ဘုရား(၃) ဘုရားတောထွက်

သိဒ္ဓတ္ထဟာ ဆုံးဖြတ်ချက်တစ်ခုချပြီး နန်းတော်ကိုပြန်လာခဲ့တယ်။ ရစ်ပတ်လာတဲ့ ချစ်စရာနှောင်ကြိုး တစ်ခုရှိတုန်းမှာ လုပ်စရာ ရှိတာအတွက် ရုန်းမှပဲလို့။ သိဒ္ဓတ္ထဟာ နောက်နေ့ မကူးမီပဲ ဖွားဘက်တစ်ဦးနဲ့ အတူ မြင်းစီးပြီး နန်းတော်က ထွက်ခဲ့တယ်။ ကပိလ၀တ်မှ တောင်ဘက်အရပ် အနော်မာမြစ်ကို ဖြတ်ကူးပြီး အဲဒီသဲပြင်မှာပဲ ဆံမုတ်ဆိတ်ကို ပယ်ခဲ့တယ်။ အိုးထိန်းတစ်ယောက်ရဲ့ အကူနဲ့ သူတော်စင် အ၀တ်အဆင်ကို လဲဝတ်လိုက်တယ်။ ဖွားဘက်ကို ကပိလ၀တ်ကသိဖို့ ပြန်လွှတ်လိုက်တယ်။ သိဒ္ဓတ္ထဟာ လူမှုစံနစ်ရဲ့ သဘောဓမ္မ ရှာဖွေရာ၌ ရပ်တည်ချက်သုံးချက် ထားလိုက်တယ်။

၁။ သူရှာဖွေတွေ့ရှိတဲ့ အသိ တရားဟာ လူတိုင်းသိနိုင်တဲ့ အသိတရားဖြစ်ရမယ်။
၂။ သူရှာဖွေတွေ့ရှိတဲ့ အကျင့် တရားဟာ လူတိုင်းကျင့်နိုင်တဲ့ အကျင့်တရား ဖြစ်ရမယ်။
၃။ သူရှာဖွေရရှိတဲ့ လွပ်လပ်မှုဟာ လူတိုင်းလွတ်လပ်နိုင်တဲ့ လွတ်လပ်မှုမျိုး ဖြစ်ရမယ်။

သိဒ္ဓတ္ထဟာ အသိညဏ်ပညာများကို ပိတ်ဆို့ဟန့်တား ထားတဲ့ နိဝဏတရားတွေကို စိတ်မှာ အ၀င်မခံ ပယ်လှန်တဲ့အလုပ်ကို အားထုတ်နေတယ်။ အာရုံငါးပါး လိုလားမှုများ မဖြစ်ပွားဖို့ ၊ မကြောက်ရွံ့ဖို့၊ မထိုင်းမှိုင်းဖို့ ၊ မပြန့်လွှင့်ဖို့၊ မယုံမှားဖို့တွေပဲ။ ဒါတွေဖြစ်တာဟာ စိတ်ကူးအမျိုးမျိုးတွေနဲ့ ကာမသညာတွေ ပွားရာကပဲ။ ဒီကာမ သညာတွေ မဖြစ်အောင် ဆိုပြီး စိတ်ကို အကူးမခံဘဲ ထိန်းထားလိုက်တယ်။

