ဟာ - သည်အနတ္တကြီး ငါ့နား လာမပြောနဲ့ စမ်းကွာ- လို့ တို့ ကလည်း သည်လိုပဲ ခါချပစ် လိုက်တယ်။ သူနဲ့ ကလည်း တရားစကားက မပြောချင်ဘဲကိုး။ မပြောချင်တဲ့ကြားက ပြော လာတော့ ခါချပစ်လိုက်တာပေါ့။
အဲသည်မှာ သူက ဘာထပ်ပြောသလဲဆိုတော့၊ အနတ္တကို ဘုရားမဟောဘူးလား ဘုန်းကြီး တဲ့။ မကျေနပ်တဲ့ လေသံနဲ့  ပြောတယ်။
မင်းနဲ့ ငါ မင်းက ဘုန်းကြီးလား၊ ငါက ဘုန်းကြီးလား- လို့ သူ့ ကိုပြန်မေးရတယ်။ သည်တော့လည်း တပည့်တော်က ဘုန်းကြီးမဟုတ်ပါဘူး၊ အရှင်ဘုရားက ဘုန်းကြီးပါ -လို့  ပြန်ဖြေတယ်။
ငါကဘုန်းကြီးဆိုရင် အနတ္တကို ဘုရားဟောတယ်။ မဟောဘူးဆိုတာကို မင်းကပိုသိသင့် သလား၊ ငါက ပိုသိသင့်သလား- လို့ ပြန်မေးလိုက်တယ်။ အရှင်ဘုရားက ဘုန်းကြီးဆိုတော့ အရှင်ဘုရားပဲ ပိုသိသင့်တာပေါ့- လို့ ပြန်ဖြေတယ်။
အေး- သည်လိုဆိုရင် အနတ္တကို ဘုရားမဟောဘူးလား- ဆိုတဲ့ မေးခွန်း ငါ့ကိုမမေးနဲ့ ။ ဘုရားဟောတယ် မဟောဘူး ငါက ပိုသိတယ် လို့  မင်းစိတ်ထဲမှာ ထားလိုက်။ ဟောတယ် လည်း မပြောဘူး၊ မဟောဘူးလည်း မပြောဘူးပေါ့ကွာ။ ဒါက ရှင်းရမှာ အရှည်ကြီးကွ- လို့ ပြောလိုက်တယ်။
အဲသည်မှာ သူက နောက်တစ်မျိုး ပြောလာပြန်တယ်။ အနတ္တမှန်တယ် မဟုတ်လား ဘုရား- တဲ့။
ပဌမက အနတ္တကို ဘုရားမဟောဘူးလား။ အခု နောက်တခါ အနတ္တဟာ မှန်တယ်မဟုတ် ဘူးလား။
တရားလည်းမူး အရက်လည်းမူး
ဒါနဲ့  သူ့ ကို ပြန်မေးခွန်းထုတ်လိုက်တယ်။
မင်းကို ဘယ်သူလွှတ်လိုက်တာတုန်း- ဆိုတော့ သူလည်း တခြားစကားပြောပြီမှတ်ပြီး-
တပည့်တော်ကို ဘယ်သူကမှ လွှတ်လိုက်တာ မဟုတ်ပါဘူး။ လာချင်စိတ်ရှိလို့  လာတာပါ- လို့  ပြန်ဖြေတယ်။
သည်လို လာချင်စိတ်ရှိလို့  လာပြီဆိုကတည်းက မင်းကိုယ်ကိုမင်း၊ ထိုက်သလောက် အစိုးရနေပြီ- လို့  ဆိုရမှာပေါ့။ မင်းသာ အစိုးမရတဲ့ အနတ္တကောင်ကြီး ဖြစ်နေခဲ့လျင် ငါ့ဆီ ကို လာချင်စိတ်ရှိတောင်မှ မင်းလာနိုင်မှာ မဟုတ်ဘူး။ မင်းလာချင်စိတ်ရှိတဲ့ အတိုင်း ငါ့ဆီ ကိုအရောက်လာနိုင်ခဲ့လျှင် မင်းကိုယ်မင်း အစိုးရတဲ့သူ ဖြစ်လို့ ပေါ့ကွာ။ ကိုယ့်ကိုယ်ကို အစိုးမရတာ အနတ္တ - ကွ။
