၁၂။ ကောသတိုင်း မနသာကဋ ပုဏ္ဏားရွာမြောက်ဘက် အစိရ၀တီမြစ်ကမ်းအနီး သရက်ဥယျာဉ်၌ ၀ါသေဌလူငယ်နှင့် ဘာရဒွါလူငယ်နှစ်ယောက်တို့ အား ဘုရားဟောသော တရား

“ဗုဒ္ဓအသျှင်- တပည့်တော်တို့  အခု-သည်ရွာမှာ ပုဏ္ဏားတွေ တော်တော်များများ ကိစ္စအား လျော်စွာ ရောက်နေကြပါတယ်။ နံနက်က လမ်းလျှောက်ထွက်ကြရင်း ဗြဟ္မာ့ပြည်သွားဖို့  လမ်းမှန်ဟာ ဘယ်သူညွှန်တဲ့ အရာသာ ဖြစ်တယ်ဆိုတာ ပြောဆိုကြပါတယ်။ အဲသည်မှာ တပည့်တော်တို့ နှစ်ယောက် တစ်ယောက် တစ်ပေါက် ဖြစ်လာပါတယ်။ ဒါနဲ့ ပဲ အသျှင် ဘုရားရဲ့ အဆုံးအဖြတ်ခံယူမယ်ဆိုပြီး သည်ကို လာခဲ့ကြတာပါ။ တပည့်တော်က ပေါက္ခရသာတိလမ်း မှန်တယ်၊ ဘာရဒွါဇက တရုက္ခလမ်း မှန်တယ်နဲ့ ပေါ့ ဘုရား။ အဲဒါ အဆုံးအဖြတ်ပေးပါ။”
“ဘာဖြစ်လို့  အငြင်းပွားကြတာလဲ ၀ါသေဌ”



“ပုဏ္ဏားတွေရဲ့ ဗြဟ္မာပြည်သွားလမ်း ညွှန်ပြချက်တွေဟာ အများအပြား ဖြစ်နေလို့  အငြင်း ပွားကြတာပါပဲ အသျှင်”
“ဘယ်သူတွေလဲ ၀ါသေဌ”

“အဒ္ဓရိယ၊ တိတ္ထရိယ၊ ဆန္ဒေက၊ ဗ၀ှာရိဇ္ဈ တို့ ပါဘုရား”
“လမ်းတွေများနေလျင် တစ်လမ်းပဲမှန်ပြီး၊ ကျန်တာ မှားမာပေါ့”

“သည်လိုလည်း မဟုတ်ဘူးအသျှင်။ တောင်တက်လမ်းတွေ များပေမယ့် တောင်ထိပ် ရောက်တော့ အတူဖြစ်သလို၊ လမ်းတွေ များပေမယ့် ဗြဟ္မာပြည် ရောက်တာချည်း ပါပဲ”
“သည်လိုဆိုတော့ ၀ါသေဌကို ငါ-မေးရဦးမယ်။ ဗေဒင် သုံးပုံဆောင် ပုဏ္ဏားတွေထဲမှာ ဗြဟ္မာကို ကိုယ်တိုင်မြင်ဖူးသူ ရှိသလား”

“မရှိပါဘူး အသျှင်”
“သူတို့  ဆရာကော ဗြဟ္မာကို ကိုယ်တိုင်မြင်ဖူးတယ်လို့  ရှိသလား”

“မရှိပါဘူး အသျှင်”
“သူတို့  ဆရာရဲ့ ဆရာတွေကော ဗြဟ္မာကို ကိုယ်တိုင်မြင်ဖူးတယ်လို့ များ ရှိသလား”

“မရှိပါဘူး အသျှင်”
“သူတို့ ဆရာ ခုနှစ်ဆက်အထိကော ဗြဟ္မာကို ကိုယ်တိုင်မြင်ဖူးသူလို့ များ ရှိသလား ၀ါသေဌ”

“မရှိပါဘူး အသျှင်”
“ဗေဒင် သုံးပုံဆောင် ပုဏ္ဏားတွေရဲ့ ရှေးဦးအစဖြစ်တဲ့ ဗေဒင်တွေဟောတဲ့ ဗေဒင်တွေ ပြုစုခဲ့ တဲ့၊ ဗေဒင်ရှိပြီးသားတွေ ပေါင်းစုတဲ့၊ ဗေဒင်တွေ ရွက်ဖက်တဲ့၊ ဗေဒင်တွေသင်ကြားပေးတဲ့ အဌကရသေ့၊ ၀ါမဒေ၀၊ ဝေသာမိတ္တ အစရှိတဲ့ ရသေ့တွေက ဗြဟ္မာရှိတဲ့ နေရာ၊ သွားတဲ့ နေရာတွေကို ငါတို့ သိတယ်၊ မြင်လည်းမြင်တယ် -လို့  ဆိုဘူးသလား ၀ါသေဌ”

