တဏှာ အရကောက်

တချိန်က တဏှာဆိုတာ ပြောဖို့ ဆိုဖို့  မကောင်းတဲ့အရာ၊ အယုတ္တ အနတ္တ ပစ္စည်းလို ဖြစ်နေကြတယ်။ အခုတော့ တဏှာသိတာဟာ နိဗ္ဗာန်ရောက်သည်အထိ အကျိုးဖြစ်နိုင်တယ် - လို့ လည်း ပြောလိုက်ရော စိတ်ဝင်စားပုံ ပြလာကြပါတယ်။

ကဲ - တဏှာဆိုတာ ဘာလဲ ၊ အရကောက်ပြစမ်း - လို့  သူတို့ ကို ခိုင်းလိုက်ပါတယ်။ သည် လိုခိုင်းလိုက်တော့ အရကောက်ပြလိုက်ကြတာ အပြေးအလွှားပါပဲ။ ဒါပေမယ့် သူတို့ ရဲ့ အရ ကောက်တွေကို အခိုင်အမာ ရပ်မပြနိုင်ကြဘူး။

တို့ ကလည်း သူတို့ ကို ပြောလိုက်တယ်။
ခင်ဗျားတို့ ရဲ့ တဏှာ အရကောက် မမှန်ရင် ကျုပ်က ကန့် ကွက်မှာဖြစ်တယ်။ ကန့် ကွက် တဲ့ အခါမှာ စည်းမဲ့ ကမ်းမဲ့ ကန့် ကွက်မှာ မဟုတ်ဘူး။ စည်းနဲ့  ကမ်းနဲ့ စနစ်နဲ့  ကန့် ကွက် မှာ ဖြစ်တယ် - လို့  ပြောလိုက်တယ်။
ဘယ်လိုစည်းနဲ့  ကမ်းနဲ့  ကန့် ကွက်မှာလဲဆိုရင်-
တဏှာဆိုတာ သစ္စာအရ ဘာတုန်းဆိုတော့ သမုဒယသစ္စာဖြစ်တယ်။ သမုဒယသစ္စာမှာ ဘာကိစ္စ ရှိတုန်းဆိုရင် ပယ်အပ်တဲ့ကိစ္စ ရှိတယ်။ ဒါကြောင့် တဏှာအရကောက်ပြချက်ဟာ ပယ်ရမယ့် ပစ္စည်း ဖြစ်ရပေလိမ့်မယ်။

ပယ်ရမည့်ပစ္စည်း ဖြစ်တဲ့အတွက် ပယ်လို့ သင့်-မသင့် -ရယ် ပယ်လို့ ဖြစ်- မဖြစ် ရယ် ဆန်း စစ်ရလိမ့်မယ်။ ပယ်လို့ မရတဲ့ အရာ၊ ပယ်လို့ မဖြစ်တဲ့အရာကို ပယ်ရမည့်ပစ္စည်း အဖြစ် အရကောက်နေရင် ဒါကို တဏှာမဟုတ်ဘူး လို့  ကျုပ်က ကန့် ကွက်မှာ ဖြစ်တယ်။

ပယ်လိုက်လို့  ကောင်းစားလာမှာ မဟုတ်ဘဲ၊ ပယ်လိုက်တဲ့အခါမှ မဟုတ်တရုပ်တွေဖြစ်ပြီး အကျိုးနည်းမယ် ဆိုရင် အဲဒါ တဏှာသမုဒယ မဟုတ်ဘူးလို့  ကန့် ကွက်မှာဖြစ်တယ်။ ဒါ ဟာ ကျုပ်ကန့် ကွက်မယ့် နည်းစနစ်ပဲ - လို့ ပြောပြီး တဏှာအရကို ကောက်ခိုင်းလိုက် တယ်။
လိုချင်တာ တဏှာလား
အဲသည်မှာ တဏှာကို မထိတရိကောက်ပြတာတွေ တွေ့ ရတယ်။ လိုချင်တာ တဏှာ ဆိုတဲ့အရကောက်မျိုးဖြစ်တယ်။
လိုချင်တာ တဏှာဆိုရင် တဏှာဟာ ပယ်အပ်တဲ့ ပစ္စည်းဆိုတဲ့ အတိုင်း လိုချင်တာကိုလည်း ပယ်ရပေလိမ့်မယ်။ အခု မပယ်နိုင်သေးလို့  မပယ်ကြသေးပေမယ့် ပယ်နိုင်တဲ့ အခါဘယ်လိုဖြစ်လာမလဲ ဆိုတာ ကြည့်လိုက်ရင် သိနိုင်ပါတယ်။ ပယ်ရင် ဘာ ဖြစ်လာမလဲ ဆိုတာ မှန်းကြည့်လို့  ရပါတယ်။ ဒါကြောင့် ခင်ဗျားတို့ က တဏှာအဖြစ် အရ ကောက်ပြတဲ့ လိုချင်မှု ကိုနှုတ်ပယ်လိုက်လျင် ကောင်းစားလာမလား ငြိမ်းအေးလာမလား၊ ကြည့်ကြရအောင်- လို့ ပြောလိုက်တယ်။

ကောင်းစားမလာဘူး ငြိမ်းအေးမလာဘူးဆိုရင် အဲဒါ တဏှာ မဟုတ်ဘူး လို့ မှတ်ချက်ချရ ပါလိမ့်မယ်။ ကဲ - လိုချင်မှုတွေကို အကုန်အစင် နှုတ်ပယ်ကြည့်ကြရအောင် - ဆိုပြီး ဥပမာ တစ်ခုကို ဆောင်ပြလိုက်ပါတယ်။

လယ်သမား လယ်ထွန်တယ်။ ဘာကြောင့် လယ်ထွန်သလဲ၊ စပါးလိုချင်လို့  လယ်ထွန်တာ ဖြစ်တယ်။ စပါးလိုချင်လို့  လယ်ထွန်တာ ဖြစ်တဲ့ အတွက် လိုချင်မှု ကို ပယ်လိုက်လို့ ရှိရင် လယ်သမားဟာ လယ်ထွန်တော့မှာ မဟုတ်ဘူး။ ကောက်လည်းစိုက်တော့မှာ မဟုတ်ဘူး။ စပါးလည်း ရိတ်တော့မှာ မဟုတ်ဘူး။သည်လိုဖြစ်ခဲ့ရင် လိုချင်မှုကို ပယ်ခြင်း ဆိုတဲ့ အကြောင်းကြောင့် လူ့ လောကကြီး ငြိမ်းချမ်းလာမလား၊ တကယ်တော့ အကုန်လုံး ထမင်း ငတ်ကုန်ကြမှာ မဟုတ်လား စသည်ဖြင့် ကန့် ကွက်ပြလိုက်ပါတယ်။

သည်လို စည်းစနစ်နဲ့  ကန့် ကွက်ပြလိုက်တဲ့ အခါကျတော့ လိုချင်တာတဏှာ ဆိုတဲ့ အရ ကောက်ချက်ဟာလည်း ပျက်ပြယ်သွားပြန်တယ်။

Website counter

Back to TOP