ဒါ ဘ၀ပဲ

စကားတောင် ရှိပါသေးတယ်။ ပဌမတော့ အရက်ကို လူကသောက်တယ်။ နောက်ကျတော့ အရက်က လူကိုသောက် တယ်။ ဆိုတဲ့စကား၊ သည်စကားဟာ အမှန်အကန် ပြောတဲ့ စကားပဲ ဖြစ်တယ်။ တကယ် ကျတော့ အရက်တို့ ၊ ဆေးလိပ်တို့  ဆိုတာ အပြင်အပ ပစ္စည်း မဟုတ်ပါလားဗျာ။

သည် အပြင်အပ ပစ္စည်းတစ်ခုက အရှိန်ရလာပြီး၊ ကျုပ်တို့ ကိုယ်ပေါ်မှာ လည်ပတ်မှုတစ်ခု၊ စက်တစ်ခု ဖြစ်သွားတယ်။ လည်ပတ်မှုတစ်ခု ဖြစ်သွားတော့ သူကပဲ သူ့ ကို ပြန်သောက် တယ်။ ကိုယ်က သူ့  အဖမ်းစားခံရပြီး၊ သူသောက်ခိုင်းတာ ခံနေရတယ်။ နောက်ထပ် ပြန်သောက်ရအောင် သူက သံသရာ စက်ကွင်းတစ်ခု လုပ်နေတယ်။ သည်လို ဆိုလိုတာပါ။
သည်နေရာမှာ သံသရာစက်ကွင်း ဆိုတဲ့ စကားလုံးအသစ်ကလေးလည်း ၀င်လာပါတယ်။
အပဖြစ်တဲ့ အရာဝတ္ထုပစ္စည်းတစ်ခုက ဖမ်းစားပြီး လူအပေါ်မှာ ပေါက်ပွားရှင်သန်တာ ဖြစ်တဲ့ အတွက် ဒါကို သံသရာစက်ကွင်း လို့  ပြောရတာဖြစ်တယ်။
သံသရာစက်ကွင်း တင်မကပဲ သည်အရာကို ထူးထူးခြားခြား နောက်ထပ် စကားအသစ် တစ်ခုနဲ့  ပြောရရင် “ဘ၀” လို့ ပြောရမယ်။ ဒါ “ဘ၀”ပဲ။

နတ္ထိဒါနိ ပုနဗ္ဘဝေါ
“ဘ၀” ဆိုတာ သည် လူကိုယ်ကောင်ကြီးကို ပြောနေတာ မဟုတ်ဘူး။ သည် လူကောင်ကြီး အပေါ်မှာ မဟုတ်မဟတ် အရာတစ်ခုက ရှင်သန်ပေါက်ပွားနေတဲ့ အဖြစ်ကို သာ “ဘ၀” လို့ ပြောရတာဖြစ်တယ်။ သည် လူကောင်ကြီးရဲ့ မွေးကနေ သေအထိက “ဘ၀” လို့  ပြောရတာ မဟုတ်ဘူး။
လူနဲ့  ဘ၀၊ အတူတူပဲလား - လို့ မေးရင် သာမန် ဗုဒ္ဓဘာသာ ၀င်တွေကတော့ အတူတူပဲ လို့  ပြောကြမှာပဲ။ တကယ်ကတော့-
“လူ”နဲ့  “ဘ၀” အတူတူမဟုတ်ဘူး။
“လူ” က “လူ”ပဲ။
သည် “လူ” အပေါ်မှာ ဘေးပစ္စည်းတစ်ခုခုကို စွဲငြိပြီး၊ အဲသည် ဘေးပစ္စည်းတစ်ခု က ပူးကပ်ပြီး ရှင်သန် ဖြစ်ပွားနေတာကိုသာ “ဘ၀” လို့  ပြောရတာ ဖြစ်ပါတယ်။
ဒါကြောင့် ဟို- မွေးကင်းစ ငယ်ငယ်နှောင်းနှောင်းလေး ဆိုရင် “ဘ၀ မရှိဘူး” လို့  ပြောရ လိမ့်မယ်။ “လူ” ရှိပေမယ့် “ဘ၀”မရှိသေးတဲ့ အနေအထားပေါ့။
ကိုယ့်ဖာသာကိုယ် လှုပ်လှုပ်ရှားရှားနဲ့  စကားတွေ ပြောလာပြီး၊ အလုပ်တွေလည်း လုပ်လာ ပြီး၊ စိတ်ကူးတွေလည်း ကူးလာပြီးမှ “ဘ၀”က ဖြစ်လာတာပါ။
ဒါပေမယ့် တရားဓမ္မတွေကို အမှန်အကန်အတိုင်း ကျင့်ကြံအားထုတ် လိုက်ပြန်ရင် အဲသည် “ဘ၀” ဟာကုန်သွားပြန်ပါတယ်။ သည်လို“ဘ၀” ကုန်အောင် လုပ်သွားနိုင်တဲ့ လူတွေဟာ “လူ” ကောင်ကြီး ထင်ထင်း ရှိနေလျက်က “ဘ၀မရှိ”တော့တာပေါ့။

