ဆာလောင်မွတ်သိပ်ပြီး လိုချင်တာ တဏှာလား

ကဲ- ကြည့်။ စကားနက်ဆိုတာ အသိရခက်နေပြီ မဟုတ်လား။ တဏှာရာက ဆိုတာ လူတိုင်း ဖြစ်ဖူးနေကျ အရာပဲ။ သူလည်းဖြစ်၊ ကိုယ်လည်းဖြစ်၊ လူတိုင်းဖြစ်ဖူးနေတဲ့ အရာပဲ။ ဒါပေမယ့် အဲသည် လူတိုင်းဖြစ်ဖူးနေတဲ့ တဏှာရာဂကို အရကောက်ပြပါဆိုတော့ မှန်မှန် ကန်ကန် မကောက်ပြနိုင်ဘူး။

လိုချင်တာ တဏှာ လို့  ကောက်လိုက်တော့ ပယ်ရမယ်ဆိုရင် လိုချင်တာတွေကို အကုန် ပယ်ရမလို ဖြစ်သွားတယ်။ လိုချင်တာတွေကို အကုန်ပယ်လိုက်တဲ့ အခါတော့လည်း မြင်တဲ့ အတိုင်းပဲ ငြိမ်းအေးချမ်းသာ ဝေးလို့ ၊ အကျိုးနည်းတာပဲ ဖြစ်လာတာပဲ မဟုတ်လား။
ဒါနဲ့  လူတစ်ယောက်က ထပြီး ဖြည့်စွက်ပြောပြန်တယ်။
အလွန်အမင်း လိုချင်တာ၊ ဆာလောင်မွန်သိပ်ပြီး လိုချင်တာ တဏှာ- ဖြစ်တယ်တဲ့။

သည်လိုဆိုတော့လည်း သူ့ ကို ပြန်မေးရတယ်။
အင်မတန် နေပူနေတဲ့ အခါ ခရီးသွားရရင် ရေကို အင်မတန် ဆာလောင်ပါတယ်။ အင်မတန်ကို မွတ်သိပ်ပါတယ်။ ရေကို အလွန်အမင်း သောက်ချင်ပါတယ်။ အဲဒါ တဏှာ လား- မေးလိုက်တော့ ဟုတ်တယ်၊ အဲဒါ တဏှာပဲလို့  သူက ပြန်ဖြေတယ်။

ကောင်းပြီ အဲဒါ တဏှာဆိုရင် ကျုပ်တို့  ဘုရားကို ဘုရားမဟုတ်ဘူး- လို့  မှတ်ကြရမလို ဖြစ်သွားပြီ။ ဘာဖြစ်လို့ လည်းဆိုတော့ ဘုရားဆိုတာ တဏှာကို အပြီးပယ်ထားလို့  ဘုရား ဖြစ်တာ မဟုတ်လား။ဘုရားဖြစ်ခါစ ရင့်ကျူးတဲ့ အနေကဇာတိ သံသာရံ အစရှိတဲ့ ဥဒါန်း စကားမှာ တဏှာကို အပြီးအပိုင် ပယ်သတ်ပြီးကြောင်းလည်း သူကိုယ်တိုင် ဖွင့်ဟ ထားတာမဟုတ်လား။

အဲသည် ကျုပ်တို့ ဘုရားဟာ ပရိနိဗ္ဗာန်စံဝင်တဲ့ လမှာ ၀မ်းတော်လားပါတယ်။ ၀မ်းတော် လားတဲ့ ရောဂါနဲ့ ပဲ ပရိနိဗ္ဗာန် စံတော်မူတာ ဖြစ်တယ်။ ဘုရားသျှင်ဟာ ၀မ်းတော်လား လျက်က ခရီးထွက်ခဲ့တယ်။ ၀မ်းလျှောသူ ရေဆာတတ်တာ လူတိုင်းသိပါတယ်။ ပြီးတော့ လည်း သူခရီးထွက်တဲ့လက နွေရာသီမှာ ကဆုန်လ မဟုတ်လား။ ရေကို တအားဆာတာ ပေါ့။
အာနန္ဒာ- ဟောသည် သရက်ပင်အောက်မှာ ဒုကုဋ်ကို လေးထပ်ခင်း ပြောလိုက်တယ်။ လမ်းဘေး သရက်ခြံထဲမှာထိုင်တယ်။ လဲလျောင်းတယ်။နားမယ်ပေါ့လေ။ နောက်ပြီး အာနန္ဒာ ကို ဆက်ပြောတယ်။ ရေခပ်ပေးစမ်း - တဲ့။
အဲသည် အချိန်မှာ အနားကချောင်းကလေးကလည်း ကုန်သည်လှည်းတွေ အများကြီး ဖြတ်မောင်းထားတဲ့ အတွက် ရေက နောက်ကျိနေတယ်။ သည်တော့ အာနန္ဒာက ပြန် လျှောက်တယ်။ အသျှင်ဘုရား- လှည်းတွေ ဖြတ်မောင်းသွားလို့  ချောင်းရေနောက်နေပါ တယ်။ ရှေ့ နားရောက်မည့် ချောင်းကလေးဟာဖြင့် ရေကြည်လည်း ကြည်တယ်၊ အေး လည်း အေးပါတယ် ဘုရား။ အဲသည်ရောက်မှ မြတ်စွာဘုရားကို တပည့်တော် ရေ တိုက်ပါ ရစေ- လို့  ပြန်လျှောက်ပါတယ်။
ဘုရားကတော့ မရဘူး။ အာနန္ဒာ - ရေပေးပါ လို့  ထပ်ခါထပ်ခါ တောင်းတယ်။ ဒါ လူတိုင်း သိတဲ့ အဖြစ်အပျက်ပါ။ ဘုရားသျှင်ဟာ ရေကို မွတ်မွတ်သိပ်သိပ် ဆာလောင်နေပါတယ်။ တရစပ် ဆာလောင်နေပါတယ်။