မင်းကို တစ်ခု ထပ်ပြောရဦးမယ်။ မင်းအခု အရက်မူးလာတယ်မဟုတ်လား၊ နောက်ပြီး မင်းက တရားလည်း မူးလာတယ်။ တရားမူးပေမဲ့ အရက်မမူးဘူးဆိုရင်လည်း မင်းကို စကားပြောလို့ ကောင်းမှာပဲ။ အရက်မူးပြီး တရားမမူးဘူးဆိုရင်လည်း စကားပြောလို့  ကောင်းမှာပဲ။ မင်းက အခုတော့ တရားလည်းမူး၊ အရက်လည်းမူး နှစ်မူးဖြစ်နေတယ်။ ကဲ - သည်တော့ ပြန်ပေတော့ - လို့  နှင်လွှတ်လိုက်တယ်။
ငါရှိတယ်
ဆိုလိုတာက ပရမတ္ထသစ္စက ကြီးငယ်မဟူ ပေါက်နေကြတယ်။ ပရမတ္ထသစ္စာကို သည်လောက်ပေါက်နေတော့ ပရမတ္ထသစ္စာတိုင်းက သိနေရတဲ့ ပရမတ်တွေကလည်း တိုး လို့ လည်းမရ၊ လျှော့လို့ လည်း မရ မဟုတ်လား။ သည်တော့ “အစိုးမရ” တာတွေ သိမြင်ပြီး “အနတ္တ” - ကလည်း တကယ့်ကို နေရာ ရနေတော့တာပေါ့။
တို့ ဆရာသမားတွေဟာ “ အနတ္တ” ကို တအားကြိုက်နေကြတယ်။
“ငါမဟုတ်ဘူး၊ ငါမရှိဘူး” နဲ့ လုပ်နေကြတယ်။
ခုနက တဏှာရာကကို အရေကောက်ပြမယ့် သူတွေဟာလည်း “အနတ္တသမား” တွေပဲ။ အနတ္တသမားတွေဆိုတော့-
“တဏှာ” - ကို အရကောက်ပြတာ နားလည်ချင်လျင် နားလည်နိုင်ဖို့ အတွက် လိုအပ်ချက် တစ်ခု ရှိတယ်။ ဒါကတော့ “ငါ-ရှိတယ်၊” “ငါ-ဟုတ်တယ်” ဆိုတဲ့ အချက်ကို လက်ခံပေးဖို့  ပဲ ဖြစ်တယ်။ ဒါဟာ တကယ့်ကို လိုအပ်ချက်ပဲ- လို့ ပြောလိုက်တယ်။
ပဌမတုန်းက “ငါမရှိဘူး” လို့ လုပ်နေရာကနေ အခုကျတော့ “ငါရှိတယ်” လို့ လုပ်ရမယ်ဆို တော့ ဒါကို တရက်မက နှစ်ရက်မက ရက်တွေ အများကြီး၊ ထစ်ငေါ့နေတဲ့ အရာကြီးကို ကျော်လွှားသွားမှာ မဟုတ်လား။
သမုတိသစ္စာဟာ အမှန်တရားပဲ
ဒါကြောင့် တဏှာကို အရကောက်ပြရမယ်ဆိုရင် ဒက်ခနဲ ကောက်ပြလို့  မရဘူး။ အရှည်အဝေးကြီးကို ကောက်ပြရမှာ လို့  သူတို့ ကို ပြောရတယ်။
တဏှာရာဂ ကောက်ပြရမယ်ဆိုရင် ကောက်ပြနိုင်ဖို့ အတွက် ငါ-ရှိတယ် ဆိုတာကို အရင် လုပ်ရမယ်။ ငါရှိတယ် ဆီကမှ အဲသည် ငါကနေပြီး မက်မောတယ် တပ်မက်တယ် ဆိုတာ တွေနဲ့  ငါတဏှာဖြစ်တယ် ဆိုတာကို လုပ်ရမှာ ဖြစ်တယ်။ ငါမရှိဘူး ဆိုရင် တဏှာချည်း သက်သက် မရှိနိုင်ဘူး - လို့ ထပ်ပြောရပါတယ်။
တကယ်တော့ တရားသမားမှန်လျှင် သမုတိသစ္စာကို ငြင်းကြတာပဲ။ ယောက်ျားဆိုတာ မရှိ။ မိန်းမဆိုတာ မရှိ။ ပုဂ္ဂိုလ် ၊ သတ္တ၀ါဆိုတာ မရှိ။ ငါမရှိ။ ငါဟာမရှိ။ သူတပါးဟာ မရှိ။ သည်လို လုပ်တတ်ကြတယ်။ လုံးဝ ဟာတိဟာတာကြီး။
ပြုသူ ကတ္တားကို အကုန်ငြင်းပြီး၊ ပြုလုပ်ခြင်း ကြိယာလောက် ကိုသာ လက်ခံနေတတ်ကြတယ်။
