ငါ - ရှိတယ် ဆိုတဲ့ အချက်ကို လက်ခံနိုင်တာနဲ့ အတူ နောက်ထပ် တစ်ခုရှိသေးတဲ့ အချက်ကိုလည်း လက်ခံရလိမ့်ဦးမယ်။ အဲသည်တစ်ခုက လက်ခံနိုင်ဖို့  ပိုပြီးခက်ခဲသေး တယ်။
ငါဆိုတဲ့အပေါ်မှာ ၀င်ပူးပြီး မဟုတ်တဲ့ အရာတစ်ခုက “ငါ”ယောင်ဆောင်ပြီး “ငါ”လုပ်နေတဲ့ အရာကို လည်း သိရလိမ့်ဦးမယ်။
လို့ ပြောလိုက်တော့-
ဟာ - ဘုန်းကြီးကလည်း လူကို နှစ်ကိုယ်ခွဲရမလိုတောင် ဖြစ်နေပြီ - လို့  ညည်းကြတယ်။
ဟုတ်တယ်။
ပဌမ “ငါ” ရှိတယ်။ နောက် ငါမဟုတ်ဘဲနဲ့  “ငါ” လုပ်နေတဲ့ ငါ့ကိုယ်မှာ ပူးနေတဲ့ အကောင် တစ်ကောင် ငါ့ကို မှီနေတဲ့ အကောင်တစ်ကောင် ရှိတယ် ဆိုတာကိုလည်း ခင်ဗျားတို့  သိရ လိမ့်ဦးမယ် - လို့ လည်း ပြန်ပြောလိုက်ပါတယ်။
တကယ်တော့ သည် အယောင်ဆောင် “ငါ”ကိုလည်း ဘယ်သူမှ မသိဘူး ဖြစ်နေကြတယ်။ ငါ့ကိုယ်ငါတောင် “ငါ” လို့  သိနေကြတာ မဟုတ်တော့ “ငါ့” ကိုမှီပြီး ငါယောင်ဆောင် ထား တဲ့အကောင် ရှိပါသေးတယ် - လို့  ဆိုလိုက်တာဟာ ကဲလွန်းသလို ဖြစ်မသွားဘူးလား။ တကယ်လည်း ကဲလွန်းတယ်လို့  ထင်သွားကြပါတယ်။
ဒါနဲ့  သေသေချာချာ ပြန်ပြောရပါတယ်။
“အယောင်ဆောင် ငါ” ဆိုတာလည်း တကယ်ရှိနေပါတယ်။ မြတ်စွာဘုရားက-
“အနတ္တ၊ အနတ္တ” လို့ ပြောတာဟာ - “ငါ”ကို “ငါမဟုတ်ဘူး၊ အနတ္တ ဖြစ်တယ်” လို့ ဟော တာ မဟုတ်တဲ့ အကြောင်း။ ဟောသည် “ငါ့” အပေါ်မှာပဲ “ငါ”လည်း မဟုတ်ဘဲနဲ့ ငါယောင် ဆောင်ပြီးတော့ ငါလုပ်နေတဲ့ အကောင်ကိုသာ “အနတ္တ” လို့ ပြောတာ ဖြစ်တဲ့ အကြောင်း။
ဒါကြောင့်အနတ္တကို ငြီးငွေ့ ရမယ် ဆိုတာ “ငါ”ကို ငြီးငွေ့ ရမှာ မဟုတ်ဘဲ “ ငါယောင်ဆောင်” - ကိုသာ ငြီးငွေ့ ရမှာ ဖြစ်တဲ့ အကြောင်း - ပြောပြလိုက်တယ်။
“န အနတ္တ” သည် “နိရောဓ”
အယောင်ဆောင် ငါကို အားမပေးတော့ဘူး။ မတည်ဆောက်တော့ဘူး ဆိုရင် အနတ္တ မဖြစ်တော့ဘဲ အတ္တချည်း ကျန်ပါတယ်။ ငါ ချည်းကျန်ပါတယ်။ အဲဒါ နိရောဓ ဆိုက်တာပဲ လို့  ပြောပြလိုက်တယ်။
တကယ်တော့ အနတ္တ နဲ့ စပ်လျဉ်းလို့  အဓိပ္ပါယ်တွေက အတော့ကို မရှင်းမလင်းဘဲ ဖြစ်နေ ပါတယ်။ အခု အနတ္တကို ကောက်ပြနေတာနော်။ ငါ့ အပေါ်မှာ မှီးပြီး ငါ လည်းမဟုတ်ဘဲ၊ ငါအယောင်ဆောင်ပြီး ငါလုပ်နေတဲ့ အရာက အနတ္တ။