ရူပဈာန်ပွား

ထင်ရှားတဲ့အာရုံတစ်ခုမှာပဲ စိတ်ကိုထားတဲ့လုပ်ငန်းကို သိဒ္ဓတ္ထလုပ်နေတယ်။ ဒိလုပ်ငန်းဟာ သိဒ္ဓတ္ထအတွက် အခက်အခဲတွေ ရှိနေတယ်။ ဒါကတော့ တခြားမဟုတ်ဘူး။ စိတ်ဟာ အဲဒီအာရုံတစ်ခုမှာ အထားခံရတဲ့ အခါ တခြားသဘာဝနဲ့ လုပ်ရတဲ့ လုပ်ငန်းတွေ အလုပ်ကောင်းကောင်းမလုပ်ကြတာပဲ။ အထူးသဖြင့် အသက်ရှုရတာ ထုတ်တာမှာ စိတ်ထားတဲ့အခါ ဖြစ်ပွားတာပဲ။ အသက်ရှုရှိုက်ဟာ သူ့သဘာဝနဲ့သူ လုပ်နေတဲ့အရာပဲ ။ အဲဒီမှာစိတ်ကို ထားလိုက်တဲ့အခါ စိတ်က အသက်ရှုရှိုက်ကို လုပ်စေတယ် ။ အဲဒီအခါမှာ အသက်ရှုရှိုက်ဟာ မှားတော့တာပဲ။ သဘာဝ လိုအပ်တဲ့ အထုတ်အသွင်းကို စိတ်ကမှ မသိတာပဲ။ လိုအပ်တဲ့ ပမာဏထက် အပိုအလိုတွေ ထုတ်လိုထုတ် သွင်းလိုသွင်း ဖြစ်နေတယ်။ ပြီးတော့ အသွင်းအထုတ်ကလည်း မညီဘူး။ သွင်းလေက တိုပြီး ထုတ်လေက ရှည်လိုရှည်နေတယ်။ အသွင်းရှည်ပြီး ထုတ်လေက တိုလိုတိုနေတယ်။ သွင်းလေက တိုပြီးထုတ်လေက ရှည်နေလျှင် လေသစ်ငတ်ပြီပေါ့ ။ သွင်းလေရှည်ပြီး ထုတ်လေတိုနေလျှင်တော့ လေညစ်ပတ်ဖြစ်ပြီ။ ဒီလိုဖြစ်လာတော့ သိဒ္ဓတ္ထဟာ ခံစားချက်တွေ ဖောက်ပြန်တာ ခံရတယ်။ ဓါးထက်ထက်နဲ့ ၀မ်းဗိုက်ကို ဖွင့်ဖောက်ခံရနေတာမျိုး ဆောက်ထက်ထက်နဲ့ ဦးခေါင်းကို ဖွင့်ပြီး မွှေနေတာမျိုး၊ ကြိုးနဲ့ အထပ်ထပ်ရစ်ပတ်ပြီး မီးပုံထဲ အထည့်ခံရတာမျိုး အလွန်ချွန်မြတဲ့အရာပေါ် ထိုင်နေရတာမျိုး အစစ အခံခက်တာတွေကို ခံစားရတယ်။ တခြားခံစားချက်တွေလည်း ခံစားရတယ်။ အစစပြီးပြည့်စုံစေတဲ့ အဖြစ်မျိုးမှ ကောင်းကင်မှာ ပျံနေရတာမျိုး ပြီးမြောက်အောင်မြင်မှု အဆုံးနား ရောက်နေတာမျိုး အားလုံးကို လုပ်ဆောင်နိုင်တယ်ဆိုတာမျိုး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ဖြစ်နေတာမျိုးတွေပဲ ။

လေဟောင်းကျန်ရင် ဆိုးဝါးတဲ့ ခံစားချက်တွေဖြစ်ပြီး လေသစ်ငတ်ရင် ကောင်းမွန်တဲ့ ခံစားချက်တွေဖြစ်တာပဲ။ သိဒ္ဓတ္ထက ဒီခံစားချက်တွေက ကျော်လွန်အောင် တခက်တနက် ကြိုးစားနေခဲ့တယ်။ မတော်တဆ လေ၀င်လေထွက်ညီတဲ့အခါမှာ ခံစားချက်တွေ ပျောက်နေခဲ့တယ်။ အဲဒီအခါမှာ အသက်က မရှုတော့သလိုမျိုး အဖြစ်ခံရတယ်။ အသက်ရှုတာနဲ့ အသက်ရှုတာကိုသိတာ ဒီနှစ်ခုဟာ တစ်ထပ်တည်းကျသွားခဲ့ပြီ။ သိဒ္ဓတ္ထဟာ အသက်ရှုတာကို မသိတာပဲ။ အသက်ရှုတာကို သိတဲ့စိတ်ကိုသာ သိတဲ့အဖြစ် ရောက်နေပါပြီ။ ပြီးတော့ ဒီစိတ်ကလည်း ဘယ်မှမသွားပဲ အလွန်ကြည်လင်တဲ့ စိတ်ဖြစ်နေတာကိုလည်း သူတွေ့နေရတယ်။ သိဒ္ဓတ္ထဟာ သူနှင့်သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အရမယူ နိုင်တဲ့ အဖြစ်ရောက်နေတယ်။ ဒီလိုဖြစ်နေအောင်လည်း သူ့စိတ်ကို တွေ့နေတာမှာရှိပြီး ဘာမှ စိတ်မကူးမိအောင် နေထိုင်တယ်မဟုတ်လား။ ဒါကြောင့် အရာခပ်သိမ်းဟာ သိဒ္ဓတ္ထအနေနဲ့ အဓိပ္ပာယ်ဖော်လို့မရတာချည်း ဖြစ်နေခဲ့တယ်။

