ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စားမှုပုံစံ မြန်မာအမျိုးသမီးများ အပေါ်လွှမ်းမိုးမှုရှိ



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စားဆင်ယင်မှုပုံစံကို သဘောကျနှစ်သက်ကြသူများတွင် ၄င်းနှင့်ရွယ်တူ အမျိုးသမီးများသာမက လူငယ်အမျိုးသမီးများပင် ပါဝင်ကြောင်းသိရသည်။ "အမေစုက ဘယ်အချိန် မြင်ရမြင်ရ မြန်မာဆန်ဆန်ပဲ ဝတ်စားဆင်ယင်တယ်။ ကျက်သရေရှိအောင် ဝတ်တတ်တယ်။ အရမ်း စမတ်ကျတယ်" ဟု... ...


ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် စီးပွားရေးပညာမဟာတန်း တက်ရောက်နေသူ မသီသီလွင်ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်တုန်းက လန်ဒန်တက္ကသိုလ်မှာလည်းကျောင်းသွားတက်ဖူးတယ်လို့  သိရတယ်။ နောက် နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျခဲ့တာတောင်မှသူဟာ မြန်မာတစ်ဦးဆိုတဲ့စိတ်၊ မြန်မာပြည်ကို ချစ်တဲ့စိတ်အမြဲတမ်းရှိနေတယ်လို့ထင်ပါတယ်။
ဘာလို့လဲဆိုတော့ သူနိုင်ငံခြားမှာ ကျောင်းသွားတက်တဲ့အချိန်တွေမှာရော၊ အိမ်ထောင်ကျတဲ့ အခါတွေမှာရော အရင်တုန်းက ဓာတ်ပုံတွေကိုပြန်ကြည့်လိုက်ရင်မြန်မာ အဝတ်အစားနဲ့ ပဲ တွေ့ ရတယ်။ ဂုဏ်ယူစရာ လည်းကောင်းတယ်ဟု ၄င်းကဆိုသည်။
အချို့သူများက ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်သော အင်္ကျီဒီဇိုင်းများအတိုင်းလိုက်ချုပ်ကြသည်အထိ ရှိသည်ဟုသိရသည်။ အခုနောက်ပိုင်း လိုက်ပြီးချုပ်ကြတာကတော့ ဒေါ်စုဝတ်သလို အရောင်ပြောင်နဲ့ လက်ရှည်ရင်ဖုံးမှာ အပေါ်ထောင့်ကြယ်သီးနေရာမှာ ပန်းထည့်ကြတဲ့ပုံ အချုပ်များတယ်။ ရင်စေပုံတော့သိပ်မချုပ်ကြဘူး။ ဒီဇိုင်းက ရိုးရိုးယဉ်ယဉ်လေးပဲလေ။ အသက်၃၀ အရွယ်တွေရော၊ နောက်၅၀ကျော်တွေရော အရွယ်မျိုးစုံပါပဲ။ လာအပ်ကြတာ။ ကျွန်မတို့ ငယ်ငယ်တုန်းကလည်း (၁၉၉၀ ကျော်နောက်ပိုင်းမှာ) ဒေါ်စုအဆင်ဆိုပြီး သိုးမွေးအင်္ကျီိုကို ရောင်စုံချိတ်လို ပုံစံထိုးပြီးဝတ်ဆင်ကြတာ ကြုံဖူးသေးတယ်ဟု စမ်းချောင်းမြို့နယ် “ဝင်း” စက်ချုပ်ဆိုင်မှ ဒေါ်တင်ခိုင်က ပြောကြားပါသည်။ မြန်မာဆန်စွာ ဝတ်ဆင်သည့်အပြင် ကတ္ထီပါပုံတော် ဖိနပ်သာစီးပြီး ပန်း ပန်လေ့ရှိသဖြင့် မြန်မာ အမျိုးသမီးတဦး၏ ကျက်သရေရှိသောဟန်ပန် အပြည့်ရှိသည်ဟု ဂျာနယ်တစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေသူ အမျိုးသမီးအယ်ဒီတာ တစ်ဦးကဆိုသည်။ "ဒေါ်စု ဝတ်တာက ဘာမှဆန်းဆန်းပြားပြားကြီးတွေမပါဘူး။ ဒါပေမယ့်ပြည်သူက ချစ်တဲ့စိတ်ကြောင့် သူဝတ်ပုံစားပုံတွေ နေထိုင်ပုံတွေက ပြည်သူတွေအပေါ် လွှမ်းမိုးမှုရှိတာပါ "။


by Jit Ky on Wednesday, November 23, 2011 at 11:09am
-မန္တလေးအလင်း သတင်းဂျာနယ်မှပြန်လည်ဝေမျှသည်။

Website counter

Back to TOP