သာသနာ့ ၀န်ထမ်းတွေ အတွင်း အာဏာအသွင်းခံရတာဟာ သာသနာပျက်တာပဲ။ သာသနာ့ဝန်ထမ်းတွေဟာ လွတ် လပ်သူတွေ ဖြစ်ရမှာက မလွတ်လပ်ကြတော့တာပဲ။ သာသနာ့ ၀န်ထမ်းတွေဟာ သာသနာ့ တာဝန်ပဲ ထမ်းကြမယ် ဆိုရင် နယ်စည်း အထားခံရစရာ မရှိသူတွေ ဖြစ်ကြတယ်။ ကမ္ဘာမှာ ကက်သလစ် ခရစ်ယာန်တွေကို ကြည့်ရင် ကာဒီ နန်တွေ အနယ်နယ်မှာ ရှိတာ သိနိုင်တယ်။
ဗုဒ္ဓဘာသာ သာသနာတော်ရဲ့ ပင်မ တာဝန်ဟာ လူခပ်သိမ်းအတွင်း မြှေးယှက်ချုပ်နှောင်နေတဲ့ အာဏာစက်တွေကို ချေဖျက်ဖို့ ပဲ။ လွတ်မြောက်သူ အဖြစ်ဆိုတဲ့ ၀ိမုတ္တိနိဗ္ဗာန် ဖြစ်ဖို့ ပေါ့။ အခုတော့ လူတွေကို လွတ်မြောက်အောင် ၀န်ထမ်းနေကြတဲ့ သာသနာ့ ၀န်ထမ်းတွေတောင် အာဏာစက်အောက် ပြားပြားမှောက်နေကြရတယ် ဆိုတော့ သာသနာ့ တာဝန်ဟာ အပျောက်ဆုံးခံနေရပြီ ဖြစ်တယ်။
သည်လိုဖြစ်တော့ တိုင်းပြည်လည်း နစ်နာတာပဲ။ တိုင်းပြည်မှာ အုပ်ချုပ်သူနဲ့  အအုပ်ချုပ်ခံပြည်သူ ပဋိပက္ခ ဖြစ်ပြီဆိုရင် ဘာဖြစ်သလဲ၊ အရှုံးအနိုင် တိုက်ကြတော့ဖို့ ပဲပေါ့။ ရှုံးသူခံ နိုင်သူစံပဲ။ ပြီတော့လည်း ရှုံးသူဟာ မတရား၊ နိုင်သူက တရားပဲ။ ဒါဟာ တိရိစ္ဆာန်လောကလည်း သည်အတိုင်း ရှိတာပဲ။ ပဋိပက္ခ ဖြစ်ကြသူ နှစ်ဦးအပြင် တတိယလူ ရှိဖို့  ကောင်းတာပေါ့။ သူဟာ အုပ်ချုပ်သူလည်း မဟုတ်။ အအုပ်ချုပ်ခံ ပြည်သူလည်း မဟုတ်သူပေါ့။ အဲဒါ သာသနာ့ ၀န်ထမ်း ဖြစ်ရမှာပဲ။
သာသနာ့ ၀န်ထမ်းဟာ တတိယလူ အဖြစ် ရှိခဲ့ရင် အုပ်ချုပ်သူနဲ့  အအုပ်ချုပ်ခံတို့ ရဲ့ ဘယ်ပဋိပက္ခဖြစ်ဖြစ် မငြိမ်းစေ နိုင်တာမရှိ ဖြစ်မယ်။ သူနိုင် ကိုယ်နိုင် အပြိုင်တိုက်တာဟာ သွေးချောင်းစီး လုပ်ရတာတွေပဲ။ တတိယလူဟာ ဒါတွေ မဖြစ်ဖို့  ဒိုင်ပဲ။ သည်လို ဒိုင်မရှိတော့ တိုင်းပြည်နစ်နာစရာ အခွင့်ရှိတိုင်း နစ်နာကြရတာပဲ။
ဗုဒ္ဓဘာသာ သာသနာ့ ၀န်ထမ်းတွေဟာ ဒိုင်လုပ်နိုင်သူများ မဟုတ်ကြတော့အောင် လူမှုတာဝန်ကို ထမ်းဆောင်နေသူ တွေ ဖြစ်ကြပါပြီ။ ဒါကြောင့် အာဏာစက် အောက်မှာပဲ ပြားပြားမှောက်နေရပါမယ်။ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ခေတ်အဆက်ဆက်က သာသနာ့ ၀န်ထမ်းတွေဟာ အုပ်ချုပ်သူ အာဏာရှင် ဘုရင်များအောက် ပြားပြားမှောက် ရှိခဲ့ကြရပါတယ်။
