ဒုက္ခငြိမ်းအောင် သံသရာကို ချွတ်ရမယ်။ သံသရာ ကျွတ်အောင် သံသရာကို သိရမယ်။ သံသရာသိရင် သံသရာကို မလိုချင် ဖြစ်ပြီး စိတ္တဇ ပျက်မယ်။ စိတ္တဇ မရှိရင် ဘ၀မရှိ၊ ဘ၀မရှိရင် အဖြစ်အပျက် ငြိမ်းပြီး ဒုက္ခ ဇာတ်သိမ်းမယ်။ သတ္တ၀ါလောက ဇာတ်သိမ်းတာပေါ့။
ဗုဒ္ဓဘုရားဟာ သူ့ တသက်တာလုံး ဒါကိုပဲ ညွှန်ပြသွားခဲ့တယ်။ သူ့ နောက်လိုက် သံဃာလည်း ဒါကိုပဲ ကျင့်ပြီး ညွှန်ပြ ကြတယ်။ ဒါ ဗုဒ္ဓဘုရားရဲ့  အဆုံးအမ သာသနာပဲ။ ဒါကို သံဃာတပါး ဖြစ်တဲ့ အရှင်သာတိရဟန်းက အသိလွဲပြီး သေ ပြီးနောင်ဘ၀ကို ဘယ်လို ကူးမယ်လို့  လက်ခံဟောပြောတာကို ရဟန်း အများက ကြားပြီး အရှင်သာတိ ကို ကန့်  ကွက်ကြတယ်။ သူကလည်း ဘုရားက သည်အတိုင်း ဟောတာပဲလို့  ပြန်လုပ်နေလို့  ပြဿနာ ဟာ ဘုရားဆီ ရောက် တယ်။ ဘုရားဟာ အရှင်သာတိကို ငေါက်ပြီး တရားပြယူရတယ်။
တခြား သံဃာ တပါးဖြစ်တဲ့ အရှင်ယမက ကတော့ တရားရသူတွေ နောင်ဘ၀ မဖြစ်တော့ဘူး ဟောပြောနေတယ်။ ဒါကို ရဟန်းတွေက မှားနေကြောင်း ပြောကြတာ မရလို့  အရှင်သာရိပုတြာ ဖြောင့်ဖျ ပြောဟောမှ သူမှားပါတယ် ပြန် လုပ်တော့တယ်။
ဗုဒ္ဓဘုရားရဲ့  သာသနာဟာ သေပြီးနောင် ဖြစ်နဲ့ မဖြစ် အ၀င်ခံလို့  မဖြစ်ဘူး။ နဂိုကမှ လူနဲ့ သတ္တ၀ါ မကွဲပြားနေတဲ့ အထဲမှာ သေပြီးနောင် ဖြစ်တဲ့ အတိဓာဝနသဘော ၀င်ရင့် ဘယ်လိုမှ နားလည်လို့  မရနိုင်တာ ဖြစ်သွားမယ်။ ဒါ့ကြောင့် သည်နှစ်မျိုးကို မစ္ဆာဒိဌိဆိုပြီး အတိအလင်း သတ်မှတ်ခဲ့ တာပဲ။ သဿတမိစ္ဆာဒိဌိနဲ့  ဥစ္ဆေဒ မိစ္ဆာဒိဌိတွေ ဆိုပြီးပဲ။
သတ္တ၀ါ, လောကကို လူနဲ့ ခွဲခြား မမြင်တတ်သူဟာ သဿတ, ဥစ္ဆောဒမစ္ဆာ စိတ္တဇ အမြင်ဖြစ်တဲ့ ဒိဌိတွေလည်း မဖြစ် အောင် မတတ်နိုင်ကြဘူးပဲ။ သည်လို ကွဲပြားမှုကို ခွဲခြားသိတတ်တဲ့ အမြင်ဟာ စိတ္တဇ ကင်းတဲ့အမြင် သမ္မာဒိဌိ ဖြစ်တယ်။
သမ္မာဒိဌိဖြစ်မှ သမ္မာဒိဌိ ကိုလည်းသိ၊ မိစ္ဆာဒိဌိ ကိုလည်း သိတာပဲ။ သမ္မာဒိဌိ မရှိရင် သမ္မာဒိဌိ လည်းမသိ၊ မိစ္ဆာဒိဌိ လည်းမသိဘူး။ စိတ္တဇ ဖြစ်တာလည်း စိတ္တဇဖြစ်မှန်း မသိဘူး။ အမှား လုပ်လို့ လည်း အမှားလုပ်မှန်း မသိဘူး။ အမှား ဖြစ်နေလည်း အမှားဖြစ်နေမှန်း မသိဘူး။ သည်လိုမဖြစ်ဘဲ ဖြစ်တာ လုပ်တာတွေ သိမှာက သမ္မာဒိဌိ ရှိမှပဲ။
