လူဟာ ဒုက္ခမဟုတ်

သတ္တ၀ါ လောကနဲ့  လူကို ခွဲခြား မသိတော့ ဒုက္ခရောက်ပြီဆိုရင် ဒုက္ခနဲ့  ဒုက္ခခံရတဲ့လူ မကွဲတော့ဘူး။ လူ ရောဂါရရင် လူဒုက္ခရောက်တယ် ပြောရတယ်။ အဲသည်မှာ လူနာဟာ ရောဂါနဲ့  လူကို အတူလို့  ထင်နေပေမယ့် ဆေးဆရာဆီ အပ်တဲ့ အခါ ဆရာက ရောဂါဟာ လူမဟုတ်ဘူး သိပေးပြီး လူဆီက ရောဂါကို ထွက်သွားအောင်း လုပ်ပေးတယ်။

ရောဂါရလို့  ဒုက္ခရောက်တဲ့ လူဆီမှာ လူဟာ ဒုက္ခမဟုတ်ဘဲ ရောဂါပဲ ဒုက္ခဖြစ်တာ ပေါ်လွင်တယ်။ လူကတော့ ဒုက္ခကို ခံရသူပဲပေါ့။ ဒုက္ခနဲ့  ဒုက္ခခံရသူဟာ ကွဲရလိမ့်မယ်။ ဒုက္ခဟာ ဒုက္ခခံရမှာ မဟုတ်ဘဲ၊ ဒုက္ခခံရတာဟာလည်း ဒုက္ခမဟုတ်ဘူးလို့ ပေါ့။

လူ ဒုက္ခရောက်တယ် ဆိုတာမှာလည်း စကား ပြည့်ပြည့်စုံစုံ ပြောရင် လူမှာ ဒုက္ခရောက်တယ်လို့  ပြောရမှာပဲ။ လူ ဒုက္ခ ရောက်တယ်လို့  ပြောရင် လူနဲ့  ဒုက္ခ အတူဖြစ်နေမယ်။ လူမှာ ဒုက္ခရောက်တယ် ဆိုမှ လူက ဒုက္ခရဲ့  အရောက်ခံနေရာ၊ ဒုက္ခဟာ လူဆီမှာ ရောက်လာတဲ့ အရာ၊ သည်လို ကွဲပြားမယ်။ ဒါမှ ဒုက္ခနဲ့  လူ အတူမဟုတ်တာ ပေါ်လွင်မယ်။ တကယ်လည်း ဒုက္ခနဲ့  လူဟာ အတူ မဟုတ်ကြဘူးပဲ။

ဒါလည်း ကွဲကွဲပြားပြား မသိကြဘူး။ ဒုက္ခနဲ့  လူဟာ တခုတည်းလို့  အဘိဓမ္မာ ထုတ်ကြတယ်။ သည် လူ့ အဖြစ်ရဲ့  အစိတ် အပိုင်းတွေ ဖြစ်တဲ့ ရုပ်ဓာတ်၊ နာမ်ဓာတ် တွေဟာ ဥပါဒ် ဌီ ဘင် တွေအဖြစ် ပြောင်းလဲနေတာတွေပဲ။ ဒါတွေဟာ ဒုက္ခတွေပေါ့လို့  လုပ်ကြတယ်။ ပြီးတော့ သည်ရုပ်ဓာတ် နာမ်ဓာတ် တွေဟာ မမွေးမီက လုပ်ခဲ့တာတွေ ကြောင့် ဖြစ်နေတာတွေလို့  မသိရာမှာ အကြောင်းချပြကြတယ်။

ရောဂါ တခုဟာ ကုသဖို့  ဆေးဝါးနဲ့  အသိဥာဏ်ရှိ မခံရတော့ဘူး ဆိုရင် သည်ရောဂါဟာ ၀ဋ်နာ ကံနာ ဆိုပြီး မမွေးမီ ချပြကြတာလို့  ပါပဲ။ သည်ရုပ် သည်နာမ်ဟာ မမွေးမီက အကြောင်းကြောင့် ဖြစ်တာ ဆိုတော့ အဲသည် အထိလည်း လူ့ အသိက မလိုက်နိုင်ကြတော့ ကိစ္စငြိမ်း လုပ်လိုက်တာပဲပေါ့။ လူဟာ လူမသိရာဆီ ခေါ်သွား ခံရပြီးဆိုရင် သည်လူ ဟာ ဘာပြောနိုင်တော့မှာလဲ။ သည်လူ့ အသံ တိတ်ရပြီပေါ့။ သည်လို အသံတိတ်အောင် လုပ်တာဟာ ကောင်းခြင်း တော့ မဟုတ်လှဘူး။

