တဏှာရှင်းတမ်း

အသံကြိုးခွေမှ ပြန်လည် ကူးယူရေးသားထားခြင်း ဖြစ်ပါသည်။

ကိုယ်တိုင်သိ
... ... ...သည်က ဒကာလေးက အရှေ့ တိုင်းပညာရပ်မှာ မဟာဝိဇ္ဇာဘွဲ့ ယူဖို့  ဗုဒ္ဓရဲ့ ဒဿနတွေကို လေ့လာ သင်ကြားနေရတာဆိုတော့ တခြားသူတွေထက်ပိုပြီး အကျိုးရစရာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မင်း သင်ကြားနေရတဲ့ ဗုဒ္ဓဒဿန ဘာသာရပ်နဲ့  ပတ်သက်ပြီး စဉ်းစားစရာ အများကြီးကို တို့ ဆီက ရသွားမှာကြောင့် ဖြစ်တယ်။ သူများတွေက ဘ၀ရေး ရာလောက်သာ အကျိုးအမြတ် ရစရာရှိပေမယ့် မင်းအနေနဲ့ ကတော့ ဘ၀ရေးရာ အကျိုး အမြတ်လောက်သာမက ကိုယ် လေ့လာသင်ကြားနေရတဲ့ ဘာသာရပ်ပိုင်းဆိုင်ရာ အကျိုး အမြတ်တွေကိုလည်း ရရှိသွားမှာကြောင့်ဖြစ်တယ်။

တကယ်ကျတော့ ဗုဒ္ဓဘာသာဟာ ထွန်းကားလှတယ် ဆိုပေမယ့် အရာတည်ကလေး လောက်ပဲလို့  ပြောချင်တယ်။ ဘာကြောင့် အရာတည်ကလေးလောက်- လို့  ပြောရသလဲ ဆိုတော့ ဗုဒ္ဓရဲ့ စကားလုံးတွေရဲ့ အနက် အဓိပ္ပါယ်တွေကို ကိုယ်တိုင်သိသူ ရှားပါးလွန်းလှ လို့ ပဲ ဖြစ်တယ်။ မရှိသလောက် ရှားပါးလွန်းလှလို့ ပဲ ဖြစ်တယ်။

သည်စကားတွေက သိပ်လွန်နေသလို တော့ ဖြစ်နေမှာပေါ့။ ဒါပေမယ့် ဗုဒ္ဓဒဿနထဲက စကားလုံးတွေကို စာပေကျမ်းဂန်က အလွတ်၊ ကိုယ့်အိမ် ကိုယ့်ယာထဲမှာရှိတဲ့ ပစ္စည်းတစ် ခုရဲ့ အနက်အဓိပ္ပါယ်ကို ပြောသလိုမျိုး၊ ကိုယ့်ဖာသာ သိ၊ထင်၊မြင် ပြီးပြောနိုင်တဲ့သူက မရှိ သလောက်ဆိုတော့ သိပ်လွန်တယ်လို့ လည်း မပြောထိုက်ဘူးပေါ့။ တို့ ကတော့ ခုနက ပြောဆိုစာကားနဲ့  ဆန့်ကျင်ဖက်ပဲ ဖြစ်တယ်။ တို့  စကားပြောတာကတော့ တို့ ကိုယ်တိုင် သိ၊ ထင်၊ မြင်ပြီးမှ စကားပြောတာ ဖြစ်တယ်။ ဒါကြောင့် တို့ ပြောဆိုချက်ဟာ မင်းသင်ကြားနေရတဲ့ အရှေ့ တိုင်းပညာရပ်မှာ အဖိုးတန် ဖြစ်စရာရှိတယ်- လို့  ပြောခဲ့တာ ဖြစ်တယ်။