ဘုရားက အနတ္တရှု၊ အနတ္တရှု- ဆိုတာ သည်အနတ္တ ကို ပြောတာ။ “ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောတွေ။ အစိုးမရတာကို အနတ္တဆိုပြီး ရှုခိုင်းတာ မဟုတ်ဘူး။
နည်းနည်း ကြိုးစားရဦးမယ်
ငါ- တို့ အပေါ်မှာ ငါ တို့ လည်း မဟုတ်ဘဲနဲ့ ၊ ငါ -တို့  လုပ်ပြီးသကာလ အယောင်ဆောင်နေတဲ့ အကောင်တစ်ကောင် ရှိတယ်။ တို့ ကို မှီနေတဲ့ တို့ ရဲ့ အပြင်အပကြီး၊ သူစိမ်း သူရံစာကြီးပေါ့။ တို့  မဟုတ်တဲ့ အကောင်ကြီးပေါ့။
တို့ မဟုတ်တဲ့ အကောင်ကြီးက တို့ - ယောင်ဆောင်ပြီး ၊ တို့ ကို ပူးကပ်နေတာ ရှိတယ်။ အပမှီတယ်- လို့  ပြောချင်လည်း ပြောပေါ့။ ပယောက ၀င်တယ် လို့  ပြောချင်လည်း ပြော ပေါ့။
ဆိုလိုတာက “တို့ ” လည်းမဟုတ်ဘူး။ “တို့ ” မဟုတ်ဘဲနဲ့  “တို့ ” အယောင်ဆောင်ပြီး၊ “တို့ ” အထဲမှာ မှီခိုပြီးနေတဲ့ အကောင်တစ်ကောင် ရှိတယ်။ ဒါကြီးကို ဘယ်သူမှ မသိဘူး။ ဘယ်သူမဆို ဒါကြီးကို ကိုယ့်ကိုယ်လို့ ပဲ ထင်နေကြတယ်။ ဒါက မြင်ဖို့ ရန် အလွန်ခက်ခဲ ပါတယ်။
ပြည်မြို့ က လူတွေလည်း သည်လိုပြောလိုက်တော့ မြင်အောင် နည်းနည်း ကြိုးစားရဦးမည့် ပုံပါပဲ။ ဒါကို မမြင်လျှင်လည်း တရားရဖို့ က ဖြစ်ကို မဖြစ်နိုင်ဘူး။ ဒါကိုမြင်အောင် တကယ် စဉ်းစားကြည့်ရင်တော့လည်း သိနိုင်ပါတယ်။
အပတစ်ခု မှီနေတာ
ကျုပ်တို့  တစ်ခုခုနဲ့  တိုက်မိတယ် ဆိုပါစို့ ။
ဥပမာ- အုတ်နံရံနဲ့  ခေါင်းနဲ့  ဆောင့်မိတယ် ဆိုရင် ကျုပ်တို့ ခေါင်းကြီး ဖူးယောင်လာမှာ နော်။ လက်သီးဆုပ်လောက် ဖူးယောင်လာပြီ ဆိုရင်- အဲသည် လက်သီးဆုပ်လောက် ဖူးယောင် လာတာဟာ ကျုပ်တို့ လား၊ ဒါမှ မဟုတ် ကျုပ်တို့  မဟုတ်ဘူးလား။
သည် ဖူးယောင်လာတာကြီးက ကျုပ်တို့  ဆိုရင် အမြဲ ရှိနေရမှာ နော်။ တကယ်တော့ တိုက်မိ၊ ဆောင့်မိမှ ဖြစ်ပေါ်လာတာ မဟုတ်လား။
မတိုက်မိခင်၊ မဆောင့်မိခင်က မရှိပါဘူး။ တိုက်မိ ဆောက်မိပြီး တော်တော်ကြာသွာတော့ လည်း ပျောက်သွားပြီး မရှိတော့ဘူး။ သည်လိုဆိုရင် အဲသည် ဖူးယောင်တာကြီးက ငါတို့  မဟုတ်တာ သေချာတယ်။ ဒါဟာ စဉ်းစားစရာပေါ့။
ဒါဟာ ဘာတုန်းလို့ မေးရင်၊ ဒါဟာ ပယောဂ မဟုတ်ဘူးလား။ အရာတစ်ခုကြောင့် ဖြစ်ပွား တဲ့ ဖုကြီးဆိုတော့ ဒါဟာ ပယောဂကြီး လို့ ပဲ ပြောရမှာ ဖြစ်တယ်။ “တို့ ” ကိုမှီပြီး ၀င်လာ တဲ့ အရာကြီး “တို့ ” ထဲကို ၀င်လာတဲ့ အရာကြီး။ ဒါဟာ “တို့ မဟုတ်ဘူး”။