မြတ်စွာဘုရားဆိုလျင် သည်စကားကို တော်တော် ပြောပါတယ်။ ပဌမဆုံးဟောတဲ့ “ဓမ္မ စက္ကပ၀တ္တသုန်” မှာ-
“နတ္ထိဒါနိ ပုနဗ္ဘဝေါ” တဲ့။
“ငါ့မှာ အခု ဘ၀မရှိတော့ဘူး” တဲ့။

ဘ၀ ဆိုတာ လူ ကို ပြောတာ မဟုတ်ကြောင်း၊ မြတ်စွာဘုရားရဲ့ စကားနဲ့ ထင်ရှားပါတယ်။ ဘ၀ဆိုတာ ပယောဂပစ္စည်းတစ်ခု သာ ဖြစ်ပါတယ်။
လူအပေါ်မှာ မှီကပ်ပြီး စက်ယန္တရားခတ်ပြီး ဖြစ်၊ ပျက် နေတာ“ဘ၀” ပါ။

စိတ္တဇနဲ့  လုပ်တာတွေဟာ ဘ၀တွေ
ပြည်ကလူတွေက-
“ငါ” ရယ်၊
“ငါ မဟုတ်ဘဲ၊ ငါ အယောင်ဆောင်နေတဲ့ အကောင်”ရယ်။
သည်နှစ်ခု ရှိကြောင်း သိရမယ်- လို့ တို့ ကပြောတယ်။
သည်အကြောင်းကို ရှည်ရှည်ဝေးဝေးကြီးကို ရှင်းပြလိုက်တယ်။ သူတို့ ကလည်း နား ထောင်ပေးကြပါတယ်။ နားမပေါက်ပေမယ့် ထိုင်ရတာ ကြာပြီဆိုတော့ ညောင်းတယ်နဲ့  တူပါရဲ့။ “နားလည်းရဲ့လား” ဆိုတော့ “နားလည်ပါတယ်” လို့  ပြောကြတယ်။
တကယ်ကတော့ “ငါ” မဟုတ်ဘဲနဲ့  “ငါ” အယောင်ဆောင်နေတဲ့ အရာကို ပြတ်ပြတ်သား သား သိမြင်ဖို့ ဆိုတာ တော်တော်ကြိုးစားရမယ့် ကိစ္စ ဖြစ်ပါတယ်။
ဒါနဲ့  အခု နားမလည်ကြသေးလည်း နောင် တွေ့ ကြ ဆုံကြတဲ့ အခါ ထပ်ပြီး မေးကြ၊ မြန်းကြ ဦးပေါ့ဗျာ- လို့ ပြောရတယ်။