သတ္တ၀ါဟာ ကိုယ့်ကိုယ်ကို မသိသူပဲ။ ခွေးတွေ ကြောင်တွေ ငှက်တွေလည်း သူတို့ ကိုယ်ကို သူတို့  မသိကြဘူး။ သူတို့ ကိုယ်ကို သူတို့  ပြန်မြင်ရင် တခြားသူထင်ပြီး ရန်လုပ်ကြတာတွေ အများအပြားပဲ။ သတ္တ၀ါ တွေလည်း သူတို့  အဖြစ်ကို မသိကြဘူး။ ငါသတ္တ၀ါ ဖြစ်နေတယ် မသိဘူး။ ငါ့အဖြစ်ကို ငါချစ်တယ်ပဲ ဖြစ်တယ်။
အဲသည် သတ္တ၀ါက လောကမှာ အာရုံခံ အင်္ဂါတွေ ရှိကြတယ်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တွေပဲ။ အဲသည် မျက်စိ … … စတာတွေဟာ သတ္တ၀ါ၊ လော အပူးကပ်ခံရသူအတွက် အဲသည် သတ္တ၀ါ၊ လောကရဲ့  မျက်စိ … … စတာတွေ ဖြစ်တော့တာပဲ။ မြင်တဲ့ ကြားတဲ့ အစရှိတဲ့ အခါမှာ ပြင်ပမှာရှိ၊ မြင်စရာ အစရှိတဲ့ အာရုံတွေရဲ့  အရှိအတိုင်း မမြင်ကြ၊ မကြား၊ မတွေ့ ကြ၊ မသိကြဘူး။ စာသိတဲ့ မျက်စိ မရှိသူ အတွက် စာမဖတ်တတ်သလိုပဲ။
လူတွေဟာ သံသရာ လည်ပြီး သတ္တ၀ါ အပူးကပ်ခံရတော့၊ လူစိတ်ပျောက်ကာ အမြင်အမျိုးမျိုး ဖြစ်ကြတာပေါ့။ အလုပ်တွေလည်း အမျိုးမျိုး လုပ်ကြပြီး အဖြစ်တွေလည်း အမျိုးမျိုး ဖြစ်တော့ ရန်သူ ဖြစ်တာဖြစ်၊ မိတ်ဆွေ ဖြစ်တာဖြစ် ကြတာပဲ။ သည်တော့ တဦးနဲ့ တဦး ရန်တွေ၊ မာန်တွေ၊ ၀န်တို မိစ္ဆာတွေ များပြီး အမျိုးမျိုး ပြစ်မှားကြတာပဲ။
ဗုဒ္ဓဘုရား သာသာနာ ပျောက်ကွယ်ရပုံ
ဗုဒ္ဓဘုရားဟာ တဦးနဲ့ တဦး ပြစ်မှား ကြတာတွေကြောင့် ပျက်စီးနေတဲ့ သတ္တ၀ါ၊ လောကကြီး ငြိမ်းသွားဖို့  ကြည့်စရာ သံသရာကို ဖော်ပြပြီး အများသူငါတွေ ကြည့်နိုင်ကြအောင် သာသနာကို တည်ဆောက်ခဲ့တယ်။ သူ့ သံသရာ တရား ကို နားလည်နိုင်သူ ရှားမှာကို တွေးပြီး သာသနာ တည်ဆောက်မှုကို ၀န်လေးခဲ့သေးတယ်။ ၀န်လေးပေမယ့် ဖြစ်တဲ့ နည်းနဲ့  သာသနာကို ဆောက်ခဲ့တယ်။ အမြုတေ သာသနာပေါ့။ သူ့ လို စွန့် လွှတ် စွန့် စားလိုလောက် သူတွေကို ဟောပြောပြီး အဲသည်သူတွေကို သည်သာသနာဖြန့် ဝေတဲ့ ၀န်ကို ခွင့်ပြုတာပဲ။
သူသာသနာ့ ၀န်ထမ်းတွေကို လူတွေက ကြည်ညိုကြတာ တွေ့ ရတယ်။ ဒါပေမယ့် သည်သာသနာ လူထဲမှာပြန့် ပြီး လူတွေအားလုံး သတ္တ၀ါ၊ လောက ကျွတ်ကုန်ကြဖို့ တော့ အတော်ပဲ မနီးစပ်နိုင်အောင် ရှိတယ်။ ဗုဒ္ဓဘုရားဟာ အဲသည်လောက်ပဲလုပ်ပြီး လွန်တော်မူတာပဲ။
ဗုဒ္ဓဘုရား လွန်ပြီးနောက်မှာ သာသနာ့ ၀န်ထမ်းတွေဟာ ဗုဒ္ဓဘုရား ညွှန်ပြခဲ့တဲ့ အဆောင်တွေနဲ့  အသိပေးခဲ့တာတွေ ကို စုဆောင်းပြီး လူတွေ သံသရာသိအောင် ဆက်ဖြန့် ကြတယ်။ ဖြန့် ကြတာကြောင့် လူတွေ သံသရာ ဘယ်လောက် သိကြသလဲတော့ မပြောနိုင်အောင်ပဲ။ ဒါပေမယ့် ဖြန့် သူ ၀န်ထမ်း အရေ အတွက်နဲ့  ဖြန့် ကျက်တဲ့ နယ်ဒေသတွေ တော့ များလာတာ တွေ့ ရတယ်။