အစားအသောက်မှာပဲ ဖြစ်ဖြစ်၊ အနေအထိုင်မှာပဲ ဖြစ်ဖြစ်။ မသင့် မမြတ် မှီဝဲမိတဲ့အခါ မျက်နှာမှ ရောင်အမ်းလာတယ် ဆိုပါစို့ ။ ဘေးက လူတွေက ပြောကြတယ်။
မင်း မျက်နှာကနဂို အတိုင်း မဟုတ်တော့ဘူး။ ကြွနေတယ်၊ ဖောနေတယ် - စသည်ဖြင့် ပြောကြတယ် မဟုတ်လား။
ဒါဟာ ဘာကို ပြောတာလဲဆိုရင် ပကတိ သွေးတို့  လေတို့  မဟုတ်ဘဲ၊ ပယောဂက ကိုယ့် ရဲ့ ကိုယ်ထဲကို ၀င်လာလို့  မျက်နှာကြွလာ ဖောရောင်လာတာ မဟုတ်လား။
အဲသည်လို ကြွနေတဲ့ ဖောရောင်နေတဲ့ မျက်နှာဟာ ကိုယ့်မျက်နှာ မဟုတ်ဘူး လို့  ပြောရ မှာပဲ မဟုတ်လား။ သည်လို အပတစ်ခုခု မှီနေတာ ဖြစ်ပါတယ်။
အပ၀င်နေတာတွေ လူတွေမှာ ရှိကြပါတယ်။ ရှိနေတဲ့ အကြောင်းကိုလည်း အရှည်ကြီး ပြောပြပါတယ်။ သည်နေရာမှာတော့ သိပ်အရှည်ကြီး မပြောကြပါစို့ နဲ့  ။ ပင်မစကား ပျောက်သွားပါ့မယ်။
နှစ်ကိုယ်ခွဲ
တဏှာရာဂ ကို အရကောက်ဖို့  အတွက် ဘာကို သိရမလဲ ဆိုရင်-
“ငါရှိတယ်” ဆို့ တဲ့ အချက်ကို ပဌမလက်ခံရပါမယ်။ ဒါပေမယ့် “ငါ ရှိတယ်” ဆိုတာကို လက်ခံရုံလောက်နဲ့  တဏှာရာဂကို အရ မကောက်နိုင်သေးဘူး။ “ငါ” ဆိုတာအပြင် “ငါ မဟုတ်ဘဲ ငါ” အယောင်ဆောင်နေတဲ့ အရာကိုလည်း ရှိနေသေးတာကို လက်ခံရလိမ့်မယ် စသည်ဖြင့် တို့ က ပြောတယ်။
ဒါပေမယ့် အဲသည်အကောင်က ခင်ဗျားတို့ ကို ၀င်ပူးနေတဲ့ အတွက် ခင်ဗျားတို့ က အဲသည် အကောင်ကို သူစိမ်း သူရံစာလို့  မထင်ကြဘူး။ အပြင်ပယောကလို့  မထင်ကြဘူး ခင်ဗျားတို့ ပဲ လို့ ထင်နေကြတယ်။
တကယ်တော့ အဲသည်အကောင်ဟာ အနတ္တကောင် ဖြစ်တယ်။ အနတ္တကောင် ဟာ အတ္တကောင် မဟုတ်ဘူး။ ခင်ဗျားတို့  ကသာ အတ္တကောင် ဖြစ်ပါတယ်။
ဒါပေမယ့် အနတ္တကောင်က သူ့ ကိုယ်သူ အတ္တကောင်ပါလို့  အယောင်ဆောင်ထားတဲ့ အတွက် အနတ္တကောင်ကို ခင်ဗျားတို့  မမြင်ကြဘူး ဖြစ်နေကြတယ်။ သည်လိုမျိုး တို့ က ပြောဟောလိုက်တယ်။
တကယ်တော့ ဒါတွေဟာ သိပ်ခက်ခဲတာတွေပါ။ မင်းနဲ့ စပြီး ပြောခဲ့တုန်းက စကားလုံး အနက်တွေဟာ သိဖို့  ခက်ခဲတယ် ဆိုတာ ၊ဒါကို ပြောလိုရင်း ဖြစ်တယ်။
အယောင်ဆောင် ငါ
Labels:
တဏှာ ရှင်းတမ်း