အင်္ဂလိပ် အုပ်ချုပ်သူတို့ အောက်မှာလည်း သည်နည်း မခြားပါပဲ။ ဒါပေမယ့် အဲသည်ခေတ် အုပ်ချုပ်ရေးဟာ အုပ်ချုပ် သူနဲ့  အအုပ်ချုပ်ခံ တို့ အကြားမှာ လူမျိုးလိုက် ကွဲပြားနေတာဖြစ်လို့  အအုပ်ချုပ်ခံ လူမျိုးဖြစ်တဲ့ သာသနာ့ ၀န်ထမ်း တွေက အုပ်ချုပ်သူ အင်္ဂလိပ်ကို မလိုလားကြောင်း ပြသကြတာတွေ ရှိခဲ့တယ်။ ဒါလည်း ကြားလူအဖြစ် မဟုတ်ဘဲ အအုပ်ချုပ်ခံတို့ ဘက်က လုပ်ကြတာပဲ။
လွတ်လပ်ပြီး မြန်မာပြည်မှာတော့ အုပ်ချုပ်သူများက သူတို့ ကို ထောက်ခံတဲ့ သာသနာ့ ၀န်ထမ်းအဖွဲ့ အဖြစ် အသိအ မှတ်ပြုထားတဲ့ သံဃအဖွဲ့ ရှိတယ်။ အုပ်ချုပ်သူနဲ့  အအုပ်ချုပ်ခံတို့ ဖြစ်တဲ့ ပဋိပက္ခမှာ အအုပ်ချုပ်ခံတို့ ကလည်း သူတို့  ထောက်ခံတဲ့ သာသနာ့ ၀န်ထမ်းအဖွဲ့ နဲ့  ဆန္ဒပြစေကြတယ်။ အုပ်ချုပ်သူ ထောက်ခံတဲ့ သာသနာ့ ၀န်ထမ်းအဖွဲ့ နဲ့  ချေဖျက်တာ လုပ်ကြတယ်။
မဆလ ခေတ် မြန်မာပြည်မှာ မဆလ တပါတီတည်း ရှိသလို တနိုင်ငံလုံး သာသနာ့ ၀န်ထမ်းအဖွဲ့ ကို ကျေးရွာ မြို့ နယ် တိုင်းနဲ့  ဗဟိုသာသနာ့ ၀န်ထမ်းများအဖွဲ့ အဖြစ် ဖွဲ့ ပေးပြီး တခြား ဗုဒ္ဓဘာသာ သာသနာ့ ၀န်ထမ်းအဖွဲ့  မရှိစေရ ဆိုပြီး အာဏာထားပြီး ဖွဲ့ ပေးထားတယ်။ သာသနာ့ဝန်ထမ်းအဖွဲ့ တွေက ဖြစ်စေချင်တာဆိုရင် အုပ်ချုပ်သူတို့  အာဏာကို အနှောက်အယှက် မဖြစ်က ဖြစ်ခွင့်ပြုပြီး အုပ်ချုပ်သူတို့ က သာသနာ့ ၀န်ထမ်းနဲ့ စပ်ပြီး ဖြစ်စေချင်တာဆိုရင် သာသနာ့ ၀န်ထမ်းအဖွဲ့ တွေက ဖြစ်စေမိန့် တွေ ပေးကြရအောင် ဆောင်ရွက်ထားတယ်။
မဆလ အုပ်ချုပ်သူများကို ပြည်သူက မကျေမနပ် ဆန္ဒပြပြီး ဖြုတ်ချကြတယ်။ အဲသည်အခါမှာ သာသနာ့ဝန်ထမ်းတွေ လည်း ပြည်သူနဲ့ အတူ ပါကြတယ်။ ဒါကို သာသနာ့ အဖွဲ့ အစည်းတွေက မတားနိုင်ခဲ့ဘူး။ ဒါပေမယ့် မဆလသာ ပြုတ်ကျတယ်။ အဲသည် သာသနာ့အဖွဲ့ တော့ မပြုတ်ဘဲ ကျန်တယ်။
တပ်မတော်က နိုင်ငံတော် မပြိုကွဲဖို့  အာဏာသိမ်းပြီး န၀တ အစိုးရက အုပ်ချုပ်တယ်။ သာသနာ့ ၀န်ထမ်းတွေက အအုပ်ချုပ်ခံ ပြည်သူဘက်က မကျေနပ်ကြဘူး။ န၀တ အစိုးရကို ပတ္တနိကူဇ္ဇန လုပ်ကြတယ်။ ခေါင်းဆောင် သာသနာ့ ၀န်ထမ်းတွေကို သံဃသာမဂ္ဂီ ဂိုဏ်းသစ် ထောင်မှုနဲ့  ဖမ်းပြီး ထောင်ချ နှိပ်ကွပ်လိုက်တယ်။