ဒုက္ခဟာ လူပေါ်ဖြစ်တဲ့ သံသရာ
ဒုက္ခဟာ လူမဟုတ်ဘဲ လူဆီရောက်လာတဲ့ လူက တခြားဖြစ်တဲ့ အရာဆိုတော့ အဲသည် အရာကို သရုပ်ခွဲ ပြဖို့  လိုတာပေါ့။ အဲဒါ သံသရာပဲ။ လူက သံသရာ မဟုတ်ဘူး။ သံသရာက လူ့ ဆီ ရောက်လာတဲ့ အရာပဲ။ လူမွေးတုန်းက သံသရာ မပါဘူး။

သံသရာဟာ လူက ပတ်ဝန်းကျင်မှာ နေတဲ့ အာရုံတွေကို လက်ခံ အသုံးချတတ်တဲ့ အခါမှ ဖြစ်ပေါ်လာတဲ့ အရာပဲ။

လူက အာရုံတွေကို လက်ခံ အသုံးချတဲ့ အခါမှာ တချို့  အာရုံတွေဟာ ကောင်းပြီး၊ တချို့ က မကောင်းကြဘူး။ သည် နှစ်ခုကို ယှဉ်လိုက်တဲ့ အခါ အကောင်း အာရုံမှာ လူက ငြိကျန်ခဲ့တယ်။ အကောင်းနဲ့  အဆိုးကိုလည်း ခံစားချက်နဲ့ ပဲ ခွဲ တယ်။ ခံစားချက် ဆိုးတာဆိုရင် လူက ငြင်းဆန်ချင်တယ်။ ခံစားချက် ကောင်းတာတိုင်း လူမှာ ကောင်းတယ် လို့  မဟုတ်ဘဲ ခံစားချက် ဆိုးကလည်း လူ့ အတွက် အကောင်း ဖြစ်ချင် ဖြစ်တာပဲ။ ခံစားချက် ကောင်းတာဆိုရင် လူ့  အတွက် အကောင်း ထင်ပြီး ခံစားချက် ကောင်းတာကို လုပ်တတ်တယ်။ ခံစားချက် ကောင်းပေမယ့် အဖြစ်က မကောင်းတာ ဆိုတော့ သည်လုပ်ချက်ဟာ ဆိုးတော့တာပဲ။

ဆိုးတာ လုပ်မိပေမယ့် ကိုယ်လုပ်မိတာကို ကိုယ်ပြန် သာယာပြန်တယ်။ ကိုယ့်လုပ်ချက်မှာ ကိုယ်ပျော်မိတယ်။ ပျော်တာ ကြာတော့ ပျော်စရာ အာရုံ မှုန်ဝါး ပျောက်ပျက် လာပြီး သည်လုပ်ချက်မျိုး ပြန်လုပ်ချင်တာပဲ။ ဒါဟာ သံသရာ ဖြစ်တာပဲ။

သည်သံသရာမှာ အစိတ် အပိုင်း သုံးခုရှိတယ်။
- အသိမှားတယ်၊
- အမှားလုပ်တယ်၊
- အမှားဖြစ်ပျက်တယ်လို့ ပဲ။


အသိမှားတာ စိတ္တဇ၊ အမှားလုပ်တာ ဘ၀၊ အမှား ဖြစ်ပျက်တာ ဇာတိဇရာမရဏ၊ ဇာတိဇရာမရဏ ကြောင့် စိတ္တဇ ဖြစ်တယ်။ စိတ္တဇရဲ့  နိဒါန်းဟာ ဇာတိဇရာမရဏပေါ့ ။ စိတ္တဇကြောင့် ဘ၀ ဖြစ်တယ်။ ဘ၀ နိဒါန်းဟာ စိတ္တဇပဲ ။ ဘ၀ ကြောင့် ဇာတိဇရာမရဏ ဖြစ်တယ်။ ဇာတိဇရာမရဏ ရဲ့  နိဒါန်းဟာ ဘ၀ပဲ။ အဲဒါ သံသရာရဲ့  ဖြစ်စဉ်ပဲ ။

