ပရမတ္တသစ္စာနဲ့  အနတ္တ၊ အနတ္တနဲ့  ပရမတ္တသစ္စာ

နောက်တစ်ခါ အနတ္တနဲ့  ဗုဒ္ဓ၊ ဗုဒ္ဓနဲ့  အနတ္တ သည်လို ခွဲခြားမရအောင် ဖြစ်နေတယ်။ တို့ ကလည်း သူတို့ ကို ပြောရပါတယ်။ ဘာပြောရသလဲ ဆိုတော့ တကယ်တော့ ခင်ဗျား တို့  ရှိတယ်- ဆိုတဲ့ အကြောင်းကို ပဌမ သိအောင် လုပ်ရပါမယ်။ ခင်ဗျားတို့  ရှိပြီ - ဆိုမှ တဏှာကို အရကောက်လို့  ရမယ်။

နောက်တစ်ခါ ခင်ဗျားတို့  ကိုယ်ကို ရှိပြီးပြီ - ဆိုတောင်မှ ခင်ဗျားတို့  ရှိပြီး ရုံနဲ့  တဏှာကို အရကောက်လို့  မရသေးဘူး။ ခင်ဗျားတို့  အပေါ်မှာ ခင်ဗျားတို့  မဟုတ်ဘဲနဲ့ ၊ ခင်ဗျားတို့  အယောင်ဆောင်ပြီး နေနေတဲ့ အကောင်ကိုလည်း သိပါဦးမှ တဏှာကို အရကောက်လို့  ရမယ် - လို့  သည်လို ပြောလိုက်ပါတယ်။
ဟ- ဘုန်းကြီးရ၊ တပည့်တော်တို့ က တပည့်တော်တို့  ရှိအောင်တောင် မနည်းလုပ်ယူရ တာ။ တပည့်တော်တို့  မဟုတ်တဲ့ တပည့်တော်တို့  အယောင်ဆောင်ပြီး တပည့်တော် တို့ လိုလို လုပ်နေတဲ့ အကောင်တစ်ကောင် ရှိသေးတယ် - ဆိုတော့ တပည့်တော်တို့  ကိုယ် ကို နှစ်ကိုယ်ခွဲရမလိုတောင် ဖြစ်နေပြီ။ ခက်တော့တာပဲ - လို့  သူတို့ က ပြန်ပြောကြတယ်။