ဗုဒ္ဓဘုရား လွန်ပြီးနောက် နှစ်တရာအကြာမှာ သာသနာဟာ ယူပီနဲ့ ဗီဟာ သည်နှစ်နယ်အပြင်ဘက် ထွက်လာပြီး ဣန္ဒိယ အနှံ ရောက်နေတယ် ပြောလောက်တဲ့ ပုံရှိတယ်။ သာသနာ့ ၀န်ထမ်းအတော်များများဟာ ရှေးဓလေ့ တချို့  စွန့် လာကြပြီး လူနဲ့ ဝေးရာကို ကျောခိုင်းပြီး လူနဲ့  နီးနီးနေပြီး လူ့ ဓလေ့ တချို့  လိုက်လာတာ တွေ့ ရတယ်။
သည်လိုဖြစ်ဖို့ လည်း အကြောင်းတွေ ရှိလောက်ပါတယ်။ ခေတ်ကာလလည်း ပြောင်းလာပြီး နေရာဒေသလည်း ပြန့်  လာတယ်။ ကိုးကွယ် ဆည်းကပ်ကြတဲ့ လူတွေလည်း များလာတယ်ပေါ့။ နောက်တကြောင်းက သူ့ အသိပေးချက် နုတ်ဖို့ အခွင့်ကို သံဃာ့ထံ ပေးခဲ့တာပဲ။
အကြောင်းတွေ ဘယ်လိုရှိရှိ၊ အသိပေးချက်နဲ့ အညီမနေတာကို မကျေနပ်တဲ့ ၀န်ထမ်းတွေလည်း ရှိနေကြတယ်။ သူတို့ က ၀န်ထမ်း ခုနှစ်ရာနဲ့  ဗုဒ္ဓဘုရား အသိပေးချက်တွေ အခိုင်အမာ အတည်ပြုကြတယ်။ အဲဒါကို တုန့် ပြန်ပြီး တဘက်ကလည်း ၀န်ထမ်း တသောင်း နဲ့ လူတို့ လုပ်တာအတိုင်း အတည်ပြုကြတယ်။ သည်တော့ သာသနာ့ ၀န်ထမ်း ကွဲပြီပေါ့။
နှစ်ဘက်လုံး ဘယ်သူမှ သာသနာ့ ၀န်ထမ်း မဟုတ်ဘူးလို့ လည်း ပြလို့ မရကြဘူး။ တရားဝင်လို့ ပေါ့။ လွဲရင်တော့ တဖက်နဲ့  တဖက် ဆေးဖော်ကြောဖက် ပျက်ပြီပဲ။ ကွဲတဲ့ အစဟာ နောက်ထပ်လည်း ကွဲဖို့ တွေပေါ့။ သာသနာဟာ ဣန္ဒိယ တပြည်လုံးကို ဖြန့် ရတော့ ဣန္ဒိယရဲ့ ရှေးဟောင်း အယူတွေရဲ့ တုန့် ပြန်မှု အမျိုးမျိုးကိုလည်း ရင်ဆိုင်ရမှာပဲ။ သည်လိုအဖြစ်ဟာ သာသနာ့ဝန်ထမ်းတွေ နောက်ထပ်ကွဲဖို့  ဖြစ်လိမ့်မယ်။
အဲသည် အချိန်မှာ ဣန္ဒိယကို စန္ဒဂုတ် မင်းလုပ်လာတယ်။ စန္ဒဂုတ်ကို အနောက်ဘက်က တိုက်လာတာကို စန္ဒဂုတ် လက်လွှတ် ခဲ့ရပြီး စန္ဒဂုတ်ကို သူ့ အမတ် စာဏကျက ငြိမ်းချမ်းရေး လုပ်ဖို့ အကြံပေးတဲ့ အတိုင်း စန္ဒဂုတ်က တိုက်လာ သူနှင့် ငြိမ်းချမ်းရေး လုပ်လိုက်ရတယ်။ စာဏကျဟာ တိုင်းပြည်အင်အား မရှိရခြင်း အကြောင်းရှာရတဲ့အခါ ဗုဒ္ဓဘာသာဟာ အရင်းခံ ဖြစ်နေတာကိုတွေ့ ပြီး ဥပါယ်တွေသုံးတယ်။
ယူပီနဲ့ ဗီဟာ အပြင်ဘက်နယ်ပယ်တွေဟာ ဟိန္ဒူ လွှမ်းမိုးခဲ့တဲ့ နယ်တွေပဲ။ သည်နယ်တွေက ဗုဒ္ဓဘာသာတွေ ဟိန္ဒူ တဖြစ်လဲတွေ ဖြစ်ကြတယ်။ စာဏကျနဲ့  အုပ်ချုပ်သူတွေဟာ ဗုဒ္ဓဘုရားကို ဟိန္ဒူ ဘုရား ၀င်စားသူ ဖြစ်ကြောင်း၊ ဒါကြောင့် ဟိန္ဒူကိုးကွယ်သူတွေဟာ ဗုဒ္ဓဘုရားကို ကိုးကွယ်ပြကြတာတွေ လုပ်ကြတယ်။ ဟိန္ဒူက ဖြစ်လာတဲ့ ဗုဒ္ဓ ဘာသာတွေ အတွက် ဗုဒ္ဓဘုရားကို ဟိန္ဒူဘုရား ၀င်စားအဖြစ် လက်ခံဖို့ မှာ အခက်အခဲ မရှိအောင်ပဲပေါ့။