သာသနာ့ ၀န်ထမ်းတွေ အတွင်း အာဏာစက် အသွင်းခံ နေရမှတော့ ဒါဟာ ဖြစ်ထိုက်တဲ့ အဖြစ်ပဲ။ အုပ်ချုပ်သူများ အာဏာပိုက်နက် မဟုတ်တဲ့ နယ်ပယ် နိုင်ငံတွေမှာ နေကြတဲ့ ထေရ၀ါဒ သာသနာ့ ၀န်ထမ်းတွေ ရှိကြတာပဲ။ အဲဒါ တွေကလုပ်ရင် သူတို့  မခံရဘူးပေါ့။ အဲသည်လုပ်ချက် လိုက်နာနေလို့ ပဲပေါ့။
အုပ်ချုပ်သူ အာဏာမပိုင်တဲ့ သာသနာ့ ၀န်ထမ်းက ထိုင်း၊ သီရိလင်္ကာ၊ လော၊ ကမ္ဘောဒီးယား ထေရ၀ါဒ သာသနာ့ ၀န်ထမ်းတွေပေါ့။ သူတို့ ဟာ လူမျိုးကွဲကြပေမယ့် သူတို့ အတွက် လူမျိုးက ပဓာန နေရာမှာ မရှိကြသူတွေပဲ။ သာသနာ့ ၀န်ထမ်းအချင်းချင်း အယူသီလ တူမျှကြသူတွေပဲ။ အဲသည်နိုင်ငံ သာသနာ့ ၀န်ထမ်းတွေက ပတ္တနိကုဇ္ဇန လုပ်ထားခံရသူကို တခြားနိုင်ငံက သာသနာ့ ၀န်ထမ်းတွေက ပတ္တဥက္ကုဇ္ဇန လုပ်ပြီး ဆက်ဆံကောင်းတာ မဟုတ်တာပဲ။ ဆက်ဆံရင် ဆက်ဆံသူကို သာသနာ့ ၀န်ထမ်းတွေက သံဃာခွဲမှုနဲ့  အပြစ်စွဲတာ ခံရမှာပဲ။ သာသနာ့ ၀န်ထမ်းတွေ အတွက် စည်းကမ်း ၀ိနယဟာ နယ်စည်းအခြား မရှိတာပဲ။
မြန်မာဗုဒ္ဓဘာသာ သာသနာ့ဝန်ထမ်းတွေဟာ ၀ိနယကို သာသနာ့အသက်ဆိုပြီးတော့ ဆောင်နေကြပေမယ့် တကယ့် လေ့လာသိရှိကြတာ မဟုတ်ကြဘူး။ နယ်စည်းထားပြီး ဆောင်ရွက်နေကြတာက သက်သေခံတယ်။ သီရိလင်္ကာက သာသနာ့ ၀န်ထမ်းကို အဓမ္မပြုသူအတွက် မြန်မာ့သာသနာ့ ၀န်ထမ်းတွေက ပတ္တနိကုဇ္ဇန လုပ်ရကောင်းမှန်း မသိကြဘူး။ မြန်မာ့ဗုဒ္ဓဘာသာ သာသနာ့ ၀န်ထမ်းကို အဓမ္မ ပြုသူအတွက်လည်း ပတ္တနိကုဇ္ဇန လုပ်ပေးကြဖို့  တခြား နိုင်ငံက သာသနာ့ ၀န်ထမ်းများထံ တောင်းဆိုရကောင်းမှန်းပင် မသိကြသူများ ဖြစ်ပြီး ကြောင့်ကြမဲ့နေကြတယ် မဟုတ်လား။
မြန်မာ့ဗုဒ္ဓဘာသာ သာသနာ့ ၀န်ထမ်းများဟာ ဓမ္မသာသနာ မရှိတော့ဘဲ ၀ိနယသာသနာရဲ့ သာသနာ့ဝန်ထမ်းများပဲ ဖြစ်တော့တာ ဖြစ်တဲ့အတွက် သာသနာအတွင်း အာဏာစက်ဝင်ပြီး၊ အာဏာရှင် စက်ရဲ့ ခြယ်လှယ်ချင်သလို ခြယ်လှယ်တာကို သမိုင်းဟိုးရှေးက အစ ပြုပြီး ခံလာရသူများ ဖြစ်ကြတယ်။ သည်အတိုင်း ဆက်သွားကြရင် နောင် အတွက်လည်း မျှော်လင့်ချက်မရှိဘဲ တိုင်းပြည်အတွက် ၀န်တက်ရမယ့် ၀န်ထုပ်ကြီး ဖြစ်တဲ့ လိင်္ဂသာသနာ အဖြစ်ပဲ တည်နေတော့ဖို့  ရှိတော့တယ်။
သုံးသပ်သူ
(ဉာဏ)
ဓမ္မ၀ိဟာရီ
၂၀၀၆ ခုနှစ်သြဂုတ်လ ၈ ရက်
၁၃၆၈ ခုနှစ် ၀ါခေါင်လပြည့်
ဗုဒ္ဓသာသနာ့ဝန် ပြန်ထမ်းကြဖို့ ဆိုရင်
Labels:
ဗုဒ္ဓ ဘုရား သာသနာနှင့် မြန်မာပြည်