အတ္တကို ဆိုက်ရောက်စရာအဖြစ် ဟောခဲ့တယ်
တကယ်တော့ တို့ က အနတ္တရဲ့ အနက်ကို ညွန်းပြီး ပြောလိုက်တာဖြစ်တယ်။ အရင်တုန်းက သိနေတာက -
တစ်ကိုယ်လုံးကြီးက အနတ္တ၊ ငါ - မရှိဘူး၊ ကိုယ်မရှိဘူး- ပေါ့ကွာ။ တို့ ကတော့ အဲသည်လို မဟုတ်ဘူး။
ငါ ရှိတယ်။ ကိုယ် ရှိတယ်။ နောက်ပြီး ငါမဟုတ်တာလည်း ရှိတယ်။ ကိုယ်မဟုတ်တာလည်း ရှိသေးတယ်။ ငါ- မဟုတ်တာ၊ ကိုယ်မဟုတ်တာလည်း ရှိသေး တယ်။ ငါ- မဟုတ်တာ ကိုယ်မဟုတ်တာ “ အနတ္တ” ဆိုတော့ အတ္တ လည်း ရှိတယ်- လို့  ပြောလိုရင်းပါ။
ဘုရားက အနတ္တလည်း ဟောပါတယ်။ အနတ္တက လွတ်တဲ့ အတ္တလည်း ဟောပါတယ်။
ဘာဖြစ်လို့ လည်း ဆိုရင် သစ္စာ လေးချက်မှာ-
ဒုက္ခအရိယသစ္စာက “အနတ္တ”ပဲ။
နိရောဓအရိယသစ္စက ဒုက္ခရဲ့ ဆန့် ကျင်ဘက် မဟုတ်လား။
သည်လိုဆိုရင် နိရောဓ ဟာ ဒုက္ခရဲ့ ဆန့် ကျင်ဘက်ဆိုရင် “ဒုက္ခ” ကလည်း အနတ္တ ဆိုတော့ နိရောဓ ဟာ အနတ္တရဲ့ ဆန့် ကျင်ဖက် ဖြစ်ရမှာပေါ့။
အနတ္တရဲ့ ဆန့် ကျင်ဘက်ဟာ အတ္တ မဟုတ်လား။
ဒါကြောင့် -
ဗုဒ္ဓဟာ “အနတ္တ” ချည်း ဟောတာ မဟုတ်ဘူး။ “အတ္တ” လည်း ဟောတယ်- လို့  ပြောရပါ လိမ့်မယ်။
ဒုက္ခအရိယသစ္စဟာ “ပိုင်းခြားသိရမည့် သင်္ခန်းစာ” ။ သင်္ခန်းစာ ယူရမယ့် ပစ္စည်းမဟုတ် လား။
သည်တော့ ဒုက္ခအရိယသစ္စာ ဟာ အနတ္တ - ဖြစ်တယ် ဆိုရင်၊ အနတ္တ ဟာလည်း သင်္ခန်းစာ ယူဖို့  မြတ်စွာဘုရားက ဟောခဲ့တဲ့ ပစ္စည်း။
သည်လိုဆိုရင် ဘုရားက အဲသည် အနတ္တ ကို ဒုက္ခ အဖြစ် သင်္ခန်းစာ ယူလိုက်တဲ့ အတွက် အဲသည် အနတ္တ အပေါ်မှာ ပျင်းမုန်း၊ ငြီးငွေ့ သွား၊ စက်ဆုတ်သွားပြီး အာလယ မရှိတော့ ဘူး။ သမုဒယ ကွာသွားတယ်လို့  ပြောရမှာ ပေါ့။
သည်လို သမုဒယကွာသွားတော့ “နိရောဓဆိုက်တယ်” လို့ ပြောရမှာ မဟုတ်လား။

နိရောဓ ဆိုတာ ဒုက္ခ ဖြစ်တဲ့ အနတ္တရဲ့ ဆန့် ကျင်ဘက် ဆိုရင်တော့ နိရောဓ ဆိုတာ အတ္တ ဆိုက်တာ မဟုတ်လား။
သည်လိုဆိုရင် ဗုဒ္ဓဟာ အတ္တကို ဆိုက်စရာပစ္စည်း အဖြစ်ဟောခဲ့တယ်လို့  ဆိုရမှာပေါ့။
တို့ သိနေတာက အနတ္တ မှ အနတ္တ ။ အတ္တ ဆိုရင် လာကို မလာနဲ့ ။ တကယ်ကတော့ ဗုဒ္ဓ က အနတ္တချည်း ဟောခဲ့တာ မဟုတ်ဘူး။ အတ္တ ကိုလည်း ဟောကြာခဲ့တာပါ။
အနတ္တကို ဘာအနေနဲ့  ဟောကြားခဲ့တာလဲ။
သင်္ခန်းစာယူစရာ အနေနဲ့  ဟောကြားခဲ့တယ်။
အတ္တကို- ဘာအနေနဲ့  ဟောကြားခဲ့တာလဲ။
ဆိုက်ရောက်စရာ ပစ္စည်း အနေနဲ့  ဟောကြားခဲ့တယ်။
သည်လို ပြောလိုက်ချင်ပါတယ်။

အတ္တလို့ ပြောရမှာ
မဟာသတိပဌာနသုတ် ကို မောင်ရင်လည်း သိမှာပါ။ သင်ရိုးဆိုင်ရာ အနေနဲ့ တောင် လေ့ လာဖူးမလား မသိဘူး။ တကယ်ကျတော့ သတိပဌာန်ပွားတယ် ဆိုတာ အခြားမဟုတ်ပါ ဘူး။
ကိုယ့်ကိုယ်မှာ ဖြစ်ပွားနေတဲ့ ဖြစ်ပွားချက်တွေဟာ အတ္တရဲ့ လှုပ်ရှားမှုလား။
အနတ္တရဲ့ သင်ခန်းစာယူရမည့် ပစ္စည်းနေနဲ့ လှုပ်ရှားမှုလား။