ဗုဒ္ဓဘာသာက နှစ်တရာ ကိုးဆယ်အတွင်းမှာ ဟိန္ဒူ ဘာသာဝင်လူတွေကို မျိုတာ၊ ဟိန္ဒူများ မခုခံ မကာကွယ်နိုင်ရာက ဟိန္ဒူဘာသာက ဗုဒ္ဓဘာသာကို ပူးသတ်တဲ့ လုပ်ငန်း လုပ်လာတာပဲ။ ဗုဒ္ဓဘုရားသည်ပင် ဟိန္ဒူဘုရားဝင်းစား လို့ ပဲ။ ဗုဒ္ဓဘုရား သိသူများ အနေနဲ့  ဒါဟာ လက်မခံနိုင်စရာဖြစ်တယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်များ အနေနဲ့ လက်မခံချင် စရာ မရှိအောင်ဘဲပေါ့။ အကြောင်းကတော့ ဗုဒ္ဓဘာသာဝင် တွေဟာ ဗုဒ္ဓဘုရားကို သိဖို့  မလွယ်လို့ ပဲ။ ဗုဒ္ဓဘုရားရဲ့  သံသရာဟာ လူမဟုတ်ကြောင်း ( အနတ္တတရား) ကို ပီပီပြင်ပြင်မြင်မှ ဗုဒ္ဓဘုရား သိတာပဲ။
သာသနာ့ဝန်ထမ်းများကလည်း လူအများကို ယုံကြည် လက်ခံလာကြဖို့ ပဲ ဆွဲဆောင်ကြမှာပဲ။ ယုံကြည်ရင် ကိုယ့်ဝိုင်း ထဲရောက်ပြီ ဖြစ်တဲ့အတွက် အနတ္တ ဉာဏ်သွင်းဖို့  မခက်ဘူးလို့  မှတ်မှာပဲ။ ပြီးတော့သာသနာ့ ၀န်ထမ်းများဟာ ယုံကြည်ချင်ဖွယ်လည်း ရှိကြတာပဲ။ ကိုယ်ကျိုး တစက်မှ မငဲ့ကွက်ဘဲ လူအများ လွတ်လပ်လမ်းကို အခွင့်အရေး နည်း နည်းမှ မယူဘဲ ၀န်ထမ်းနေသူတွေလို့  မြင်ကြရမယ် မဟုတ်ပါလား။ ပြီးတော့ အယုတ်အလတ် အမြတ် မရွေး လူတန်းစား လေးပါးလုံး တလုံးတည်းထဲ ဖြစ်နေတာပဲ ယုံကြည်တယ်ပေါ့။
ဟိန္ဒူဘာသာ ခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာရဲ့  အဲသည် အတိုက်အစားကို မကာကွယ်နိုင်ကြဘဲ သူတို့ ဘာသာ ၀င်တွေ ဗုဒ္ဓဘာသာ ဖြစ်သွားတာကို လက်ပိုက်ကြည့်နေကြရတယ်။ ဒါကြောင့် ဣန္ဒိယ တတိုက်လုံး ဗုဒ္ဓဘာသာ ပြန့်  ပြီပေါ့။ ဗုဒ္ဓဘာသာဝင်တွေဟာ သာသနာ့ ၀န်ထမ်းတွေရဲ့  ဘ၀လမ်းညွှန်မှုအောက်မှာ ရှိကြတယ်။ သာသနာ့ဝန်ထမ်း တွေဟာ ဗုဒ္ဓဘာသာဝင်တွေကို စစ်တိုက်ဖို့  အားပေးမှာ မဟုတ်ဘူး။
ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ စစ်မတိုက်လို့  အနောက်ကလာတိုက်တဲ့ စစ်ကို မတွန်းလှန်နိုင် ဖြစ်တာလည်း အမှန် ဖြစ်မှာပဲပေါ့။ သည်တော့ စာဏကျဟာ ဟိန္ဒူတွေ ဗုဒ္ဓဘာသာလုပ်တာ မတားနိုင်တော့ ဗုဒ္ဓဘုရားကို ဟိန္ဒူကမျိုတဲ့ ဇာတ်လမ်း ၀ါဒဖြန့် တော့တာပေါ့။ ဟိန္ဒူမှာ အဲသည်ထုံးစံလည်း ရှိတယ်။
