်းကို ထားချင်တဲ့ ဒေဝဒတ်နဲ့  တူသွားကြလိမ့်မယ်။ ဒီတော့ ဒါဟာ မသင့်မြတ်တဲ့ ဟာပဲ။ မသင့်မြတ်ပေမယ့် ဘုရားက အသက်တိုင်းကို မသတ်ရဘူး။ ပညတ်ရင် ဒီလို လုပ်မိရမှာပဲ။ ဒီလိုလုပ်တာ မှားယွင်းကြောင်း သိရချက်ရဲ့ အဖြေကို ရှာရင် အသက်အားလုံး မသတ်ရလို့  ဘုရားဟောကြောင်း ဟိန္ဒူ နွယ်ဆက်မိတာကို တရားခံ အဖြစ် တွေ့ ရမယ်။
နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တွေ အသားစား ရှောင်ကျဉ်ကြတာဟာ ဟိန္ဒူရဲ့ အသက်အရကောက်လို ဗုဒ္ဓဘာသာတွေ ကူးယူပြီး နောက်မှာ ဖြစ်ပွားလာချက်ပဲ။ ဘုရားဟာ အသားစား ရှောင်ဖို့  မပညတ်ခဲ့ဘူး။ သိသိထင်ထင် မပညတ်ခဲ့တာ ဖြစ်တယ်။ ဘုရားမပညတ်ဘဲ ရဟန်းတွေ လိုက်နာကြတာဟာ ဘုရားကို လွန်ပြီး ကျင့်တာပဲ။ ဘုရားက သူမပညတ်ပဲ ဘယ်သူမှ မပညတ်ရဘူးလို့  ပြောထားတာ အထင်အရှားရှိတယ်။ ဘုန်းကြီးတွေက လူတွေကို အသားမစားဖို့  လမ်းညွှန်တယ်ဆိုရင် ဘုရားကို လွန်ရာ တကယ်ရောက်တယ်။
မသက်ရတဲ့ အသက်ဟာ လူ့ အသက်ပဲ
ဒါကြောင့် ဒီကနေ့  ဗုဒ္ဓဘာသာတွေ အသားစားရှောင်မှုဟာ ဘုရားနဲ့  လားလားမျှ မဆိုင်ဘူး။ ဘုရားက အသားစားတာကို ခွင့်ပြုခဲ့တယ်။ ဒါကို ထောက်ရင် ရှောင်ရမယ့် အသက်ဟာ အသက်အားလုံး မဟုတ်ဘူးလို့  ပေါ်လွင်တယ်။ စားတာဟာ သတ်တာ မဟုတ်ပေမယ့် သတ်တာကို သွယ်ဝိုက်အားပေးတာပဲ။ မသတ်သင့်ဘူး ဆိုရင် မစားသင့်ဘူးလို့  ပညတ်တန်ရာတယ်။ မပညတ်တာကို ထောက်ရင် မသတ်ရမယ့် အသက်ဟာ အားလုံးမဟုတ်လို့ ဘဲ။
ဒီအချက်တွေ အရ ဘုရားရဲ့ သတ်မှုက ရှောင်ရမယ့် အသက်ဟာ လူ့ အသက်ပဲ ဆိုတာ ထင်ရှားတယ်။
ဝိနယကပြောတဲ့ သက်သတ်ရှောင်
ဒီအကြောင်းကို အခြားအချက်တစ်ချက်နဲ့ လည်း ကြည့်နိုင်သေးတယ်။ အဲဒါက ရဟန်းတွေအတွက် ဝိနည်း ပညတ်ချက်ပဲ။ ဝိနည်းဟာ ဓမ္မ မဟုတ်ပေမယ့် ဓမ္မနဲ့  ဆက်စပ်တာတွေလည်း ရှိတယ်။ မဆက်စပ်တာတွေလည်း ရှိတယ်။ ဝိနည်းက ဓမ္မသယ်ယူသူတို့ ရဲ့ အဖွဲ့ စည်းကမ်းပဲ။ အဖွဲ့ စည်းကမ်းဟာ လူတိုင်းဆောင်ရမယ့် ဓမ္မသဘောကတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဓမ္မသဘောကို လျော့ပေါ့စေတာ မျိုးလည်း မဟုတ် ရဘူးပေါ့။
ဒါကြောင့် ဝိနည်းဟာ ဓမ္မနဲ့  ဆက်စပ်တာတွေလည်း ရှိတယ်။ အခုကြည့်မယ့် ဝိနည်းလည်း ဓမ္မနဲ့  ဆက်စပ်တာပဲ ဖြစ်မယ်။ ဝိနည်း စည်းကမ်း သက်သက် မဟုတ်ဘူး။ အဲဒါက အသက်မသတ်ရ သိက္ခာ ဝိနည်းများပဲ။
ဝိနည်းမှာ မသတ်ရ အသက်နှစ်မျိုး
ဝိနည်းမှာ အသက်သတ်ရှောင် သိက္ခာပုဒ်နှစ်ခု အထင်အရှား ရှိတယ်။ သစ်ပင်နဲ့  ပိုးမွှားတွေရဲ့ အသက်မျိုး မပါဘဲ မသတ်ရသိက္ခာပုဒ်နှင့် ပါတဲ့ မသတ်ရ သိက္ခာပုဒ်များ ဖြစ်ကြတယ်။ အဲဒီလို သိက္ခာပုဒ် နှစ်ခု ရှိတယ်။ ပါရာဇိက အာပတ်မှာ တစ်ခု၊ ပါစိတ် အာပတ်မှာ တစ်ခု ဖြစ်တယ်။