ဘာဖြစ်လို့ လည်း ဆိုရင် အရှေ့ တိုင်းပညာရပ်ဆိုင်ရာ ပါဠိတွေ၊ သက္ကတတွေက ထွက်လာ တဲ့ စကားတွေရဲ့ အနက်ကို ရှာချင်ရင် အခက်အခဲတွေ တွေ့ ရမှာမို ဖြစ်တယ်။ ဟိုစာအုပ်၊ သည်စာအုပ်၊ ဟိုကျမ်းဂန်၊ သည်ကျမ်းဂန်၊ စုံတကာစေ့နေအောင် လှန်လှောရှာဖွေနေပေ မယ့်လည်း မင်းအတွက်တော့ ကျေနပ်ပြီဆိုတဲ့ အဖြစ်မျိုး ဘယ်တော့မှ မရောက်အောင်ကို အခက်အခဲတွေ့ ရလိမ့်မယ်- လို့  တို့ ပြောချင်တယ်။
နိဗ္ဗာန်၊ မဂ်၊ ဖိုလ်အကြောင်း မတောင်းဆိုထိုက်ဘူး
ဗုဒ္ဓဒဿနထဲက စကားလုံးအနက်တွေကို တကယ်လည်း မသိတတ်ကြပါဘူး။ သည် အကြောင်းအရာလေး ပေါ်လွင်အောင် နည်းနည်း ပြောပါ့မယ့်။ စကားလုံး အနက်အဓိပ္ပါယ် ကို မသိ၊ မထင်ပုံ အကြောင်းပေါ့လေ။

ပြီးခဲ့တဲ့ ဇန်န၀ါရီလလောက်က ပြည်မြို့ ကို သွားတယ်။ မအားဘူး ဆိုတဲ့ကြားက မလာရင် မဖြစ်ဘူး ဆိုပြီး အတင်းဖိတ်တာနဲ့  သွားလိုက်ရပါတယ်။ ဟိုရောက်သွားတော့လည်း သူတို့ ပင့်တာ မဟုတ်ဘဲ လုံးဝ မနာရဖူးသေးတဲ့ အသိုင်းအ၀ိုင်းက တရားကြိုးခွေကြားရတာက တဆင့် တွေ့ ချင်လို့  ပင့်လိုက်တာ ဖြစ်နေပါတယ်။

အဲသည် ပရိသတ်ထဲမှာ အတော် တရားသက်ရှည်ပြီး သည်ကနေ့  ထွန်းကားနေတဲ့ ပရမတ္ထသစ္စာကို နှစ်ရှည်လများ အားထုတ်ပြီး၊ ဟောပြော ခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်ကြီး လေးငါးယောက်နဲ့  တစ်နံနက်ခင်းလုံး စကားပြောခဲ့ရတယ်။

သူတို့ က ဘာပြောသလဲဆိုရင် နိဗ္ဗာန်အကြောင်း၊ မဂ် ဖိုလ်အကြောင်းနဲ့  စပ်ပြီး၊ အနက် အဓိပ္ပါယ် အရကောက်စကား ကြားချင်နာချင်ပါတယ်- လို့ တောင်းဆိုကြတယ်။
သည်လို တောင်းဆိုတဲ့အခါမှာ-
နိဗ္ဗာန်အကြောင်း၊ မဂ် ဖိုလ်အကြောင်း အရကောက်ချင်ပါတယ်- လို့  ခင်ဗျားတို့ မတောင်း ဆိုကြပါနဲ့ -လို့  တို့ ကပြန်ပြောလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့  တောင်းဆို တဲ့ နိဗ္ဗာန် အကြောင်းကို ကျုပ်က သိချင်မှ သိမှာ။ တကယ်လို့  သိတယ်ဆိုရင်တောင်မှ ခင်ဗျားတို့ ကလည်း ကျုပ်ပြောတဲ့ နိဗ္ဗာန် ရဖူးချင်မှ ရဖူးကြမှာပါ။ ကျုပ်ရလို့  သိနေပေမယ့် ခင်ဗျားတို့ က မရကြလို့  မသိကြဘူးဆိုရင် ကျုပ်ပြောလည်း ခင်ဗျားတို့  သိကြမယ် မဟုတ်ဘူး။