ကြောက်စရာဆိုတာလည်း သူ့မှာမရှိ၊ မက်စရာဆိုတာလည်း၊ သူ့မှာ မရှိဖြစ်နေခဲ့တယ်။ သူ့စိတ်ကို ဆင်ခြင်နိုင်တဲ့အပြင်ပက တခြားအာရုံတခုခုဆိုတာ မရှိမဖြစ်နေခဲ့တယ်။ သိဒ္ဓတ္ထရဲ့ ဘ၀ဟာ ကာမတရားတွေရဲ့ အနှောက်အယှက်က ကင်းဝေးလွတ်မြောက် ငြိမ်းချမ်းနေခဲ့တယ်။ ဒီလိုတွေကာလ ကြာမြင့်စွာနေခဲ့တယ်။ ဒီလိုနေတဲ့အတွက် လူသာမာန်တွေထက် ထူးခြားတဲ့အဖြစ်တွေတော့ ဖြစ်လာတယ်။ အတိတ်က ဖြစ်ပြီးတာတွေလည်း သိတယ်။ အဝေးမှာ ဖြစ်နေတာတွေလည်း ဒီလိုပဲ သိတယ်။ သူများစိတ်ထဲ ရှိတာတွေလည်း သိတယ်။ အနာဂတ်မှာ ဖြစ်ပွားမှာတွေ သိချင်သိတယ်။

ဒါတွေဟာ အသိထူးတွေဆိုပြီး ရှာဖွေနေတဲ့ အတွက် လမ်းစကို စတွေ့ပြီလို့ ၀မ်းသာခဲ့တယ်။ ဒါပေမယ့် ဒါတွေဟာ ဒီထက်မတိုးတက်တာကို ကြာတဲ့အခါမှာ တွေ့ရတယ်။ ဒါတွေကို သိတဲ့အတွက် လူအိုစာ နေတဲ့အဖြစ်က ဘယ်လိုလွတ်လပ်မလဲ။ နာဖျားမကျန်းသလို လူ့အဖြစ်နဲ့ အသက်မ၀င် မရှင်မသန်တဲ့ လူ့အဖြစ်တွေက ဘယ်လို လွတ်လပ်မလဲ။ ဒီမေးခွန်းတွေပဲ မေးလာခဲ့တယ်။ ဒါအတွက် အဖြေဟာ မရှိမဖြစ်နေခဲ့တာ ခံရတယ်။ ပြီးတော့လည်း ဒီအသိတွေကို ဆန်းစစ်လာတယ်။ ဒါတွေဟာ အသဥာဏ်နဲ့ သိတာလား။ စိတ်နဲ့ သိတာလားလို့ပဲ။ ဒီအသိတွေကို အကြောင်းနဲ့ အကျိုးနဲ့ ဘယ်ပုံသိလာတယ်ဆိုတာ သိဒ္ဓတ္ထမသိ ဖြစ်နေခဲ့တယ်။ ဒီအသိဟာ သူ့ဟာသူ ပေါ်လာတဲ့အသိပဲ။ ဘယ်သူက ပြောသလိုလို ဘယ်မှ မြင်ရတာလိုလို အိမ်မက်နဲ့ထပ်တူ ဖြစ်နေတာကို တွေ့ရတယ်။ မြေလျှိုးမိုးပျံနှင့် အဝေးအလံလူကို သွားတွေ့တဲ့အခါပဲ တကယ့်လူက ဒီမှာပဲ ဖြစ်နေတာနဲ့ အဆုံးသတ်တာကိုတွေ့ရတယ်။ ဒါတွေအပေါ်မှာ သိဒ္ဓတ္ထဟာ အတွေးတွေဝင်လာတယ်။ ငါကမျက်လှည့်ဆရာကြီး၊ မျက်လှည့်ဆရာဟာ သူပြတာကို ကြည့်သူကသာ ပြတဲ့အတိုင်း မြင်ပေမယ့် ပြသူကိုယ်တိုင်ကတော့ သူများမြင်သလို မြင်တာမဟုတ်ဘူးလို့ပဲ။