“မဆိုဖူးပါဘူး အသျှင်”
“၀ါသေဌ - ဗြဟ္မာမသိတဲ့ ပုဏ္ဏားတွေက၊ ဗြဟ္မာပြည် ဘယ်လမ်းက သွားရတယ်- ညွှန်ပြ လို့  သွာပေမယ့်၊ သွားသူများ ဗြဟ္မာပြည်မရောက်တာ အဆန်းမဟုတ်ဘူးပေါ့”

“ဗုဒ္ဓ အသျှင်- ဒါက ဧကန် အဆန်းမဟုတ်ဘူးပေါ့”
“သည်လိုဖြစ်လျက်နဲ့  ဘာဖြစ်လို့  သူတို့ ညွန်ပြနေတာလဲ ၀ါသေဌ”

“ဟုတ်ပါ့ ဘုရား။ ဘာဖြစ်လို့  သူတို့ ညွှန်ပြနေတာပါလိမ့်”
“သည်လိုရှိတယ် ၀ါသေဌ၊ တောင်ဝှေးဆွဲပြီး စီတန်းသွားနေကြတဲ့ မျက်ကန်းတွေနဲ့  တူနေတယ်။”

“ဟုတ်ပါတယ် အသျှင်”
“၀ါသေဌ- လူတွေဟာ နေ၊ လ အ၀င်အထွက်တွေ မြင်ကြတယ်။ ချီးမွမ်းလည်း ချီးမွမ်းကြ တယ်။ ပုဏ္ဏားတွေလည်း သည်လိုလုပ်တယ်။ သည်လို လုပ်တာဟာ လ-နေတို့  အဖော် ဖြစ်ဖို့ လမ်းပဲ - လို့ ပုဏ္ဏားတွေ ပြောနိုင်ကြမလား”

“မပြောနိုင်ပါဘူး အသျှင်”
“မြင်ရတဲ့ဒါကိုတောင် မပြောနိုင်ဘဲ၊ မမြင်ရတာပြောတာကတော့ မဟုတ်တာဟာ ဆန်းကို မဆန်းဘူး မဟုတ်လား”

“အသေအချာ မဆန်းတာပါဘုရား”
“၀ါသေဌ- ပုဏ္ဏားတွေ ဗြဟ္မာပြည်သွားလမ်း ဟောတာဟာ အကြောင်းမရှိဘူး။ ဥပမာ အားဖြင့် မမြင်ဘူး၊ မသိဘူးတဲ့မိန်းမကို ကြိုက်ပြီး တမ်းတနေတဲ့သူလိုပဲ ကြိုက်ဖို့  တမ်းတဖို့ အကြောင်း မရှိဘဲ၊ ကြိုက်နေ၊ တမ်းတနေတာပဲ။ မရတာ ဆန်းမလား”

“အသေအချာ မဆန်းတော့ပါ ဘုရား”
“ပြဿဒ်မမြင်ဘူးပဲ လှေကားလုပ်သူဟာ အချည်းနှီးသာဖြစ်တာ ဆန်းသလား”

“မဆန်းပါ အသျှင်”
“၀ါသေဌ- သည်အစိရ၀တီမှာ ရေပြည့်နေချိန် ဟိုဘက်ကမ်းသွားလိုသူဟာ ဟိုဘက်ကမ်းကို အလိုရှိလို့  ခေါ်ပေမယ့် ခေါ်ရကျိုးနပ်ဖို့  အကြောင်း မရှိဘူး”

“ဟုတ်ပါတယ် အသျှင်”
“၀ါသေဌ- လက်ပြန်ကြိုး အတုပ်ခံရသူ အစီရ၀တီဟိုဘက်ကမ်း ကူးချင်လို့ ကူးလျင် ရောက်နိုင်ပါ့မလား”