သည်တော့ ဟုတ်ပါရဲ့၊ ဟုတ်ပါရဲ့ လို့  ရေလိုက်ငါးလိုက်ပြောရတာမျိုးလောက်ပဲ ဖြစ်နေလိမ့် မယ်။ တကယ့်ကို သိမြင်ပြီး မှ ပြောတဲ့ ဟုတ်ပါရဲ့မျိုး ဖြစ်နေမှာ မဟုတ်ဘူး။ ဒါကြောင့် ခင်ဗျားတို့  အနေနဲ့  နိဗ္ဗာန် မဂ်ဖိုလ်တို့ အကြောင်းကို မတောင်းထိုက်ဘူး- လို့ သည်လိုပဲ တို့ လည်း ပြန်ရှင်းပြလိုက်တယ်။
တဏှာအကြောင်း
နိဗ္ဗာန်အကြောင်း၊ မဂ်ဖိုလ်အကြောင်း မတောင်းဆိုထိုက်ဘူးဆိုရင် ဘာကိုတောင်းဆိုထိုက် သလဲဆိုတော့ ခင်ဗျားတို့ လည်း ရဖူး ရောကဖူးပြီး ကျုပ်ကိုယ်တိုင်လည်း ရဖူး ရောက်ဖူးတဲ့ အရာ တစ်ခုဖြစ်တဲ့ တဏှာရာဂ အကြောင်းမျိုးကိုပဲ တောင်းဆိုထိုက်တယ်။

တဏှာရာဂ ဆိုတာ ဘယ်လိုအရာမျိုးလဲ၊ ဘာလဲ ဆိုတာကိုသာ မေးမြန်းဖို့  ကောင်းတယ်- လို့  ပြောလိုက်တယ်။
ဟာ -ဘုန်ကြီးကလည်း တဏှာရာဂ ဆိုတာ ဘာလုပ်ရမှာတုန်းလို့  ပြန်ပြောကြတယ်။
သည်တော့လည်း ထပ်ပြီး ရှင်းပြရပြန်တာပေါ့ဒ
တဏှာရာဂ ဆိုတာ-
နံပါတ်တစ် ပြောလို့  ဆိုလို့  လွယ်ကူတယ်။
နံပါတ်နှစ် ကျုပ်ကပြောလိုက် ဆိုလိုက်ရင် ခင်ဗျားတို့ ကလည်း ကိုယ်တိုင်ရဖူး၊ ရောက်ဖူးတာ ဖြစ်တဲ့အတွက် သိလွယ် မြင်လွယ်တယ်။ ဒါကြောင့် စကားပြောတဲ့ အခါမှာ ပြောလိုက်တဲ့ အတိုင်း သိနိုင်တာမို့  အကျိုးရတယ်။

နောက်တစ်ခါ တဏှာရာဂအကြောင်း သိသွားရင် နိဗ္ဗာန်ရောက်တာပဲ- လို့  ပြောလိုက်ပါ တယ်။ နိဗ္ဗာန်သိမှ နိဗ္ဗာန်ရောက်တာ မဟုတ်ပါဘူး။ တဏှာကိုသိလည်း နိဗ္ဗာန်ရောက်ပါ တယ်လို့  ပြောလိုက်တယ်။

နိဗ္ဗာန်ရောက်တယ်ဆိုတာ တဏှာကင်းပြတ်ပြီးမှ ရောက်တာ ဖြစ်ပါတယ်။ တဏှာကင်းတယ် ဆိုတာကလည်း တဏှာကို ပယ်သတ်နိုင်မှ ကင်းပြတ်မှာ ဖြစ်ပါတယ်။ တဏှာကို ပယ်သတ်နိုင်ဖို့ အတွက် တဏှာကို သိမှ ပယ်သတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တဏှာကိုသိရင် တဏှာဟာ သေပါတယ်။ ဒါကြောင့်နိဗ္ဗာန်ရောက်ပါတယ်။ တဏှာသိတာဟာ နိဗ္ဗာန်ရောက်တဲ့ အထိ ပြီပြီသသ အကျိုးရှိပါတယ်။
ဒါကြောင့် နိဗ္ဗာန်ဆိုတဲ့ အရှည်အဝေးကြီးကို မေးမြန်းမယ့်အစား၊ သူလည်းသိ ကိုယ်လည်း သိနေကြတဲ့ တဏှာရဲ့ အကြောင်းကိုသာ မေမြန်းဖို့  ကောင်းတယ်- လို့  ရှင်းပြလိုက်ပါတယ်။

သည်လိုဆိုတော့ သူတို့ ကလည်း တဏှာအကြောင်း ပြောဖို့ ဆိုဖို့ စိတ်ဝင်းစားသလို ဖြစ်လာကြပြန်တာပေါ့။

Website counter

Back to TOP