သိဒ္ဓတ္ထဟာ ဒီအသိတွေကို အထပ်ထပ် စစ်ဆေးကြည့်ပြီးတဲ့အခါ သူရှာဖွေတာတွေ ဒါမဟုတ်ဘူးလို့ အဖြေထွက်ခဲ့တယ်။ ဒီအသိတွေဟာ စိတ်အသိတွေပဲဖြစ်တယ်။ စိတ်အသိဟာ ဘာမှအသုံးကျတာတွေ မဟုတ်ဘူး။ စိတ်ချွတ်ယွင်းနေတဲ့သူဆိုရင် ပြုပြင်ပေးနိုင်တဲ့အနေအထားတော့ ရှိတယ်။ လောကအိုစာနေတာ၊ နာမကျန်းဖြစ်နေတာ၊ အသက်မရှင်ဖြစ်နေတာတွေဟာ စိတ်ချို့ယွင်းတာကြောင့် မဟုတ်ကြဘူး။ စိတ်ချို့ယွင်းသူက သူများနဲ့ မတူဘဲ လွဲနေတာလောက်ပဲ ဖြစ်ကြတာ ။ ဒီလိုစံလွဲသူဟာ လောကမှာ မပြောပလောက်ပဲ ဖြစ်တယ်။ ဒါကြောင့် ဒီအသိဟာ လောကအိုမင်းမစွမ်း ဖြစ်နေတဲ့အဖြစ် အစရှိတာတွေအတွက် အသုံးမကျဘူး။ ဒီအသိတွေ ကိုယ်တိုင်ကပင် လောကရဲ့ အိုမင်းမစွမ်း အစရှိတဲ့ အဖြစ်တွေကို ဖြစ်စေနေတယ်လို့အထိ သိဒ္ဓတ္ထ သိသွားခဲ့တယ်။ ဒီအသိတွေကိုရဖို့ သိစိတ်တွေကို ရုပ်အာရုံတစ်ခုမှာ ထားရတယ်။ ဒီတော့ သိစိတ်တွေဟာ ဘာအလုပ်မှ မလုပ်ရတော့ဘူး။ ရုပ်သိတာပဲ လုပ်နေရတာကိုး ။ သိရတဲ့ရုပ်ရဲ့ ရှေ့တွေ နောက်တွေလည်း စိတ်ကမကူးရတော့ ဒီရုပ်ဟာ ဘာဖြစ်တယ်။ ဘာအသုံးကျတယ်ဆိုတာ မသိဖြစ်လာတယ်။ ဒီတော့ အသိကန်းလာတယ်။ ဒီလို အသိကန်းလို့တော့ လောကဟာ သင့်မြတ်မှု မဖြစ်နိုင်ဘူး။ အသိတရားကို ထူထောင်နိုင်မှ လောကဟာ သင့်မြတ်စရာရှိတယ်။ လူဟာ သာမာန်ကိစ္စကလေးတွေမှာပင် ပြီးစီးအောင်မြင်နိုင်ဖို့အတွက် အသိတရားတွေ ဖြန့်ကျက်ကြရတာဖြစ်တယ်။ အသိတရားနည်းရင် နည်းသလောက် လူစဉ်မမီတာဖြစ်ပြီး အသိတရားများရင် များသလေက် လူ့ရှေ့တန်းရောက်ကြတယ်။ ဒါကြောင့်လူဟာ အသိတွေ များထက်များဖြစ်အောင် ပတ်ဝန်းကျင်နှင့် ဆရာဂုရုထံက ပညာတွေ သင်ကြားနေကြရတယ်။ ဒါကြောင့် စိတ်မကူးမှုဖြစ်အောင် ရုပ်အာရုံ့တစ်ခုမှာ စိတ်ကိုထားတဲ့လုပ်ငန်းဟာ လူမှီဝဲဖို့ မသင့်မြတ်တဲ့အရာပဲ။ ကာမတရားကို မတိုးပွားအောင် မပွားသင့်သလို ရုပ်တရားကိုလည်း တိုးပွားအောင်မပွားရမှာပဲ ဖြစ်တယ်။ ဒီရှုပတရားပွားများမှုဟာ ကာမတရားပွားများမှုက လွတ်စေနိုင်လို့ ကောင်းတာတော့အမှန်ပဲ။ ကာမတရားပွားသူတွေ မရနိုင် မရောက်နိုင်တဲ့အဖြစ်တွေဆီ ရောက်ရတာမှန်ပေမယ့် လူဟာ ကာမတရားက လွတ်အောင် နေနိုင်တာနဲ့ လူလွတ်လပ်မှုကို သိတဲ့ ဥာဏ်ဖြစ်အောင် မတတ်နိုင်တာ တွေ့ရတယ်။