“ဟုတ်ပါတယ် အသျှင်”
“ပုဏ္ဏားဟာလည်း ဗေဒင်သုံးပုံဆောင်ပြီး၊ အာရုံငါးပါးနောက် လိုက်နေကြတယ်။ အာရုံ ငါးပါးဟာ အတုပ်အနှောင်ကြိုးပဲ။ ဒါကြောင့် ပုဏ္ဏားဟာ ဗြဟ္မာ့အဖော် မဖြစ်နိုင်တာ မသေချာဘူးလား”

“သေချာပါတယ် အသျှင်”
“၀ါသေဌ - ခေါင်မြီးခြုံထဲကမထွက်ဘဲ အိပ်နေသူ အစိရ၀တီဟိုဘက်ကမ်း ကူးနိုင်ပါ့ မလား”

“မကူးနိုင်ပါ အသျှင်”
“နီဝရဏရှိသူ ဗြဟ္မာ မဖြစ်နိုင်တာ မသေချာဘူးလား”

“သေချာပါတယ် အသျှင်”
“၀ါသေဌ- ဗြဟ္မာဟာ သားမယားသိမ်းဆည်းတယ် ကြားဖူးသလား၊ စိတ်ဆိုးနေတယ်၊ စိတ် ညစ်နေတယ်၊ စိတ်လေးနေတယ်၊ စိတ်ဝေနေတယ်လို့ များ ကြားဖူးသလား”

“မကြားဖူးပါ အသျှင်”
“ဒါတွေ ပုဏ္ဏားတွေမှာ မဖြစ်ဘူးလား”

“ဖြစ်ပါ့ ဘုရား”
“သူတို့  ဗြဟ္မာ့ အဖော်ဖြစ်ခွင့်ရှိပါ့မလား”

“မရှိပါ ဘုရား”
“သည်တော့ ပုဏ္ဏားတွေဟာ သစ်သီးပန်းမာလ် မရှိရာတောကို ရှိရာတော- လို့  ပြနေသလို ဗြဟ္မာလမ်းမဟုတ်တာကို အဟုတ်- လို့  ပြနေတာဖြစ်လို့  ဗေဒင်ဟာ ပျက်စီးရာ ပျက်စီးကြောင်း မဟုတ်လား”

“ဟုတ်ပါတယ် အသျှင်၊ သည်လိုဆိုတော့ ဗြဟ္မာ့ပြည်ရောက်အောင် ဘယ်လိုသွားရမလဲ အသျှင်၊ အဲဒါ ပြောနိုင်ပါသလား”
“၀ါသဌ- မနသာကဋရွာ၊ အစိရ၀တီ မြစ်ကမ်းအနီးမှာ ရှိတယ် မဟုတ်လား။ အဲဒါကမှ ပြော ရခက်သေးတယ်”

“ဟောပါ အသျှင်”
“၀ါသေဌ- ငါတို့  အဆုံးအမတရား နာကြားရလို့  ယုံတဲ့သူဟာ အိမ်ရာထောင်မှုစွန့် ပြီး၊ အကျင့်သီလနဲ့  ပြည့်စုံအောင်နေတယ်။ ဒါကြောင့် နီဝရဏ တွေကင်းပြီး ဈာန်လေးပါးကို ပွားတယ်။ သည်လို စိတ်တည်ငြိမ်နေတဲ့ အခါမှာ လူအားလုံးအပေါ်မှာ ဖြူစင်တဲ့ စိတ်ဓါတ်၊ ကြင်နာတဲ့ စိတ်ဓါတ်၊ နူးညံ့တဲ့ စိတ်ဓါတ်၊ ပြည့်ဝတဲ့ စိတ်ဓါတ် ဖြန့် ပွားနေမှုကြောင့် ကာမ စေတနာများ ကွယ်ပျောက်တယ်။ သည်လို ကာမတရား မဖြစ်ပွားအောင် နေတာဟာ ဗြဟ္မာအဖော်အဖြစ် ရောက်နေတာပဲ”

ဝါသေဌ- ဘယ်လိုလဲ၊ ရဟန်းတွေဟာ သည်လိုနေကြတာ ဆိုတော့ ဗြဟ္မာနဲ့  ပေါင်းဖော်သူ တွေ မဆိုနိုင်ဘူးလား”

“ဟုတ်ပါတယ် အသျှင်၊ တပည့်တော်တို့ ဝမ်းသာပါတယ်ဘုရား။ တပည့်တော်တို့ ကို သာသနာ ဆည်းကပ်သူ ဥပါသကာအဖြစ် ရပ်တည်ပါတော့မယ်။ အသိအမှတ် ပြုပေးပါ ဘုရား”

Website counter

Back to TOP