အနတ္တ ရဲ့ လှုပ်ရှားမှုဖြစ်လျှင် သင်ခန်းစာယူရမယ်။ သင်ခန်းစာ ယူတော့ အနတ္တ အပေါ်မှာ အာလယကွာပြီ သမုဒယကင်းမယ်။ အနတ္တရဲ့ မှီခိုမှုမပါဘဲ အတ္တသက်သက် ကလေးနဲ့  တည်နိုင်အောင် ကြိုးစားပြီး၊ ပညာနဲ့  နေတဲ့လုပ်ငန်းကို သတိပဌာန်အားထုတ်တယ် လို့  ပြောရတာ ဖြစ်တယ်။ တရားနဲ့  နေတယ်လို့  ပြောရတာ ဖြစ်တယ်။
ဆိုလိုတာက အနတ္တ- တို့  အတ္တတို့  ဆိုတာ ငါတို့ ကိုယ်ပေါ်မှာ ဖြစ်နေတာ။ အမေမွေးပေး လိုက်တဲ့ တို့ မျက်စိ၊ တို့ နား အစစတွေနဲ့  မြင်နေ ကြားနေတဲ့ ဖြစ်ရပ်တွေ ဆိုရင်ဒါ အတ္တပဲ။
သည်အပေါ်မှာ တို့ မျက်စိ၊ တို့ နားကို မှီခိုပြီး တို့ မျက်စိ၊ တို့ နားနဲ့  မြင်တာ ကြားတာ မဟုတ်ဘဲနဲ့  မဟုတ်တာတွေ မြင်တာ ကြားတာတွေလည်း ရှိနေပါတယ်။
စိတ်အထင်၊ စိတ်အမြင်နဲ့  မြင်တာ၊ ကြားတာတွေပေါ့။
ဒါတွေက တို့ က မြင်တာ ကြားတာ မဟုတ်ဘူး။ တို့  မဟုတ်တဲ့ အကောင်က တို့ အယောင်ဆောင်ပြီး မြင်ပေးကြာပေးနေတာ။
ဒါကို ဘယ်လိုပြောရမလဲဆိုရင်-
“ငါမဟုတ်တဲ့ ၊ ကိုယ်မဟုတ်တဲ့ အနတ္တ” လို့  ပြောရမှာ ဖြစ်တယ်။