သိဒ္ဓတ္ထဟာ ဒီလိုတွေ တွေးလာတယ်။ စိတ်ကို ဒီလိုဖိနှိပ်ထားသူဟာ မတော်ဘူး။ စိတ်ကူးစိတ်သန်းကို ဖွင့်ထားမှ အသိဥာဏ်ပညာတရား ဖြစ်ပွားစရာရှိတယ်။ စိတ်ကိုဖွင့်ထားတဲ့ တရားကျင့်သူဟာ အာဠာရတို့ရှိတယ်။ သူတို့ဆီသွားပြီး နည်းနာခံရမှာပဲ။ သိဒ္ဓတ္ထဟာ အာဠာရထံ ဆည်းကပ်ခဲ့တယ်။ အာဠာရရဲ့ သင်ကြားချက်ဟာ နဂိုကနေခဲ့တာနဲ့တော့ တမျိုးတဖုံစီပဲ။ စိတ်ကို နည်းနည်းမှ ထိန်းဖို့ မလိုတော့ဘူး။ ပညာလည်း အတော်ပါတယ်။ မြင်မြင်သမျှ ကြားကြားသမျှ အစစ အာရုံရုပ်တွေ ရုပ်ခွဲရတာပဲ။ တကယ်သရုပ်ကွဲတဲ့အခါမှာ အာရုံရုပ်တွေဟာ အထည်ဒြပ်မဲ့တွေ ဖြစ်နေတာတွေ့ ရတယ်။ ဒီအာရုံ ရုပ်တွေကိုအထည်ဒြပ်ရှိတွေလို့ ထင်ခဲ့တာတွေဟာ မှားယွင်းချွတ်ချော်မှုတွေ ဖြစ်တယ်။ အာရုံရုပ်တွေကို အထည်ဒြပ်ရှိတွေထင်ပြီး လူတွေဟာ အာရုံရုပ်တွေနောက်ကို ကောက်ကောက် လိုက်နေကြတာပဲ။