နှစ်ခုလုံးဟာ အသက်မသတ်ရလို့ တားမြစ်ချက်ချည်း ဖြစ်တယ်။ အာပတ် တန်ဖိုး နှစ်ခုမှာ အနိမ့်အမြင့် အလွန်ကွဲပြားပါတယ်။ ပါရာဇိက အာပတ်သင့်ရင် ဘုန်းကြီး ဘောင်မှာ နေခွင့်ပျက်တယ်။ ပါစိတ် အာပတ်သင့်ရင် ဝန်ခံရုံပဲ ရှိတယ်။ အပြစ်အကြီး အသေး သိပ်ခြားနားတယ်။ အသက်သတ်လို့  ရတဲ့ အပြစ်နှစ်မျိုးဟာ အကြီးအငယ် ခြားနေတယ်။
သိက္ခာနှစ်ခုဖြစ်တာက မသတ်ရတဲ့ အသက် နှစ်မျိုး ကွဲပြားလို့  ဖြစ်တယ်။ ဒီဝိနည်းမှာ ဘုရားဟာ မသတ်ရတဲ့ အသက်ကို နှစ်မျိုးခွဲထားတယ်။ မသတ်ရလို့  ပါရာဇိကမှာ ပညတ်တယ်။ လူကလွဲတဲ့ အကောင်ဇလောင်တွေရဲ့ အသက်မသတ်ရလို့  ပါစိတ်အာပတ်မှာ ပညတ်တယ်။ ရေပိုး ရေမွှားနဲ့  သစ်ပင် မြေကြီး ဒါတွေကို ထိခိုက်ပျက်စီအောင် လုပ်ရင်လည်း ပါစိတ်အာပတ်သင့်တယ်။
သတ်ပြစ်လည်း နှစ်မျိုး
လူနှင့် တိရိစ္ဆာန်ဟာ သက်ရှိခြင်း အတူတြူဖစ်တယ်။ သတ်တဲ့ အပြစ်ခြင်းလည်း တူရမလို ဖြစ်တယ်။ သတ်တဲ့ အပြစ်ဟာ အသက်ဖြစ်ခြင်းနှင့် သာ သတ်မှတ်ရင် လူနဲ့  တိရိစ္ဆာန် သတ်မှုအတွက် အပြစ်တူ ဖြစ်ရမယ်။ ဒီလို သတ်မှတ်လို့  ဟိန္ဒူဘာသာမှာ အပြစ်တူလို့  ယူတယ်။ ဘုရား ကတော့ ဒီလို မယူဘူး။ ဒီတော့ ဘုရားရဲ့ အပြစ်သတ်မှတ်မှုဟာ အသက်နဲ့  သတ်မှတ်တာ မဟုတ်ဘူး။ ငြိမ်းချမ်းမှု မငြိမ်းချမ်းမှုနဲ့  သတ်မှတ် တာသာ ဖြစ်တယ်။
အပြစ်နှစ်မျိုး တန်ဖိုး
ဒါကြောင့် လူသတ်ရင် အပြစ်တစ်မျိုး၊ လူမဟုတ်တာကို သတ်ရင် အပြစ်တစ်မျိုး၊ ဒီလို ဘုရား ပညတ်တယ်။ လူသတ်တာကို ပါရာဇိကလို့  ရေရေရာရာ အပြစ်သတ်မှတ်တယ်။
လူမဟုတ်တဲ့ အသက်သတ်တာကို မရောမရာအပြစ်။ ပါစိတ်အာပတ်လို့  သတ်မှတ်တယ်။ ပါစိတ်အာပတ်အပြစ်ဟာ သစ်ရွက်ခူးရင်လည်း သင့်တယ်။ မြေကြီးတူရင်လည်း သင့်တယ်။ ဒီအလုပ်တွေဟာ လူအားလုံး အပြစ်လို့  အမြင်ခံရတာတွေ မဟုတ်ဘူး။ လူတစ်ချို့ က အပြစ်လို့  အမြင်ခံရတာတွေ ဖြစ်တယ်။
ဒါကြောင့် ဒီအပြစ်မျိုးကို မရေရာတဲ့ အပြစ်လို့  ပြောရမယ်။ လူမဟုတ်သူရဲ့ အသက်သတ်တဲ့ အပြစ်လည်း ဒီအပြစ်နဲ့  တန်းတူရည်တူ ဖြစ်တယ်။ ဒါကြောင့် မရေမရာ အပြစ်လို့  ဒီအပြစ်ကို ပြောခဲ့တာ။
ဘုရားက မသတ်ရမယ့် အသက်ကို နှစ်မျိုးခွဲတာဟာ အဓိပ္ပါယ် ရှိပါတယ်။ အတူတူဆိုရင် တစ်မျိုးတည်း ပညတ်မှာပါ။ ဓမ္မထဲက မသတ်ကောင်းတဲ့ အသက်ဟာ အသက်အားလုံးဆိုရင် ပါရာဇိကမှာပါတဲ့ မသတ်ရတဲ့ အသက်အဖြစ် အသက်အားလုံးကို ယူစေမှာပါ။ လူ မဟုတ်သူတွေရဲ့ အသက်သတ်မှုကို ပါစိတ်အာပတ်လို့  ပညတ်တာဟာ လူမဟုတ်သူတွေရဲ့ အသက်ဟာ ဂရုဓမ္မမှာ မသတ်ရ အနက်ထဲ မပါ ဝင်လို့ ပါဘဲ။
ဘုရား(၂၇) မလိုက်လျောလို့  ပေးရတဲ့တန်ဖိုး
Labels:
ဘုရား