တစ္ဆေပါတယ်
တို့ ကို ပူးကပ်ပြီး သကာလ မှီနေတဲ့ အရာရှိတယ်။ တို့ မဟုတ်ဘဲ တို့ - အယောင်ဆောင် နေတဲ့ အကောင်ရှိတယ်။ သည်အကောင်ဟာ ပြောရမယ်ဆိုရင် တစ္ဆေပါတယ် ဆိုတာမျိုး ဖြစ်တယ်။ “အပမှီတယ်” ဆိုတာမျိုးဖြစ်တယ်။
တစ္ဆေပါတယ် ဆိုတာကို ကြားဖူးလား မသိဘူး။ တောရွာတွေမှာ ဆိုရင် တစ္ဆေပါတယ် ဆို တာမျိုး ဖြစ်တတ်ကြတယ်။ ကလေးကို ရွာအပြင်ဘက် ခေါ်မသွားရဘူးလို့  လူကြီးတွေက တားမြစ်ကြပါတယ်။ ဟုတ်တယ်၊ ကလေးဆိုတာ တစ္ဆေပါတတ်ကြတယ်။
ညနေ နေ၀င်ရီတရော အချိန် ရွာအပြင်ဘက်သွားမယ်ဆိုရင် ကလေးကို ခေါ်မသွားကြနဲ့ - လို့ ပြောတတ်ကြတယ်။ ဘာဖြစ်လို့ လည်း ဆိုရင် ကလေးဟာ ပြန်လာရင် တစ္ဆေပါ လာတတ်တယ်။ ဘယ်လို တစ္ဆေပါလာတတ်သလဲ ဆိုရင် ကလေးဟာ ဇောချွေးတွေပြန်ပြီး ကိုယ်အပူ ချိန်ဒီဂရီတွေ တတ်လာတယ်။ ပြဒါးတိုင်နဲ့  တိုင်းကြည့်မယ်ဆိုရင်လည်း သူ့  ပကတိ အပူချိန်ဖြစ်တဲ့ ကိုးဆယ့်ရှစ် ဒဿမ လေး မကချင်တော့ဘူး။ တစ်ရာ၊ တစ်ရာ့တစ် ဖြစ်နေပြီ။
ဒါဘာ ဖြစ်တာလဲ။
တစ္ဆေပါလာတာပေါ့။
ဘယ်လို တစ္ဆေပါလာသလဲဆိုရင် ရွာအပြင်ဘက်မှာ တစ္ဆေဆိုတဲ့ အကောင်ကြီးရှိနေရာက ကလေးနဲ့ အတူ ရွာထဲကို ပါလာတာမျိုး ပြောတာမဟုတ်ဘူး။ ဒါဖြင့် ကလေးဟာ ပုံမှန် ဖြစ်နေသလား ဆိုတော့လည်း ပုံမှန်ဖြစ်မနေတော့ပါဘူး။ ဒါဟာ ဘာဖြစ်တာတုန်းဆိုတော့ “အပတစ်ခု ၀င်လာတာ” ဖြစ်တယ်။ ဒါပေမယ့် လူတွေထင်တတ်ကြတဲ့ တစ္ဆေဆိုတဲ့ အကောင်ကြီးလို အပမျိုးတော့ မဟုတ်ဘူး။
တကယ်တော့ ကလေးအနေနဲ့  မြင်ဖူးတာက ကိုယ့်အိမ် ကိုယ်ယာထဲက အဖြစ်တွေ လောက်ပဲ ဖြစ်ပါတယ်။ သည်လောက်သာ မြင်ဖူးသေးတဲ့ ကလေးငယ်ကို ရွာအပြင်ဘက် ခေါ်သွားမယ်ဆိုရင် အချိန်ကလည်း နေ၀င်ရီတရော အချိန်၊ ရွာအပြင်ဖက် ကွင်းပြင်ကျယ် ကြီးကလည်း အကျယ်ကြီးဆိုတော့ ကလေးကလည်း သည်လို ကွင်ပြင်ကျယ်ကြီးတွေ မြင်ဖူးတာ မဟုတ်သေးဘူး။ သစ်ပင်တွေကလည်း အရိပ်တွေက အရှည်ကြီးတွေ ဖြစ်နေမယ်။ ဒါတွေ မြင်လိုက်တဲ့ အခါမှာ ကလေးရဲ့ ဦးခေါင်းထဲမှာ သူ တွေ့ ဖူး၊ မြင်ဖူးနေ တဲ့ အရာတွေနဲ့  ခြားနားပြီး၊ စိတ်လှုပ်ရှားမှုတွေ ဖြစ်လာတယ်။ ကြောက်လန့် တာတွေ ဖြစ်လာတယ်။
သည်လို ဖြစ်လာရင် ကိုယ် အပူချိန်ကလည်း တက်လာမှာဘဲမဟုတ်လား။ သည်လို ဖြစ်တာကို “တစ္ဆေပါတယ်” လို့ ပြောရတာ ဖြစ်တယ်။ “အပမှီတယ်” ပြောရတာ ဖြစ်တယ်။
(သဘောက ကလေးရဲ့ နကိုယ်စိတ်ထဲမှာ ပြင်ပက အမြင်၊ အကြားကြောင့် အဲဒါကို စွဲလန်း ပြီး ကြောက်လန့် စိတ် ဖြစ်လာတာကို အပမှီတယ် ခေါ်တာ ဖြစ်တယ်။)