အရုပဈာန်ပွား

သိဒ္ဓတ္ထဟာ အာရုံရုပ်တွေရဲ့ ဒြပ်မဲ့ အမြင်ကို တွေ့ ရတာ အတွက် အားတတ်နေမိတယ်။ လောကရဲ့ စစ်မှန်မှု အစကို သူတွေ့ ပြီလို့  အားရနေမိတယ်။ အာရုံရုပ်တွေဟာ တကယ်ရှိနေတာ မဟုတ်ပဲ အဲဒီ အာရုံရုပ်တွေနဲ့  ပုံစံတွေကသာ တကယ်ရှိနေတာ တွေဖြစ်တယ်။ ဒီတော့ အာရုံရုပ်တွေဟာ စိတ်က ဖန်ဆင်းလိုက်တဲ့ ပစ္စည်းတွေပေါ့။ မျက်လှည့်ရုပ် တွေဟာ မျက်လှည့်ဆရာက ဖန်ဆင်းထားတာတွေ မဟုတ်လား။
ဒီတရားကို သိဒ္ဓတ္ထက ဆက်ပွားတယ်။ မကြာမတင်မှာပဲ ဒီတရားရဲ့ ဒုတိယအဆင့်၊ တတိယအဆင့်၊ အထိရောက်သွား ခဲ့တယ်။ လောကကြီးဟာ တကယ်ရှိတာ မဟုတ်ပါလားလို့  သိဒ္ဓတ္ထ ဖြစ်နေခဲ့တယ်။
အာဠာရဆီမှာ လေ့လာစရာ ကုန်ခဲ့ပြီ။ သိဒ္ဓတ္ထဟာ ဒီထက်ရှေ့ ကိုလည်း လေ့လာချင်နေတယ်။ ဒါကြောင့် ဒီက ထွက်ခွာလာခဲ့တယ်။ နောက်စခန်းဖြစ်တဲ့ ဥဒကဆီမှာ ဆက်လေ့လာခဲ့တယ်။ ဥဒကဟာ ဒီတရားရဲ့ အဆုံးကို သင်ကြားပေးပါတယ်။ ဘာမျှ မရှိခြင်းကို သိနေရခြင်းက အမြတ်ဆုံးအဖြစ် ဆုံးဖြတ်ပါလားလို့  သိဒ္ဓတ္ထ သိနေခဲ့တယ်။
သိဒ္ဓတ္ထဟာ ဥဒကထံမှ လေ့လာစရာ ဆုံးတာနဲ့  ထွက်လာခဲ့ပြီး ကိုယ်တိုင် စခန်း တစ်ခုမှာ နေပြီး ပွားများမှုတွေ လုပ်နေခဲ့တယ်။ သိဒ္ဓတ္ထစခန်းမှာ ရှင်ကောဏ္ဍည အစရှိတဲ့ ငါးဦးစု သူတော်စင်များ လာရောက်နေထိုင်ပြီး သိဒ္ဓတ္ထလုပ်ငန်းမှာ ပြီးမြောက်ရေး အတွက် ဝေယျာဝစ္စများ လုပ်ဆောင်ပေးနေကြတယ်။