သည်တော့ နောက်ဆုံး ခင်ဗျားတို့ ကို ပြောချင်တာက-
ခင်ဗျားတို့  လှုပ်ရှားတိုင်း၊ လှုပ်ရှားတိုင်း ခင်ဗျားတို့ ကိုယ်တိုင် လှုပ်ရှားတာလား၊ ခင်ဗျား တို့  မဟုတ်ဘဲ ခင်ဗျားတို့  အယောင်ဆောင်ပြီး နေတဲ့အရာက လှုပ်ရှားတာလား ဆိုတာ သိအောင် လုပ်ရမယ် - လို့  ပြောလိုက်တယ်။
“ငါမဟုတ်တဲ့ အကောင်” ကို ဘာလို့  ပြောမလဲ။
စိတ္တဇကောင်လို့  ပြောရမယ်။
သည်တော့ အလုပ်တစ်ခု လုပ်တဲ့အခါမှာ-
ကိုယ်ကလုပ်တာလား၊ စိတ္တဇက လုပ်တာလား၊ ဒါကိုသိဖို့  လိုအပ်လာတယ်။
“ငါ- ကလုပ်တာလား၊ ငါ- အယောင်ဆောင်က လုပ်တာလား” ဒါကိုသိဖို့  လိုအပ်တယ်။

နှစ်ပိုင်း ခွဲရပါမယ်
အရက်သောက်နေကျ လူတစ်ယောက်အနေနဲ့ -
ငါ - ကသောက်ချင်တာလား၊ အရက်က သောက်ချင်တာလား၊ ဒါကို ပြန်ဆန်းစစ်ရမယ်။
တကယ်ကတော့ အရက်က ပြန်သောက်ချင်နေတာ သာဖြစ်ပါတယ်။
အရက်က ငါ-ဘား လို့  မေးရင်၊ အရက်ဟာ ငါ-မဟုတ်ဘူး။
သည်နှစ်မျိုး ငါ- ရယ် ငါမဟုတ်တဲ့ အကောင်ရယ် နှစ်ပိုင်းခွဲပြီး မြင်အောင် ကြည့်ရမယ်။

ထမင်းစာတယ်ဆိုကြပါစို့ ။
ငါက စားတာလား၊ ငါမဟုတ်တဲ့ အကောင်က စားတာလား ဒါကိုသိအောင်လုပ်ရမယ်။ ဆိုလိုတာက-
ဗိုက်ဆာလို့  စားတာလား၊
အရသာခံချင်လို့  စားတာလား၊
ဗိုက်ဆာလို့  စားတာဆိုရင် ငါကစားတာ ဖြစ်တယ်။
ပါးစပ် ဆာလို့  အရသာခံချင်လို့  စားတာဆိုရင် ငါမဟုတ်တဲ့ အယောင်ဆောင် ကစားတာ ဖြစ်တယ်။ သည်လို နှစ်ပိုင်း ခွဲရပါမယ်။
သည်တော့ “ပါးစပ်က ဆာတာ” ရယ်။ “ဗိုက်က ဆာတာ” ရယ်- လို့  စကားနှစ်မျိုး ရှိလာ ပါတယ်။ တို့ မြန်မာ စကားမှာတော့ မရှိဘူး။ လူမျိုးငယ်တွေမှာတော့ သည်စကားရှိတယ်။ “ပါးစပ်ဆာတယ်ဆိုတာ စားစရာ ရှိတာကို အရသာခံချင်လို့  စားတာ”။
တကယ်တမ်း လူမှာ အာဟာရဓါတ် လိုအပ်လို့  စားတာမဟုတ်ဘူး။ အရသာခံနေကျမို့  စားချင်တာ မျိုးသာ ဖြစ်တယ်။ ဗိုက်ဆာတယ်ဆိုတာကျတော့ ပါးစပ်ဆာတာနဲ့  မတူဘူး တကယ့်ကို ကိုယ်ကာယကြီးက လိုအပ်လာလို့  ဗိုက်ဆာလာတာ ဖြစ်တယ်။

သည်တော့ လူမှာ
“ငါရယ်၊ ငါ-မဟုတ်တဲ့ အယောင်ဆောင် ငါ ရယ်”
သည်နှစ်မျိုး ရှိနေတာ ထင်ရှားပါတယ်။
သည်ထင်ရှားတာကို မြင်ပြီဆိုရင် ခင်ဗျားတို့  အရကောက်ချင်တဲ့ တဏှာကိုလည်း အရကောက်နိုင်ပြီ - လို့  ပြောလိုက်ရတယ်။ သည်တော့ သူတို့ ကလည်း “ပြောပါတာ့ ဘုရား” လို့  ပြောကြတယ်။

Website counter

Back to TOP