ဆေးလိပ်က ပြန်သောက်တာ
တကယ်မှာတော့ တို့ တတွေမှာလည်း “အပမှီ” တတ်ကြပါတယ်။ ကလေးတွေမှ အပမှီခံ ရတာ မဟုတ်ပါဘူး။ လူကြီးတွေလည်း အပမှီခံရတာ ဖြစ်တယ်။ လူကြီး ဖြစ်ပေမယ့်လည်း သူကြောက်တဲ့ အာရုံတစ်ခုခုကို ဖြစ်စေ၊ သူမက်တဲ့ အာရုံတစ်ခုခုကို ဖြစ်စေ တွေ့ လာခဲ့ရင် အဲသည် အာရုံကို တစွဲလန်းလန်း ဖြစ်ပြီး ကိုယ့်စိတ်ထဲမှာ မထားတတ်၊ မသိုတတ်နဲ့  စိတ် လှုပ်ရှားမှုတွေ ဖြစ်တယ် မဟုတ်လား။ သည်လို ဖြစ်လာခဲ့ရင် အဲဒါတွေက ကိုယ့်ကို အပမှီ သွားတော့တာပဲ။
အဲဒါတွေက ကိုယ့်ကို ညှို့ ငင်ပြီး သကာလ လှုပ်ရှားခိုင်းတော့တာပဲ။ သည်လို လှုပ်ရှားခိုင်း လို့  လှုပ်ရှားရတာမျိုးကို ဘာလဲ လို့ မေးရင် အပမှီတယ် လို့ ပဲ ပြောရပါလိမ့်မယ်။
ငါမဟုတ်တဲ့ အကောင်ကနေပြီး ငါယောင်ဆောင် ပြီးသကာလ ငါ့ကို ၀င်ပူးနေတာ လို့  ပြောရလိမ့်မယ်။
ဥပမာ- လူတစ်ယောက်ဟာ ဆေးလိပ်သောက်တယ် ဆိုပါစို့ ။ ဆေးလိပ်သောက်တဲ့ လူ တစ်ယောက်ဟာ သောက်ပြီလို့  ခဏကြာရင် ဆေးလိပ် ပြန်ဆာလာဦးမှာနော်။ သည်လို ဆေးလိပ်ဆာတာဟာ -
ဆေးလိပ်သောက်တဲ့လူက ဆာတာလား၊
ဆေးလိပ်က ဆာတာလား၊
သည်နှစ်ခု ရှိတဲ့ အနက် ဘယ်အရာက ဆာတာလဲ။
တကယ်လို့  ဆေးလိပ်ကို ဘယ်တုန်းကမှ မသောက်ဖူးဆိုရင် ဆေးလိပ် မငတ်ပါဘူး။ သောက်ဖူးပြီးမှ ငတ်တာပါ။ ဒါဆိုရင် ဆေးလိပ်ငတ်တာဟာ လူကငတ်တာလား၊ အလျင်က သောက်ဖူးတာက ငတ်တာလား။
ငတ်လိုက်တာကလည်း ကိုယ်ကပဲ ငတ်ရတာ ဆိုတော့ ကိုယ်ပဲငတ်တယ် လို့  ထင်ရတာ ပေါ့။ ကိုယ်ငတ်တယ် ထင်ရပေမယ့် တကယ်လို့ သာ အလျင်ရ တစ်ခါဘူးမျှ မသောက်ဖူး ဘူးဆိုလျင် ငတ်ပါ့မလား- ဆိုတော့ မငတ်တာကို တွေ့ ရပါတယ်။
သည်တော့ ငတ်တာကို ဘယ်သူဖန်တီးသလဲဆိုလျင် ဆေးလိပ်က ဖန်တီတယ် လို့ ပဲ ပြော ရပါလိမ့်မယ်။
သည်တော့ ဆေးလိပ်ငတ်တာဟာ ဆေးလိပ်က ပြုစားလို့ ၊ ဆေးလိပ်က ပြုစားတာ ခံလိုက်ရ လို့  ငတ်တာ လို့  ပြောရမယ် မဟုတ်လား။ ဒါကြောင့်
ဒုတိယ အကြိမ် ဆေးလိပ်သောက်ခြင်း ဟာ ငါက သောက်တာလား၊ ဆေးလိပ်က သောက်တာလား လို့  မမေးသင့်ပေဖူးလား။
နောက်ထပ် ပြန်သောက်တဲ့ အခါ ကိုယ့်ပါးစပ်ထဲထည့်ပြီး ကိုယ်ကပဲ သောက်လိုက်တာ ဆိုတော့ ကိုယ်ကငတ်တာ လို့  ထင်စရာရှိပါတယ်။ ဒါပေမယ့် တကယ့် တကယ်မှာတော့ ဆေးလိပ်က ပြန်သောက်တာ လို့ သာ ပြောရပါလိမ့်မယ်။

Website counter

Back to TOP