အရုပဈာန်ကြောင့် အစာဖြတ်
သိဒ္ဓတ္ထဟာ အစာစားသောက်မှုကို ဂရုမထားပဲ ဖြစ်လာတယ်။ သူနေတဲ့ သစ်ပင်က ကြွေကျတဲ့ သစ်သီးကိုပဲ စားတော့မယ်။ သူ့ လက်တစ်ကမ်းအတွင်း ကြွေကျတဲ့ သစ်သီးလောက် စားရင်တော်ပြီ။ သူ့ ရင်ခွင်ထဲ သူ့  ပါးစပ်ထဲ ကျတာမှနဲ့  လုပ်လာခဲ့ပြီ။
တစ်ခါတစ်ခါမှာ ဆီးသီးလောက်ပဲ စားပြီး တစ်ခါ တစ်ခါမှာ ပဲပိစပ်ပြုတ်ရေလောက်ပဲ သောက်စားတဲ့အထိ ရှိလာပြီ။ ဒီတော့ သိဒ္ဓတ္ထဟာ ကိုယ်ရေ ကိုယ်သား ခန်းခြောက်လာတယ်။ မျက်တွင်း ကလည်း ဟောက်ပက်နဲ့ ပေါ့။ ဗိုက်ကလည်း ကျောကိုကပ်နေတယ်။ အသားရောင်ကလည်း နက်ခြောက်လို့ ပဲ။
သိဒ္ဓတ္ထဟာ အငြိမ်းချမ်းဆုံးနဲ့  အမြတ်ဆုံး ဆိုတာမှာပဲ သူ့ စိတ်ကို ထားထားတယ်။ အဲဒီထဲက သူ့ စိတ်ကို ဘယ်မှ မသွားစေရဘူး။ သူ့ စိတ်ဟာ ဒီလောက်သန့် စင်နေရင် လူ့  လောကရဲ့ အမြတ်ဆုံး သဘာဝကို သိတဲ့ ဉာဏ်ပေါ်လာ လိမ့်မယ်လို့  မျှော်လင့်ခဲ့တယ်။
ကျင့်နေတာ ကြာပြီ ဖြစ်ပေမယ့် ဒီဉာဏ်နဲ့  တူတဲ့ အရိပ်အယောင်တောင် မတွေ့ ပဲ ဖြစ်နေခဲ့တယ်။ သူဒီလို နေရတာဟာ ငြိမ်းချမ်းပါတယ်။ ဒီလို ငြိမ်းချမ်းပေမယ့် သူ့ အလိုဆန္ဒ မပြည့်မဝ ဖြစ်နေခဲ့တယ်။ သူတရား ရှာဖွေနေတာ သူတစ်ယောက်ထဲ ဒီလို ငြိမ်းချမ်းနေဖို့  မဟုတ်ခဲ့ဘူး။
လူ့ လောကကြီးရဲ့ အိုမင်း မစွမ်းနေတာက လွတ်လပ်ဖို့ ၊ လူ့ လောကကြီးရဲ့ နာဖျားမကျန်း ဖြစ်နေတာက လွတ်လပ်ဖို့ ၊ လူ့ လောကကြီးရဲ့ အသက်မရှင်မသန် ဖြစ်နေတာက လွတ်လပ်ဖို့ ၊ ဒါတွေအတွက် လူ့  လောကရဲ့ အမြတ်ဆုံး သဘော သဘာကို ရှာဖွေနေတာသာ ဖြစ်တယ်။
ဒါကိုသိတဲ့ အသိဉာဏ်ကလည်း နည်းနည်းမှ မလင်းမလက် ဖြစ်နေခဲ့တယ်။ အသိဉာဏ်သာ မထွက်တာ အသက်ကတော့ ဒီတရားမှာ စတေးရတော့မယ့် အနေမှာ ရှိနေပြီလို့  သိဒ္ဓတ္ထ သိလာတယ်။ တရားကတော့ အစွမ်း သတ္တိရှိတာ အမှန်ပဲ။ ကိုယ်နဲ့  အတူ တစ်လောကလုံးတောင် ပျောက်တဲ့အထိ ရှိခဲ့ပြီ။ ဒါပေမယ့် ဒါတွေ အတွက် သူလုပ်တာ မဟုတ်ဘူး။ လူ့ လောကကြီး အို၊ နာ၊သေ အဖြစ်တွေက လွတ်ဖို့ ပဲ။
ဒီတရားမှာ အနေကြာတဲ့ အခါ ဒီတရားကို အပြစ်မြင်လာတယ်။ တရားဟာ ငါရှာဖွေနေတာထက် လွန်လာပြီလား။ ငါရှာဖွေတာက လူတွေ အို၊ နာ၊ သေက လွတ်ဖို့ ။ ဒီတရားက လူတွေ လူအဖြစ်က လွတ်ဖို့  ဖြစ်နေတယ်။ လူ့ အဖြစ်က လွတ်တဲ့ အသိကို ငါရှာဖွေတာ မဟုတ်ဘူး။ လူ့ အဖြစ်မှာပဲ လူတွေ ပျိုမြစ်လန်းဆန်း ရှင်သန်နေတဲ့ အဖြစ်ကို ငါရှာနေတာ ဖြစ်တယ်။ ဒါကြောင့် ဒါတွေကို ဆင်ခြင်လာတယ်။