ဟိန္ဒူဘာသာဆိုတာ ဟိန္ဒူနယ်မြေက ပေါက်ပွားတဲ့ ဘယ်ကလာ မဆိုရဲ့ အမည်ပဲ။ ဗုဒ္ဓဘုရားလည်း ဟိန္ဒူနယ်မြေ ပေါက်ဘုရားဆိုတော့ ဟိန္ဒူထဲ အသွင်းခံရတာ မဆန်းတဲ့ လုပ်ရပ်ပဲ။ ဟိန္ဒူဘာသာထဲမှာ မီးလည်း ရှိတယ်။ မီးရဲ့ ဆန့်  ကျင်ဘက် ရေလည်း ရှိလို့ ရတယ် ဆိုတာမျိုးပဲ။ တခုနဲ့ တခု ဆန့် ကျင်ချင် ဆန့် ကျင်ပါစေ၊ အဲဒါ အရေးမဟုတ်ဘူး။ ဟိန္ဒူနယ်မြေပေါက် ဖြစ်ဖို့ ပဲ ပဓာနလိုတာ မဟုတ်လား။ သည်တော့ သည်ဇာတ်လမ်း ခင်းလို့ ရတာပေါ့။ ဗုဒ္ဓဘာသာ ဆည်းကပ်သူတွေဟာ တချိန်က ဟိန္ဒူဘာသာကိုးကွယ်မှုက ဆင်းသက်လာကြသူတွေဖြစ်တဲ့ အလျှောက် ဗုဒ္ဓဘုရား က ဟိန္ဒူဘုရား ၀င်းစားဖြစ်တယ် ဆိုတာအတွက် ရှောရှော ရှူရှူ လက်ခံကြဖို့ ပဲ ဖြစ်တယ်။ "ဒါဟာ ဗုဒ္ဓဘာသာ ပျောက်ဆုံးတဲ့ လမ်းစပဲ။"
ယောက်ျားနဲ့  မိန်းမ လင်မယားမှာ ယောက်ျားက မိန်းမယူတယ်ပြောပြီး မိန်းမကလည်း ယောက်ျားယူတယ် ပြောတယ်။ နှစ်ယောက်စလုံးက ယူလို့ တော့ မရနိုင်ဘူး။ တယောက်ပဲ ယူနိုင်ပြီး တယောက်က အယူခံရလိမ့်မယ်။ ဗုဒ္ဓဘာသာနဲ့  ဟိန္ဒူလည်း ဗုဒ္ဓဘာသာက ဟိန္ဒူဘာသာဝင်များကို ယူတယ်၊ ဟိန္ဒူဘာသာက ဗုဒ္ဓဘုရားကို ယူတယ် ဆိုတော့ ဗုဒ္ဓက ယူတာလား၊ ဟိန္ဒူက ယူတာလား။ နှစ်ဦးတော့ ယူလို့ မရဘူး။ တဦးက အယူခံရလိမ့်မယ်။
စားစရာနဲ့  စွန့် စရာရောရင် ဘယ်သူပျက်မလဲ ဆိုရင် စားစရာပျက်မှာပဲ။ အမှားနဲ့ အမှန်ရောရင် အမှန်ပျက်မြဲပဲ။
ဗုဒ္ဓဘုရားကို ဟိန္ဒူဘုရား ဗိရှနု (ဗိဿနိုး) ၀င်စား အလုပ်ခံရရင် ဗုဒ္ဓဘုရားရဲ့  ဓမ္မအားလုံးပျက်ပြီ၊ ဓမ္မပျက်ရင် ဓမ္မ သိလို့  ဖြစ်ရတဲ့ ဗုဒ္ဓဘုရားအဖြစ်လည်း ပျက်ပြီပေါ့။ ဗိရှနုဟာ ဟိုဝင်သည်ထွက်လုပ်နေတဲ့ ဘုရားပဲ။ ဗုဒ္ဓဘုရားလည်း ဟိုဝင် သည်ထွက်လုပ်ရပြီပေါ့။ သတ္တ၀ါတွေ သည်လို ၀င်ထွက်သွားလာဖို့  ကံတွေလုပ်ကြရတယ်။ ရှေ့ နောက်တွေကို လက်ခံကြတယ်။ ဗုဒ္ဓဘုရား ဟောပြောတဲ့ ကံနဲ့ သံသရာ အသက်ထွက်ရပြီပေါ့။ ပဋိစ္စသမုပ္ပါဒ် အသက်ထွက်ရင် အရိယသစ္စာ ဆိုတာ နာမည်ပဲကျန်မယ်။ ဘယ်သူမှ အနက်ထင်လို့  မရတော့ဘူးပဲ။ အရိယ သစ္စာတရားကွယ်ရင် ဗုဒ္ဓဘုရား အကွယ်ခံရတာပဲ မဟုတ်လား။
မိဘ ပျောက်တဲ့သားငယ်ဟာ နို့ ငတ်တော့ ချိုလိမ်စုပ်ရသလို အရိယသစ္စာ အပျောက်ခံရတဲ့ ဗုဒ္ဓဘာတွေဟာ ပရမတ္တသစ္စာကို အရိယသစ္စာ အခွံတွေထဲ သင့်လျော်သလို ၀င်အောင်သွင်းပြီး အဘိဓမ္မာ သမုဒ္ဒရာကြီးမှာ ကူးခတ်နေ ကြရတော့တယ်။