ခင်ဗျားတို့ ရဲ့ တဏှာအရကောက် အရဆိုရင်တော့ ဘုရား တဏှာကို အကုန်မပယ်ရသေး တဲ့ အတွက် ဘုရား မဟုတ်ဘူး- လို့  ပြောရပေလိမ့်မယ်။ ခင်ဗျားတို့  ပြောနိုင်မလား၊ မပြောနိုင်ဘူးဆိုရင်တော့ မွတ်မွတ်သိပ်သိပ် ဆာလောင်တာ တဏှာဆိုတဲ့ ဖွင့်ဆိုချက်ကို ပြန်ပြီး ရုပ်သိမ်းပေးရလိမ့်မယ်။
သည်လို ပြန်ပြီး ကန့် ကွက်ရပါတယ်။
သည်တော့ မွတ်မွတ်သိပ်သိပ်ဆာလောင်တာ တဏှာ ဆိုတဲ့အရကောက်ကို လက်လွှတ် ကြရပြန်ပါတယ်။ သူတို့ အခိုင်အမာ ရပ်မပြနိုင်ကြပဲကိုး။
ဖိုမစိတ်ဖြစ်ပွားတာ တဏှာလား
နောက်တစ်ခါ သူတို့ က ထပ်ပြောကြပြန်ပါတယ်။
ကိုယ့်မယား ကိုယ်ချစ်တာ၊ ကိုယ့်မိန်းမ ကိုယ်ချစ်တာ တဏှာ- လို့  ဆိုကြပြန်တယ်။
သည်တော့လည်း အဲသည် တဏှာအရကောက် ပစ္စည်းကို ပယ်လိုက်ရင် ဖြစ်လာမယ့် အခြေအနေကို တွက်ဆကြည့်ပြလိုက်ပြန်တယ်။

လူတိုင်းတဏှာပယ်လာနိုင်တဲ့အခါမှာ ကိုယ့်မယား ကိုယ်ချစ်တဲ့စိတ် မရှိတော့ဘူးဆိုရင် သည်လောကကြီး ဘာဖြစ်လာမလဲ- လို့ ကြည့်ခိုင်းလိုက်ပြန်တယ်။
တလောကလုံး ဖိုမ စိတ်မရှိတော့ဘူးဆိုရင် လူတွေ မျိုးပြုန်းသွားမှာ အမှန်ပဲ မဟုတ်လား။ သည်တော့ တို့ ဘုရားဟာ လူတွေ မျိုးပြုတ်အောင်ဟောတဲ့ ဘုရား ဖြစ်နေမှာပေါ့။ ဟုတ်ပါ့ မလား- လို့ မေးတဲ့အခါ သည်လိုလည်း ဘယ်ဟုတ်ပါ့မလဲ - လို့ ပြန်ဖြေကြပါတယ်။
သည်လိုဆိုရင် ဖိုမစိတ်ကို တဏှာလို့  အရကောက်တာလည်း မမှန်သေးဘူးပေါ့။

သည်လိုနဲ့  သူတို့ တတွေ တဏှာကို အရကောက်လိုက်ကြတာ တနံနက်ခင်းလုံး ကုန်ပါ လေရော။ သူတို့ ကောက်ပြတဲ့ တဏှာကို တို့ ကလည်း ကန့် ကွက်ငြင်းဆန်လိုက်တာ ဘယ်သူမှ တဏှာကို မှန်မှန်ကန်ကန် ကောက်မပြနိုင်ဘဲ ဖြစ်နေကြတယ်။
သူတို့ ဟာ တရားသမား ဒေါင်ဒေါင်မြည်ကြီးတွေပါ။ ဘယ်လောက် ဒေါင်ဒေါင်မြည်ပေမယ့် လည်း တဏှာကို ပီပီပြင်ပြင် အရကောက်မပြနိုင်ဘူး။
တို့ ပြောချင်တာက-
ဗုဒ္ဓဒဿနမှာပါတဲ့ စကားလုံးတွေရဲ့ အနက်ကို ပီသအောင် မကောက်နိုင်တတ်ကြဘူး- လို့  ပြောချင်တာ ဖြစ်ပါတယ်။