အရူပကလွန်ဖို့ဆင်ခြင်
လူမှာတကယ်ရှိနေတာက ကိုယ်ရယ်၊ စိတ်ရယ်ပဲ။ ဒါကို လူတွေ အသိအမှတ်ပြုနေရတယ်။ ဒါဟာ လောကရဲ့ အသိပဲ။ လောကအတွက် ကောင်းမွန်မှန်ကန်တဲ့ စနစ်တစ်ခု ထူထောင်ချင်တဲ့ သူက အဲဒီလောကရဲ့အသိတွေကို လွန်သွားလို့မဖြစ်ဘူး။ လွန်သွားရင် လောကမဟုတ်ဘဲ ဖြစ်သွားမှာပဲ။ လောကမဟုတ်တာကို လောကက ဘယ်မှာ လက်လှမ်းမှီပါ့မလဲ။ အခုငါရှာနေတဲ့ တရားဟာ လောကရဲ့ အမြတ်ဆုံးတရား မဟုတ်ဘူး။ လောကက လွတ်တဲ့တရားပဲ ဖြစ်တယ်။ လောကက လွတ်တာဟာ လောကရဲ့ အမြတ်ဆုံး မဟုတ်လို့ပဲ။ လောကရဲ့ အမြတ်ဆုံးဆိုရင် လောကထဲမှာပဲ ရှိရမှာပဲ ။ လောကက လွတ်ရမှာ မဟုတ်ဘူးပဲ။ လောကက လွတ်သွားမှတော့ လောကရဲ့ အမြတ်ဆုံးဘယ်ဟုတ်တော့မလဲ။

ဒီတော့ ဒီတရားကို ငါစွန့်လွှတ်မယ်။ ဒီတရားဟာ လောကက လွတ်တဲ့တရားပဲ။ လောကကြီးကို လောကက လွတ်တဲ့ တရားပွားပေးဖို့ ဘာအဓိပ္ပါယ်ရှိမှာလဲ။ ကြိုးတပ်တူရိယာက ထွက်လာတဲ့ သာယာတဲ့ အသံဟာ ကြိုးလျော့လို့လည်း မဖြစ်၊ ကြိုးတင်းလို့လည်း မဖြစ်သိလိုပဲ။ ငါလည်းလူကိုလွန်တဲ့ ကိုယ်ပျောက်စိတ်ပျောက်တွေနဲ့ လူကလွတ်လပ်မှု ရှာတာကို ကျောခိုင်းတော့မယ်လို့ အဆုံးအဖြတ်ကျလာခဲ့တယ်။

အရူပစွန့်ပြီ
သိဒ္ဓတ္ထဟာ စားနိုင်သမျှ အစားအစာကလေးများကို အစပြု စားပြီး အားအင်မွေးမြူလာခဲ့တယ်။ သိဒ္ဓတ္ထကို အလုပ်အကျွေးပြုစုကြတဲ့ ပဉ္စ၀ဂ်တို့က ဒါကို အကဲခတ်မိလာကြတယ်။ သိဒ္ဓတ္ထဟာ ကမ္မဋ္ဌာန်း တွေကိုကျောခိုင်းနေပြီ လားလို့ပဲ။ သိဒ္ဓတ္ထကလည်း လမ်းကလေး ကောင်းကောင်း လျှောက်လာနိုင်တဲ့အခါ သေနဂျာရွာကြီးဘက်ကို ဆွမ်းခံထွက်လာခဲ့တယ်။ ပဉ္စ၀ဂ်တို့ဟာ ဒါကို မကြည်ကြဘူး ။ သိဒ္ဓတ္ထဟာ တရားကို လက်မြောက်သွားပြီလို့ပဲ။ ပဉ္စ၀ဂ်တို့ထင်မယ်ဆိုရင်လည်း ထင်စရာပဲ။ တစ်နေ့မှာ သိဒ္ဓတ္ထ ဆွမ်းခံဝင်နေတဲ့ နေရာကို အဲဒီတိုင်းပြည်ရဲ့ ဘုရင်ဖြစ်တဲ့ ဗိမ္မိသာရ ရောက်လာတယ်။ ဘုရင်ဟာ သိဒ္ဓတ္ထကို တွေ့တဲ့အခါ အရေးပါတဲ့ စကားတွေပြောနေတယ်။ ရဟန်းသင်ဘယ်ကလဲ သင့်အသက်က ငယ်လွန်းသေးတယ်။ ကြီးသူတွေလုပ်ငန်းကို ဘယ်ကြောင့် လုပ်သလဲ။ အခုမလုပ်သေးဘဲ သူ့မြို့လာနေပါလား။ တိုင်ပြည်တစ်ဝက်ကို အုပ်စိုးခွင့်ပေးမယ် အစစတွေပေါ့။

Website counter

Back to TOP