ဗုဒ္ဓဘုရားရဲ့  ဓမ္မတွေဟာ အဲသည် အချိန်မှာက စာပေါ်မှာ မရောက်ကြသေးဘဲ သာသနာ့ဝန်ထမ်းတွေရဲ့  နှုတ်ခမ်း မှာပဲ ရှိကြတယ်။ အဲသည် ၀န်ထမ်းတွေက ယူပီနဲ့ ဗီဟာ ပြည်နယ်သား အနည်းအပါးထက် မပိုနိုင်တာလည်း အသေ အချာပဲ။ ဗုဒ္ဓဘုရား တွေ့ ဖူးသူနဲ့ နှစ်ဆက်သုံးဆက်မက ဝေးသူတွေ ဖြစ်ကြမှာလည်း မလွဲဘဲ။ ပြီးတော့ အဲသည် အချိန်က အာဏာရှိသူတွေရဲ့  ချီးမြင့်မြှောက်စား မခံရယုံမျှမက မင်းရဲ့  ဖိနှိပ်မှုမြှားဦး ရောက်လာတာ ခံရသူတွေလည်း ဖြစ်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်တယ်။
အဲသည်ကာလကို ဖြတ်ကျော်နေရတဲ့ သာသနာ့ ၀န်ထမ်းတွေဟာ အာဏာရှိသူရဲ့  ပေါ်လစီ , ခေတ်လို ခေါ်ရတဲ့ နိုင်ငံ ရေး ဆိုင်ရာ အမြင်ကို ပဓာန ပြုချက် မုန်တိုင်းရဲ့  မွှေနှောက် တိုက်ခိုက်တာကို လွန်ဆန်လို့  ရကြမှာ မဟုတ်တာပဲ။ သည်တော့ သဘောတရား အမြင်တွေလည်း ကွဲကြမယ်။ အစုတွေလည်း ကွဲကြမယ်။
အမြင်မတူကြရင် အကျင့်မတူနိုင်တာ ဓမ္မတာပဲ။ အကျင့် မတူကြရင် အနေလည်း မတူကြမှာပဲ။ အနေမတူကြရင် တူသူလောက်နဲ့ ပဲ စုနေမိမှာပဲ။ စုနေသူတွေဟာ အစုညီရင် နီးတဲ့ သဘော တရားကို အမှန်ကို လုပ်ကြမှာပဲ။ အဲဒါကို အမှန်လုပ်ရင် ဒါကလွဲတဲ့ လမ်းတွေအားလုံး အမှားလို့  လုပ်မိမှာပဲ။ သည်လိုဆိုတော့ သူတို့ ဟာ ဂိုဏ်းဖြစ်သွားတာပဲ။ ဂိုဏ်းဖြစ်သွားရင် ဂိုဏ်းစည်းကမ်းတွေလည်း ထားသွားကြလိမ့်မယ်။
ဒါကြောင့် တဂိုဏ်းနဲ့ တဂိုဏ်းဟာ ဓမ္မလည်းကွဲ၊ ၀ိနယလည်းကွဲ ဖြစ်ပြီး သည်နေ့  ထေရ၀ါဒနဲ့  မဟာယာန သာသနာ့ ၀န်ထမ်း အချင်းချင်းတွေဟာ သာသနာ့ဝန်ထမ်း အချင်းချင်းအဖြစ် ကံကြီးကံငယ်တွေ ပူးပေါင်း ဆောင်ရွက် နိုင်ကြသ လိုမျိုး အားလုံး ပူးပေါင်း မဆောင်ရွက် နိုင်ကြတော့တာပဲ။
အဲဒီကာလ ကုန်ဆုံးချိန်ဖြစ်တဲ့ သာသနာ နှစ်ပေါင်း ၂၃၅ နှစ်အရောက်မှာ ဂိုဏ်းပေါင်း ၁၈ဂိုဏ်း ဖြစ်နေတာ တွေ့ ရ တယ်။ အဲသည်ထဲမှာ ၀ိနည်း မပြင်ချင်တဲ့ ဂိုဏ်းက ၁၂ဂိုဏ်း၊ ပြင်ချင် တဲ့ဂိုဏ်းက ၆ဂိုဏ်းပဲ။
ဝိနည်း မပြင်ချင်တဲ့ ၁၂ဂိုဏ်းထဲက တဂိုဏ်းဟာ အဘိဓမ္မာဆိုပြီး ဗုဒ္ဓဘုရား ဟောပြောခဲ့ချက် တွေပဲ ဆောင်တယ် ဆိုတာထက် ပိုဆောင်ပုံရတယ်။ ဒါလည်း ကန့် ကွက်စရာတော့ မရှိအောင် ဖြစ်မှာပဲ။ ဗုဒ္ဓဘုရား ဟောပြောခဲ့တဲ့ အရိယ သစ္စာဓမ္မတွေကို မြင်လွယ်တဲ့အဖြစ် ရောက်အောင် လုပ်ရတာ ဖြစ်တယ်လို့  မှတ်ယူကြလို့ ပဲ။ အဲသည်အချိန် က သာသနာ့ ၀န်ထမ်းအားလုံးရဲ့  အမြင်မှာ ပဋိစ္စသမုပ္ပါဒ် တရားမှာ လာတဲ့ ကံဟာ မမွေးမီကကံပဲလို့ နဲ့  ဇာတိ,ဇရာ, မရဏဟာ သေပြီးနောင်မှ ဖြစ်တဲ့ ဇာတိ,ဇရာ,မရဏပဲလို့  တညီတညွတ် နားလည်ပြီးသွားကြလို့  သည်ဝဋ်တွေဟာ သုံးဘ၀ (ခု,နောက်,နောင်) ဆက်ပြီးလည်မှ သံသရာ လို့  သိနေကြသူတွေပဲ။