ပရမတ္ထသစ္စာအမြင်နဲ့ လူကို ပျောက်အောင် ဖျောက်ဖျက်ပစ်နေ ကြတာကနေပြီး၊ လူကို ရောက်အောင် တည်ဆောက်ပြရမှာ- ဆိုတော့ ငါ-ရှိတယ် ဆိုတဲ့ အကြောင်းဟာ လိုအပ်တယ်ဆိုပြီး၊ ငါ- ရှိတယ်- ဆိုတာကို လက်ခံဖို့  ပြောလိုက်ပါတယ်။
ငါ-ရှိတယ် ဆိုတဲ့ အချက်ကို ပြောတဲ့အခါမှာတော့ သမုတိသစ္စာ အမြင်နဲ့  ပြောရတာ ဖြစ်ပါတယ်။ တကယ်တော့ သမုတိ သစ္စာဟာ အမှန်တရားပဲ။ နှုတ်ခမ်းနှစ်လွှာကြားက ထွက်လာပြီး၊ ပျောက်ပျက်သွားတတ်တဲ့ အရာမျိုး မဟုတ်ပါဘူး။
တကယ်ရှိနေတဲ့ အဖြစ်တွေ
ဥပမာ - မောင်ဖြူဆိုတဲ့ လူတစ်ယောက်ကို မောင်ဖြူ-လို့  ကိုယ်က သိနေရတာမှာ မောင်ဖြူဆိုတဲ့ အရာကလေးဟာ ပါးစပ်ဖျားတင် ပျောက်ပျက်တာမျိုး မဟုတ်ပါဘူး။ တကယ့် မောင်ဖြူကြီး တန်းလန်း ရှိနေတာပါ။
အိုး၊ခွက်၊ပန်းကန်ဆိုလျှင်လည်း အိုး၊ခွက်၊ပန်းကန်လို့  ပါးစပ်ဖျားတင် ဖြစ်ပြီး-ပျက်သွားတာ မျိုး မဟုတ်ပါဘူး။ တကယ့် အိုးတွေ၊ ခွက်တွေ၊ ပန်းကန်တွေ ရှိနေတာပါ။
သည်လိုပဲ ငါ-ဆိုတာလည်း တကယ်ရှိနေတာပါ- ဆိုပြီး၊ ငါ တကယ်ရှိပုံကို ရှင်းပြလိုက်ပါ တယ်။
ငါ -ဆိုတာ အသွေးကို ခေါ်တာလည်း မဟုတ်ဘူး။ အသားကို ခေါ်တာလည်းမဟုတ်ဘူး။ အရိုးကို ခေါ်တာလည်း မဟုတ်ဘူး။ အရေကို ခေါ်တာလည်း မဟုတ်ဘူး။ ပထ၀ီ ၊အာပေါ၊ တေဇော၊ ၀ါယော တစ်ခုချင်းကိုလည်း ငါ - ခေါ်တာ မဟုတ်ဘူး။
ဒါတွေ စုပေါင်းဖွဲ့ စည်းလို့  ဖြစ်လာတဲ့ ကြိယာဝိသေသန ဆိုတဲ့ အမူအရာ ထူးလေးတစ်ခုကို ငါ - လို့ ခေါ်တာ ဖြစ်တယ် လို့  ဆိုပြီး ရှင်းပြလိုက်ပါတယ်။
ဥပမာ - ဆေးလိပ်ဆိုလျှင် ဆေးရုးကို ဆေးလိပ်လို့ ခေါ်တာလည်း မဟုတ်ဘူး။ သနပ်ဖက် ကို ဆေးလိပ်လို့  ခေါ်တာလည်း မဟုတ်ဘူး။ အစီခံကို ဆေးလိပ်လို့ ခေါ်တာလည်း မဟုတ်ဘူး။
ဆေးရိုးတွေ ၊ သနပ်ဖက်တွေ၊ အစီခံတွေကို စနစ်တကျ စုစည်းပြီး ထူးထူးခြားခြား သည်ပုံသဏ္ဌာန် ဖြစ်ပေါ်လာတဲ့ ကြိယာ (သည်ကြိယာက ဘာဝကလေး) သဘာဝကလေး ကိုမှ ဆေးလိပ် - လို့ ခေါ်တာ ဖြစ်တယ်။ သဘာဝကိုကျတော့ အမြင်နည်းကြတယ်။
သစ်ပင်ဆိုတာ အစိတ်၊ တော ဆိုတာ အပေါင်း
တော - ကို ရှာပါဆိုရင် သစ်ပင် - ကိုပဲ တွေ့ တွေ့ နေတယ် မဟုတ်လား။ တော ကိုပြပါဆိုရင် သစ်ပင်ကိုပဲ ပြပြနေမိတတ်ကြတာပဲ။ တကယ်ဆိုတော့ တော ဆိုတာ သစ်ပင်တွေရဲ့ အစုအဝေး မဟုတ်လား။
