ငါ -ရှိတယ်ဆိုတဲ့ အချက်

တဏှာကို အရကောက်ပြရမယ်ဆိုရင် ကျုပ်အလှည့်မှာတော့ တိုတိုကောက်ပြလို့  မရနိုင် ဘူး။ အရှည်အဝေး ကောက်ပြရလိမ့်မယ် - လို့ ဆိုတော့ ဟာဘုန်းကြီးကလည်း ဈေးကိုင်လိုက်တာ။ ဒါလေးများ ဘယ်ဟာ တဏှာ ဆိုပြီး ကောက်ပြလိုက်၊ ပြီးတာပဲ မဟုတ်လား- လို့  သူတို့ က ပြန်ပြောကြတယ်။

တို့ ကလည်း သည်လို အသာကလေး ကောက်ပြလို့  မရဘူး - လို့ ပြန်ပြောလိုက်ပါတယ်။ တဏှာဆိုတာ ဘယ်လိုအရာဖြစ်တယ် ဆိုတာကို မြင်နိုင်ဖို့ အတွက် ပလ္လင်အနေနဲ့  အများ ကြီး ရှေ့ ပြေးတည်ဆောက်ရဦးမှာ ဖြစ်တယ်- လို့  ပြန်ပြောလိုက်တယ်။
ဘုန်ကြီးကလည်း ဈေးကိုင်နေပြီ။ ကဲ- ကဲ ရှည်ရှည်ပြောရမယ်ဆိုလည်း ပြောပေါ့ဘုရား။ တပည့်တော်တို့ ကတော့ နားထောင်ရမှာပဲ - လို့  သူတို့ က သဘောတူကြတယ်။

သည်လိုနဲ့  တို့ ကလည်း တဏှာအကြောင်း ပြောဖို့ အတွက် ပလ္လင်ခံတည်ဆောက်မှုတွေ ကို ပြောရ ဆိုရတာပေါ့။
ခင်ဗျားတို့ ကို တခုကလေး ပဌမပြောရမှာကတော့ ငါရှိတယ်- ဆိုတဲ့အချက်ကို အရအမိ တည်ဆောက်ဖို့ ပဲ- လို့ ပြောလိုက်တယ်။
တကယ်ဆိုတော့ သူတို့ အနေနဲ့  ငါရှိတယ် ဆိုတာကို အကြောက်ဆုံးပါပဲ။ တရားသမား လောကမှာ အကြောက်ဆုံးက “ငါ ရှိတယ်“ဆိုတာကို အကြောက်ဆုံးပဲ။
ဘာဖြစ်လို့ လဲဆိုတော့ တရားလောကမှာ ပင်မ စံတုတ်တိုက် သင်ကြားထားတာက အနတ္တ မဟုတ်လား။
ဗုဒ္ဓဘာသာနဲ့  အနတ္တ၊ အနတ္တနဲ့ ဗုဒ္ဓဘာသာ ဆိုတာ ဘယ်လိုမှ ခွဲလို့ မရတဲ့ ပစ္စည်းလို ဖြစ် နေတာ မဟုတ်လား။