သည်တော့ သူတို့ အမြင်မှာ အရိယသစ္စာ ဒုက္ခဟာ ခု,နောက်,နောင် ဘ၀တွေ ဖြစ်နေပြီး ဒုက္ခနိရောဓ နိဗ္ဗာန်က အဲဒါ တွေ မဖြစ်တော့တာလို့ ဖြစ်တော့ နိဗ္ဗာန်ရောက်ကြောင်း ဒုက္ခနိရောဓ ဂါမိနိ ပဋိပဒါအဖြစ် ခု,နောက်,နောင် ဘ၀တွေ ကို သာယာတဲ့ တဏှာဆိုတာ သေဖို့  လူကို မမြင်စေနိုင်တဲ့ လူ့ အစိတ်အပိုင်း ရုပ်ဓာတ်,နာမ်ဓာတ်တွေကို ကြည့်တာ ပဲပေါ့။ သမုဒယ အရိယ သစ္စာဆိုတာ ရုပ်နာမ်ကို မမြင်လို့ ဃာနတွေ သဏ္ဌာန တွေမြင်ပြီး စွဲနေတာတွေလို့  လုပ်ကြ တယ်။
သည်တော့ အရိယ သစ္စာဟာ ကံနဲ့ လားလားမှ မဆိုင်တော့ဘဲ ပရမတ်မြင်မှု, မမြင်မှု သက်သက်နဲ့ ပဲဆိုင်တာ ဖြစ်ပြီ ပေါ့။ (ပရမတ်) မြင်ရင် 'မဂ္ဂနဲ့ နိရောဓ' ၊ (ပရမတ်) မမြင်ရင် 'သမုဒယနဲ့ ဒုက္ခ ' လို့  လုပ်ကြတာပဲ။
ဒါ့ကြောင့် အဲသည်ကာလက သာသနာ့ ၀န်ထမ်းတွေ ဟာ ကံရဲ့  အခန်းကဏ္ဍ ပျောက်ပြီး ပရမတ်ရဲ့  အခန်း ကဏ္ဍ အပေါက်ကြီး ပေါက်သွားကြသူတွေ ဖြစ်ကြတယ်။ အဲသည် သာသနာ့ ၀န်ထမ်း ဂိုဏ်းတွေထဲမှာ ပရမတ်တွေ စုစည်း ဖော်ထုတ်ဝေဖန်တဲ့ ကျမ်းစာရှိတဲ့ ဂိုဏ်းဟာ ရှေ့ တန်း အရောက်ဆုံး ဂိုဏ်း ဖြစ်မှာပဲ။
အဲသည်အချိန်က တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူဟာ ဣန္ဒိယပြည်အလုံးကို သိမ်းကြုံးအုပ်ချုပ်နိုင်သူဖြစ်တယ်။ သူ ကိုးကွယ် ယုံကြည်ရာဟာ ဗြဟ္မဏဘာသာလို့  သိရတယ်။ သူဟာ မင်းဖြစ်ဖို့  သူ့ မွေးချင်းတရာလောက်ကို သတ်ဖြတ်ခဲ့သူပဲ။ ဣန္ဒိယအလုံးကို ဓါးမိုးပြီး အုပ်ချုပ်နိုင်ပေမယ့် ဓါးမိုးနိုင်အားကျရင် ဘယ်လိုလုပ်ရမလဲ စိတ်ရှုပ်ခံနေ ရချိန်မှာ သာသနာ့ဝန်ထမ်းလောင်း ကိုရင်ကလေးက ဆွေးနွေးပြတဲ့ တရားဟာ သူ့ စိတ်ရှုပ်အတွက် ထွက်ပေါက် အဖြစ် လင်းချင်းသွားစေတယ်။
သူ့ အမြဲတမ်း စစ်သည်တွေဟာ လခရိက္ခာ အများ အပြားနဲ့ တည်ဆောက်ထားရတယ်။ ရန်သူကို မနှိမ်နင်း နိုင်တာ လည်း ရှိနိုင်တယ်။ သာသနာ့ ၀န်ထမ်းတွေဟာ အများအပြားပဲ။ ဒေသတိုင်းက လူသူအားလုံးနဲ့ လည်း နီးစပ်တယ်။ သူတို့ ရဲ့ တရားညွှန်ချက်က အခုကောင်းနေတာဟာ မမွေးမီက ကံကြောင့်ပဲ။ အခုဖြစ်နေတာတွေဟာ ဘ၀သံသရာ ဒုက္ခတွေ ဖြစ်လို့  ဒုက္ခငြိမ်းရာ နိဗ္ဗာန်ရောက်ဖို့  ငါဟာ ဘာမှ မဟုတ်လို့  ရှု ရမယ် ဆိုတာတွေပဲ။