သစ်ပင်နဲ့  ကင်းပြီး တော ဆိုတာ မရှိနိုင်ဘူး။ ဒါပေမဲ့ သစ်ပင်ဟာ တောလည်း မဟုတ်ဘူး။ သစ်ပင်တစ်ပင်တည်းသာ ရှိလျှင် တော လို့  ခေါ်နိုင်ဦးမလား၊ သစ်ပင်နဲ့ ကင်းပြီး တော မဖြစ်ပေမဲ့ သစ်ပင် ကို တော လို့  ပြောလို့ မရပြန်ဘူး။
သည်လိုဆိုရင် တော ဆိုတာ တကယ်မရှိဘူးလား၊ တကယ်ရှိနေတာပဲ။
ဒါဆို တော ဆိုတာ ဘာလဲ - ဆိုရင် သစ်ပင်တွေစုပြီး တည်ဆောက်ထားလို့  ဖြစ်ပွားနေတဲ့ ၀ိသေသပေါ့။ တော ဆိုတာ ကြိယာဝိသေသ တစ်ခုပေါ့။
ဒါကို နက်နက်နဲနဲ မတွေးတတ်တော့ တကယ်အရှိလို့  မမှတ်ချင်ကြတော့ဘူး ဖြစ်သွားတာ ပါပဲ။
တော- ဆိုတာ မရှိဘူး။ သစ်ပင်ပဲရှိတယ်လို့  လုပ်တတ်ကြတယ်။ အပေါင်း-ကို အစိတ် နဲ့  ပြန်ဖျက်ကြတာပေါ့။ တောက အပေါင်း၊ သစ်ပင်က အစိတ်။ သစ်ပင် ဆိုတဲ့ အစိတ်ကိုပဲ ကြည့်လိုက်တော့ တောဆိုတဲ့ အပေါင်းဟာ မမြင်ရတော့ဘူး ဖြစ်သွားတာပေါ့။ သည်လိုနဲ့  တော ဆိုတာ မရှိဘူး လုပ်ပစ်လိုက်ကြတာပါပဲ။
ငါရှိတယ်ဆိုတဲ့ နောက်မှာ
ဆိုလိုတာက သမုတိသစ္စာ - ဆိုတဲ့ အကြောင်း။ သမုတိသစ္စာ အရှိကို လက်ခံဖို့ အကြောင်း သူတို့ ကို ပြောပြလိုက်ပါတယ်။ သူတို့ ကလည်း ရှေးက သူတို့ ကောက်ပြတဲ့ တဏှာကို တို့ က ငြင်းပယ်ထားတာလည်း လက်ခံထားတာဆိုတော့ အခု ငါ - ရှိတယ် ဆိုတာကိုလည်း သိပ်မငြင်းဘဲ လက်ခံပေးကြပါတယ်။
အခု ငါ-ရှိတယ် ဆိုတဲ့ သမုတိသစ္စာအသိ ကို သည်လောက်ခက်ခက်ခဲခဲ ပြောပြရပေမယ့် ပရမတ္ထသစ္စာအသိ ကိုတော့ ဘာမှသင်ပေးစရာ မလိုဘူး လို့ လည်း ပြောရသေးတယ်။ သာမန်မွေးကင်းစ ကလေးတွေတောင် ပူလျှင် ပူတယ် လို့  သိတယ်။ အေးလျှင် အေးတယ် - လို့ သိတယ်။ စိတ်သဘောတွေကို အလိုလို သိတတ်ကြတယ် လို့ ပြောရပါ သေးတယ်။
နောက်- ဆက်ပြောတာကတော့
တဏှာကို ကောက်ပြနိုင်ဖို့ အတွက် ငါရှိတယ် ဆိုတဲ့အကြောင်းကို ကောက်ပြရုံနဲ့  မပြီးသေးဘူး။ ငါရှိတယ် ဆိုတဲ့နောက်မှာ နောက်တစ်ချက် ကောက်ပြတာကိုလည်း လက်ခံနိုင်ဦးမှ တဏှာကို ခင်ဗျားတို့  ကောက်နိုင်ကြလိမ့်မယ် လို့ ပြောပြလိုက်တော့ -
သိပ်ကို ပြောနိုင်တဲ့ ဘုန်းကြီးပဲ ဆိုပြီး မျက်နှာထားတွေနဲ့  သူတို့ က ပြောကြပြန်တယ်။ တို့ ကလည်း ခပ်ပြောင်ပြောင်ပါပဲ။ ဆက်ပြီး ပြောရတယ်။
အနတ္တဟာ အမှန်မဟုတ်ဘူးလား
Labels:
တဏှာ ရှင်းတမ်း