အဲဒီ သံသရာထဲမှာ လူဗျာပါရကြောင့်ကြ မပါဘူး။ ရှေ့ တခုကြောင့် နောက်တခု ဖြစ်ပြီး နောက်ဆုံး တခုက ရှေ့ ဆုံး တခုရဲ့  အကြောင်း ပြန်ပြုသွားတဲ့ စက်လည်ပတ်မှုပဲ။ ကမ္ဘာပေါ်မှာ ဖြစ်ထွန်းနေကြတဲ့ သစ်ပင်တွေလိုပေါ့။ သစ်ပင် ကြောင့် သစ်သီး၊ သစ်သီးကြောင့် သစ်စေ့၊ သစ်စေ့ကြောင့် သစ်ပင်၊ သည်စက် ဖြစ်နေတာပဲ။ လူမှာ သံသရာ လည်တာ ဆိုတော့ လူက ကမ္ဘာလိုပေါ့။ ကမ္ဘာက သစ်ပင် အလည် ခံရသလို သံသရာရဲ့  အလည်ခံဟာ လူပေါ့။

အဲသည်မှာ စိတ္တဇ တွေဟာ အမျိုးမျိုး၊ အမှား လုပ်မှု ဘ၀တွေကလည်း အမျိုးမျိုး၊ အဖြစ် အပျက်တွေကလည်း အလားတူ အမျိုးမျိုးပဲ။ ဘာတွေ ဘယ်လို အမျိုးမျိုး ဖြစ်ဖြစ်၊ သံသရာတော့ သံသရာပဲ။ ဘာသံသရာ ပဲဖြစ်ဖြစ် အားလုံး ဒုက္ခတွေ ဖြစ်တာပဲ။ အငြိနဲ့  ဖြစ်နေတာ ဆိုတော့ လည်ပတ်မှုက လွတ်လပ်အောင် လုပ်လို့  မရလို့ ပဲ။ မလွတ်လပ်တာဟာ ဒုက္ခပဲ။

အမျိုးမျိုး ဖြစ်ကြတဲ့ စိတ္တဇတွေ, ဘ၀တွေနဲ့  အဖြစ် အပျက်တွေဟာ လည်ပတ် လိုက်တဲ့အခါ စိတ္တဇပဲ၊ ဘ၀ပဲ၊ အဖြစ် အပျက်ပဲလို့  ခွဲလို့ မရဘဲ အသွင် တမျိုး ဖြစ်ရတယ်။ အဲသည် အသွင်ဟာ သတ္တ၀ါပဲ။ စိတ္တဇ တမျိုး- သတ္တ၀ါ တမျိုးပဲ။ အဲသည် သတ္တ၀ါတွေဟာ အပါယ်, လူ , နတ်နဲ့  ဗြဟ္မာ တွေပဲ။ အဲဒါတွေဟာ လူပေါ်မှာ တက်ဖြစ်လာတဲ့ သဏ္ဌာန် တွေပဲ။ အဲဒါတွေ ဖြစ်ယင် လူဟာ သူ့ ဟန် အပျောက်ဆုံး ခံရတယ်။ လူမဟုတ်တော့ တာပေါ့။ အဲသည် သတ္တ၀ါတွေ ဟာ စိတ္တဇ ပြောင်းလဲသလို သူတို့ လည်း ပြောင်းလဲ နေကြတယ်။

ဇာတ်အဖွဲ့ သားတွေ ဇာတ်ပွဲမှာ ကျရာ အရုပ်အတိုင်း လှုပ်ရှားကြ သလိုပဲ။ ရန်ရုပ် ဖြစ်ယင် ရန်လုပ်၊ မိတ်ရုပ် ဖြစ်ရင် မိတ်လုပ်၊ အရုပ်ရဲ့  စရိုက်ဟာ စိတ္တဇ အလိုက်ပဲ။ သဘောကောင်းပါစေ ဆိုလို့ လည်း မရဘူး။ ဆိုးပါစေလည်း မရဘူး။ သည်လို သံသရာဝင်လျှင် လူဟာ ကိုယ့်ကိုယ်ကို ကိုယ်မပိုင်ဘူး၊ သည်တော့ ဒုက္ခ မငြိမ်းဘူး။
ဆက်လက်ဖော်ပြသွားပါမည်

Website counter

Back to TOP