စကားလုံးတွေရဲ့ အနက်ကို ပီသအောင် မကောက်ပြနိုင်ကြဘူး ဆိုရင် ဘာလုပ်လို့  ရမှာလဲ ကွာ။
မသိတဲ့အရာကို ဘယ်လိုပယ်သတ်နိုင်မှာလဲ
မြွေပွေးဟာ တို့ အတွက် ရန်သူဆိုရင်၊ မြွေပွေးဆိုတာကို အပီအသ သိထားရမယ် မဟုတ် လား။ စာထဲပေထဲကအတိုင်း သိဖို့ ထက် လက်တွေ့ ဒိဌသိဖို့  မကောင်းပေဘူးလား။ ကိုယ့် ရန်သူဖြစ်တဲ့ မြွေပွေးဆိုတာကို ဘယ်လိုအရာဖြစ်တယ် ဆိုတာ ပီပီပြင်ပြင် သိမထားဘူး ဆိုရင မြွေပွေးရန်ကလွတ်အောင် ဘယ်လို လုပ်ရမလဲဆိုတာကော ဘယ်လိုသိနိုင်မလဲ။

တဏှာဟာ တို့ အတွက် မြွေပွေးလို ပစ္စည်းမဟုတ်လား။ ပယ်သတ်ရမယ့် ပစ္စည်း မဟုတ် လား။ အဲသည် တဏှာကို မသိဘူးဆိုရင် မသိတဲ့အရာကို ဘယ်လိုပယ်သတ်လို့  ရနိုင်မှာ လဲ။ ဘယ်လိုလွတ်ကင်းအောင် လုပ်လို့ ရမှာလဲ။ ဘယ်လိုလုပ်ပြီး တဏှာကင်းတဲ့ နိဗ္ဗာန်ကို ရနိုင်မလဲ။ ဒီစကားနက်တွေက အဲသည်လောက် အရေးကြီးတဲ့ အရာတွေပါ။

စကားနက်တွေကို ကိုယ်တိုင် သိမြင်ပြီး ကောက်ပြနိုင်ဖို့ 
မင်းကလည်း အရှေ့ တိုင်း ပညာရပ်ကို လေ့လာဆည်းပူးနေသူဆိုတော့ အရှေ့ တိုင်း ပညာ ရပ်ထဲမှာ ဗုဒ္ဓဒဿန ဖြစ်တဲ့ သစ္စာရဲ့ အနက်ကို ရင်ဆိုင်ရမှာ ဖြစ်တယ်။ တကယ့် ဗုဒ္ဓဘာသာရဲ့ အနှစ်အသားဖြစ်တဲ့ သစ္စာတွေကို တွေ့ ကြုံရမှာ ဖြစ်တယ်။

အဲသည်လို တွေ့ ကြုံရတဲ့ အခါမှာ ရှေ့ ဆရာ ရှေ့ ဆရာတွေလို ဟိုကျမ်းညွှန်းလိုက်၊ သည် ကျမ်းညွန်းလိုက်။ ဟိုစာအုပ်ထဲပါတာ ပြောလိုက်၊ သည်စာအုပ်ထဲ ပါတာကို ကောက်ရိုက် လိုက်နဲ့  ကျမ်းကိုးအလုပ် လုပ်ရတဲ့ ဘ၀မျိုးကို ရောက်သွားနိုင်တယ်။ မှားလည်း စာအုပ်က မှားတာ။ မှန်လည်း စာအုပ်က မှန်တာ။ ကိုယ့်မှာ ဘာတာဝန်မှ မရှိဘူး။

သည်လိုဆိုရင် ဗုဒ္ဓဒဿန ကို လေ့လာတဲ့ အတွက် ဘာအကျိုးများဦးမှာလဲ၊ တကယ့်ကို စမ်းတ၀ါးဝါး ဖြစ်နေကြရမှာ မဟုတ်လား။

ဒါကြောင့် တို့  ဗုဒ္ဓဘာသာမှာ စကားနက်တွေကို ကိုယ်တိုင်သိမြင်ပြီး ကောက်ပြနိုင်ဖို့  အလွန် အရေးကြီးတဲ့ အကြောင်း တဏှာအရကောက် မပီပြင်ပုံနဲ့  ဥပမာဆောင်ပြခဲ့တာ ဖြစ်တယ်။

သည်လိုနဲ့  သူတို့ လည်း တဏှာကို ကျေနပ်လောက်အောင် အရကောက်မပြနိုင်ဘဲ ရှိနေ ကြတယ်။ တနံနက်လုံး ပြောလာလိုက်ကြတာ ဆယ်နာရီခွဲတဲ့ အထိပါပဲ။
ဆွမ်းစားချိန်ကျပြီမို့  ဆွမ်းစားကြဦးစို့ ။ ဆွမ်းစားပြီးမှ ဆက်ကြတာပေါ့- လို့ ဆိုပြီး ရပ်ထား လိုက်တယ်။ သူတို့ ကလည်း စောင့်နေကြပါတယ်။

Website counter

Back to TOP