အနှစ်သာရမရှိတဲ့ အနတ္တ
နိုင်ငံခြား အသံလွှင့် ဌာနတစ်ခုက ပရိသတ်မေးတာတွေကို ပြန်လည်ဖြေကြားရင်းနဲ့  တစ် ခါတော့ နိဗ္ဗာန်ဟာ - အနတ္တ ဆိုတဲ့စကားကို ပြောသွားတယ်။ ဒါနဲ့  သူတို့ ဆီကိုလည်း စာတစောင် ပြန်ရေးလိုက်ပါတယ်။
ခင်ဗျားတို့  အသံလွှင့်ဌာနဟာ အင်မတန် တိကျသေချာတယ်ဆိုပြီး၊ ဂုဏ်ရှိနေတဲ့ အသံ လွှင့်ဌာန ဖြစ်တယ်။ အခု ခင်ဗျားတို့ က ” နိဗ္ဗာန်” ကို ” အနတ္တ“လို့  လုပ်လိုက်တာကတော့ ဂုဏ်ပျက်စရာ ဖြစ်သွားပြီ။ တကယ်ကတော့ “ နိဗ္ဗာန်” ကို “အနတ္တ” လို့  မပြောထိုက်ဘူး။ မပြောထိုက်တာကတော့ အာဂမယုတ္တိ အနေနဲ့ ကို ထင် ထင်ရှားရှား ရှိနေလို့  ဖြစ်တယ်။
“ သဗ္ဗေဓမ္မော” ဆိုတာ ဓမ္မအားလုံး ပါပေမယ့် “ နိဗ္ဗာန်” မပါတဲ့ ဓမ္မအားလုံး ကို ဆိုလိုတာ လို့  သေသေချာချာ ဖွင့်ဆိုထားတာ တွေ့ ရပါလိမ့်မယ်။ ဒါ အာဂမယုတ္တိပေါ့။ သည်တော့ “နိဗ္ဗာန်”ကို “ အနတ္တ”လို့ ပြောတာဟာ အဌကထာကို လွန်ပြီး၊ ပြောရာရောက်နေပါတယ်။ ဒါမသင့်မြတ်လှဘူး။ သဘာဝယုတ္တိနဲ့  ကြည့်မယ်ဆိုရင်လည်း “ အနတ္တ” ရဲ့ အနက်ဟာ ဘာလဲ။ အနတ္တ ရဲ့အနက်က အသာရကဌေန ဆိုတော့ အနှစ်သာရ မရှိတာကိုပြောတာ။
နိဗ္ဗာန်က ဘာတုန်း။ သာရလား၊ အသာရလား။ နိဗ္ဗာန်ဟာ အနှစ်သာရ ရှိသလား၊ မရှိဘူး လား၊။ တကယ်တော့ နိဗ္ဗာန်ဟာ အနှစ်သာရ ရှိတယ်ဆိုတာ လူတိုင်းသိနေကြတာပဲ။ သည်တော့ အနှစ်သာရ မရှိတဲ့ အနတ္တဟာ နိဗ္ဗာန်ပဲလို့  ဆိုခဲ့လို့ ရှိရင် နိဗ္ဗာန် ဆိုတာ အနှစ် သာရ မရှိတာကြီး - လို့ ပြောရာ ရောက်နေမှာပေါ့။ သည်လိုပဲ စာထဲမှာ ပြောလိုက်တယ်။

အရိယသစ္စာ
တကယ်တော့ ဗုဒ္ဓဘာသာကို တိုးတက်တဲ့အမြင်နဲ့  ကြည့်ပြီး ဟောပြောသွားတဲ့ တချို့  ပုဂ္ဂိုလ်တွေတောင်မှ အနတ္တ ဆိုရင် သိပ်ကြိုက်တတ်ကြတယ်။ ဗုဒ္ဓက ထူးထူးခြားခြား ပြော တဲ့စကားဟာ ဘာလဲလို့  သူတို့ ကို မေးရင်“ အနတ္တ” လို့ ပြန်ဖြေကြားတတ်ကြတယ်။ အနတ္တကို ဆိုက်အောင် လုပ်တာဟာ ဗုဒ္ဓဘာသာပဲ လို့မှတ်ယူထားတတ်ကြတယ်။ အနတ္တဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် သည်းခြေကြိုက်ပေါ့။

တကယ်တော့ အနတ္တကို ကြိုက်လောက်အောင်ကလည်း သူတို့  သဘောဓမ္မနဲ့  သူတို့ ၊ ကိုက်နေကြပါတယ်။ သူတို့  သဘောဓမ္မက “ ပရမတ္တသစ္စာ” ဖြစ်တယ်။
သူတို့  သဘောဓမ္မ ပရမတ္တသစ္စာနဲ့  ဘုရားသျှင်ဟောတဲ့ အရိယသစ္စာဟာ တူတာလည်း မဟုတ်ပါဘူး။ တစ်ခုစီ သပ်သပ် ဖြစ်ပါတယ်။

ပရမတ္တသစ္စာနဲ့  တည်ဆောက်ထားတဲ့လူ၊ အဲသည်လူက လှုပ်ရှားလို့  ဖြစ်ပွားလာတဲ့ အမှု ကသာ “ အရိယသစ္စာတရား” ဖြစ်တယ်။ ဒါကြောင့် သည်သစ္စာတရားနှစ်ခုဟာ မတူပါဘူး။