သည်တော့ စစ်သည်ရိက္ခာ ဘဏ္ဍာကုန်ကျမှု လျှော့ပြီး သာသနာ့ ၀န်ထမ်းတွေ အတွက် သုံးလိုက်ရင် ပြည်သူတွေ ဟာ အစွယ်အချိုးခံထားရတဲ့ မြွေတွေလိုဖြစ်ပြီး သူတို့ ကို ဗိုလ်ကျ အုပ်ချုပ်နေတဲ့ ငါတို့ ကိုလည်း မမွေးမီ ကကံအလျောက် ဖြစ်တာတွေလို့  မြင်ပြီး မနာလို မရှုစိမ့် မဖြစ်ဘဲ အေးချမ်းမှုတွေ ပြီးမြောက်မယ်။
ဒါကြောင့် ကိုရင်လေးနဲ့ အတူ ကိုရင်ရဲ့  နိသျာစရိယ၊ ဓမ္မာစရိယ၊ ဥပဇ္ဈာစရိယ၊ ဂဏစရိယတွေရှိတဲ့ ၀ိဘဇ္ဇ၀ါဒီဂိုဏ်း၊ ဗုဒ္ဓဘာသာ သာသနာ့ဝန်ထမ်းတွေကို ဆည်းကပ်သူ လုပ်တာပဲ။ ရေတွင်း ရေကန် ကျောင်းဘုရားတွေ သောင်းချီပြီး လုပ်တယ်။ သာသနာ့ ၀န်ထမ်း (၁၈)စု ကွဲနေတာကို မင်းအာဏာနဲ့ ပြန်တွဲစေတယ်။ အောင်ပွဲအဖြစ် တရားတွေကို ညှိနှိုင်းပြီး အတူရွတ်စေတယ်။
ညှိနှိုင်းတာကို မှတ်တမ်းတင်ထားတဲ့ အတွက် သည်နေ့ အထိသိခွင့်ရတယ်။ အဲသည်မှာ အရိယသစ္စာဆီရောက်တဲ့ ညှိနှိုင်းတာ မတွေ့ ရတော့တဲ့ အတွက် အချည်းနှီး ဖြစ်တာလည်း သိရတယ်။ ဘုရားဟောခဲ့တဲ့ တရားထက် အပိုအလွန် ဖြစ်တဲ့ (အဘိဓမ္မာ) တရားလည်း အဲသည်ပွဲမှာ ရွတ်ဖတ်တာထဲ ပါတာတွေ့ ရတယ်။ သည်တော့ သည်တရားဟာ သာသနာရဲ့ တရားဝင်တရားလို့  အဖြစ်ခံရသွားတာပေါ့။
သည်သူဟာ အတော်ဆန်းတာပဲ။ ဓမ္မစက်ထဲကို အာဏာသွင်းပြီး အဲသည်ကထွက်လာတဲ့ ဓမ္မစက်ကို သူ့  အုပ်ချုပ်မှု အာဏာစက်ထဲ သွင်းပြီး အုပ်ချုပ်သွားသူပဲ။ အဲသည်တော့ သူဟာ တရားမင်းလို့ တော့ အဖြစ်ခံရတာပေါ့။ နောက်ဆုံး မှာတော့ သူလည်း ဓမ္မစက်ရဲ့ ၀ါးမျိုခံသွားရတာပဲ။ သူ့ သားကို သာသနာ့ဝန်ထမ်း ထမ်းစေတယ်။ သမီးလည်း သည်လိုပဲ။ ညီလည်း သာသနာ့ဘောင် ပို့ တာပဲ။ သူမသေခင် ထီးမွေနန်းရာ တူကိုပေးရတယ်။ တူက သည်သာသနာ ကိုတောင် မဆည်းကပ်တော့ဘူး။
သူမရှိတဲ့နောက်မှာ သာသနာ့ ၀န်ထမ်းတွေဟာ ကွဲမြဲကွဲကြတာပဲ။ ဗမာဘုရင်မင်းတုန်းက ပွဲကျောင်းသာသနာ့ ၀န်ထမ်းတွေ ပယ်ဖျက်ခဲ့ပေမယ့် အင်္ဂလိပ်မင်း လက်ထက်မှာ ပြန်ပေါ်တာမျိုး ပေါ့။ အဲသည်မင်း မရှိတဲ့နောက် အဲသည် အင်ပါယာကြီး ပျက်စီးခြင်း ဆိုက်တယ်။
သည်မင်းလုပ်တာ မမှန်ပေမယ့် ဒါကို နောင်အခါ ဗုဒ္ဓဘာသာ ဆည်းကပ်ကြတဲ့ မင်းတွေ မသိကြဘူး။ အားလုံးပဲ သည်မင်း နမူနာအတိုင်း လုပ်ကြတယ်။
ဆက်လက်ဖော်ပြသွားပါမည်
ဒုက္ခငြိမ်းအောင် သံသရာချွတ်ရမယ်
Labels:
ဗုဒ္ဓ ဘုရား သာသနာနှင့် မြန်မာပြည်