လူ့ ကိုယ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြတဲ့ တရားတွေက ပရမတ္တသစ္စာ တွေဖြစ်ကြတယ်။ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော၊ ဝေဒနာ၊သညာ …စတာတွေဟာ ပရမတ္တသစ္စာ တွေပေါ့။ ဒါဟာ လူ့ အစိတ်အပိုင်းတွေ ဖြစ်တယ်။
သည်အစိတ်အပိုင်းတွေနဲ့  တည်ဆောက်လိုက်တဲ့ အခါ လူဆိုပြီး ဖြစ်လာတယ်။ ယောက်ျား၊ မိန်းမ စတာတွေပေါ့။ သည်လူကနေပြီး ကိုယ်နဲ့ ဖြစ်စေ၊ နှုတ်နဲ့ ဖြစ်စေ၊ စိတ်နဲ့  ဖြစ်စေ လှုပ်ရှားလို့  ဖြစ်ပွားလာတဲ့ အမှုတွေရဲ့ အကောင်း၊ အဆိုး ။ ဖြစ်ပွားလှုပ်ရှားလာ မယ့် အကျိုးအပြစ်တွေကိုသာ ဗုဒ္ဓမြတ်စွာက “ အရိယသစ္စာ ” အဖြစ် ဟောကြားခဲ့တာ ဖြစ် ပါတယ်။
အနတ္တလည်း သည်းခြေကြိုက်
လူ့ အစိတ်အပိုင်းရယ်၊
လူရယ်၊
လူ့ လှုပ်ရှားမှုရယ် - ဆိုတဲ့ သုံးခုအထဲမှာ-
“ လူ့ လှုပ်ရှားမှုကြောင့် ဖြစ်ပွားတဲ့ အမှုကိုသာ အရိယသစ္စာတရား” လို့  ပြောရမှာ ဖြစ်တယ်။
လူကောင်ကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဓါတ်တွေ၊ ပရမတ်တွေကို အရိယသစ္စာတရား လို့ ထင်မိရင်တော့ တတ်တတ်စင်အောင် လွဲတာပဲ ဖြစ်တယ်။

အဲသည် ပရမတ္တသစ္စာတွေကို အရိယသစ္စာ လို့ ထင်ပြီး ရှုကြည့်နေရင် ပရမတ္တ တွေကိုပဲ မြင်လာမှာ ဖြစ်တယ်။ ပူနေတယ်ဆိုရင် မပူအောင် အစိုးမရဘူး။ အေးနေတယ် ဆိုရင် မအေးအောင် အစိုးမရဘူး။
ဥပမာ- စိတ်တွေကလည်း ဖြစ်-ပျက်နေတယ်။ မြင်စိတ်ကလည်း မြင်စိတ်ဖြစ်သွားပြီး ပျက်သွားတယ်။ ကြားစိတ်ကလည်း ကြားပြီး တဲ့နောက် ပျက်သွားတယ်။
ဒါတွေကို ရှုလိုက်တဲ့အခါ ဖြစ်-ပျက်နေတာ ကိုလည်း မြင်ရပါ့မယ်။ သည်လို “ ဖြစ်-ပျက်” နေတာကို မြင်တဲ့အခါ မဖြစ်- မပျက်အောင် ကလည်း ပြင်လို့ မရဘူး။ ဒါမှ မဟုတ် ဖြစ်-ပျက်နေတာကို ပိုပြီး ဖြစ်ပျက်သွားအောင်လည်း လုပ်ဖို့ မတတ်နိုင်ဘူး။

မြင်တဲ့ အတိုင်းကနေပြီး မြင်တဲ့အရာကို သင်ခန်းစာယူပြီး မဖြစ်အောင်၊ မပျက်အောင်က လည်း ပြင်လို့  မရဘူး- ဆိုတော့ ကိုယ်မြင်တာ အပေါ်မှာ “ အစိုးမရဘူး” ဖြစ်နေတာပေါ့။ သည်လို ပရမတ္တသစ္စာကို ကြည့်ပြီး ကိုယ်က ဘာမှ လုပ်လို့ မရဘဲ သူဖြစ်ချင်တဲ့ အတိုင်းပဲ ဖြစ်နေတာပဲ။ ဘာမှ အစိုးမရဘူး ဆိုပြီး လက်မှိုင်ချရတဲ့ အသိကို ရလာပါတော့တယ်။
သည်အထိရလာတာ ဖြစ်တဲ့အတွက် မှန်လိုက်လေ၊ အနတ္တတရား- ပေါ့လေ။ သည်လိုနဲ့  ပရမတ္တသစ္စာကို ရှုမိမှားရာကနေပြီး အနတ္တကလည်း သည်းခြေကြိုက် ဖြစ်လာတာပေါ့။

Website counter

Back to TOP