၅။ မာဂဓတိုင်း၊ ခါဏုမတပုဏ္ဏားရွာ အမ္ဗလိကာသရက်ဥယျာဉ်၌ ကူဋဒန္တအမည်ရှိသော ရွာစား ကြီးအား ဘုရားဟောသောတရား
“ဗုဒ္ဓ အသျှင်- ကျွန်ုပ်နှင့်အတူ လာကြတဲ့ ပုဏ္ဏားငါးရာတို့ ဟာ တနယ်ရပ်ခြားကနေ ဧည့်သည် အဖြစ် ရောက်နေကြသူတွေ ဖြစ်ပါတယ်။ သူတို့  တတွေဟာ ကျွန်ုပ်ကို ဗုဒ္ဓအသျှင်ထံ မသွားဘို့  ဗုဒ္ဓအသျှင်ကသာ လာစေဖို့  အထပ်ထပ်ပြောကြပါတယ်။ မဟုတ်ပုံ အထပ်ထပ် ပြောပြီး လာခံလို့  သူတို့ ပါ ပါလာခဲ့ကြတာပဲ ဗုဒ္ဓအသျှင်”
“ကောင်းပြီ ပုဏ္ဏားကြီး သည်လို ခက်ခက်ခဲခဲ လာရကျိုးနပ်အောင် မေးမြန်းချင်တဲ့ စကားရှိလျင်လည်း မေးပါ။ မရှိလျင်လည်း ဟောပြောချက်ကို နာကြားပါ”
“မေးလျှောက်ခွင့် ပြုတဲ့ အတွက် ၀မ်းသာလှပါတယ်။ ကျွန်ုပ်ဆီမှာ မေးလျှောက်ရန် ပြဿနာ ရှိပါတယ်။ အဲဒါ မေးပါရစေ။ ကျွန်ုပ်မှာ စိတ်ကူးထားတာ ရှိနေပါတယ်။ အဲဒါက ယဇ်ပွဲကြီး တစ်ခု ကျင်းပပြုလုပ်ဖို့ ပါပဲ။ ဆိတ်၊ သိုး၊ နွား ခုနှစ်ရာစီလောက် ပါဝင်တဲ့အထိ ကြီးကျယ်ပါတယ်။ အဲဒါ ပြည့်စုံတဲ့ ယဇ် ဖြစ်ချင်ပါတယ်။ အဲဒါမသိ ဖြစ်နေတယ်”
“ယဇ်ရဲ့ ဘယ်အချက်တွေ မသိတာလဲ ပုဏ္ဏားကြီး”
“ယဇ် ပြည့်စုံမှု စိတ်ထား သုံးမျိုးနဲ့  ယဇ်အခြံအရံ တစ်ဆယ့်ခြောက်ပါးဆိုတာ ရှိတယ်သာ ကြားဖူးပါတယ်၊ အဲဒါ မသိတာပါပဲ ရဟန်းဂေါတမ”
“ကောင်းပြီ အဲဒီအရာတွေနဲ့  ပြည့်စုံတဲ့ ယစ်ပွဲတစ်ခု အကြောင်း ပြောပြလျင် ရှင်းသွားမှာပါ”
“ရှင်းပါအသျှင်”
“ ရှေးအခါက မဟာဝိဇိတမင်းရဲ့ ယဇ်ပွဲအကြောင်း ပြောမယ်။ သည်ယဇ်ပွဲကို ပုဏ္ဏားက စီစဉ်တယ်။ မဟာဇိဝိတက သူ- ပစ္စည်းတွေ အများအပြားရှိတာ ယဇ်ပွဲ ကျင်းပချင်တယ်- လို့  ပုဏ္ဏားကို တိုင်ပင်တော့ ပုဏ္ဏားက ပြန်ပြောတယ်-
မင်းကြီး - တိုင်းပြည် သူခိုး၊ ဓားပြ ထနေတာ ရှိတယ် မဟုတ်လား အဲဒါတွေကို နှိမ်လည်း မဆုံး ဘူး။ သည်တော့ သူတို့  ထရခြင်း အကြောင်း ကြည်လျင် စီးပွားရေပဲ။ အဲသည် စီးပွားရေးကို အကူပေးလိုက်လျင် စီးပွားပွင့်လန်း ပြည်ရွာအေးချမ်းလိမ့်မယ်။ သည်တော့ ရှိတဲ့ ပစ္စည်းတွေကို ကုန်ထုတ်လုပ်ရေး ပစ္စည်းတွေ ထူထောင်ပေးတာတို့ ၊ တိုးတက်အောင် လုပ်သူကို ဆုချတာတို့ ၊ စားသောက်ရပ်တည်နိုင်လောက်အောင် အလုပ်လုပ်သူကို လခ ရိက္ခာ ပေးတာတို့  လုပ်ရမယ်- လို့  ဆုံးမတယ်။
မဟာဝိဇိတကလည်း ဆုံးမတဲ့ အတိုင်း လိုက်နာ ဆောင်ရွက်တော့ တိုင်းပြည်ဟာ လယ်ယာနဲ့  လက်မှု လုပ်ငန်းတွေမက အားလုံး တိုးတတ်အောင်မြင်ပြီး၊ လုပ်ရတာ ပျော်ရွှင်လာကြတယ်။ မဟာဝိဇိတမှာ အခွန်အတုပ်တွေ ရှေးကထက် အဆများစွာ တိုးရလို့ ကုန်ထုတ်တာထက် အဆများစွာ ပိုမိုချမ်းသာလာတယ်။ တိုင်းပြည်လည်း အေးချမ်းတယ်၊ သည်လိုဖြစ်လာတော့ မဟာဝိဇိတဟာ ယဇ်ပွဲလုပ်ဖို့  ပုဏ္ဏားကို အစီအစဉ် လုပ်ပေးဖို့  ပူဆာလာပြန်တယ်။ ပုဏ္ဏားက ကောင်းပြီ ဆိုပြီး-
ပဌမဆုံး အစီအစဉ်အဖြစ် မဟာဝိဇိတကို တိုင်ပင်မှု လေးမျိုး ပြုလုပ်စေတယ်-
“ယဇ်ပွဲ လုပ်ပါရစေ-လို့  ခွင့်တောင်း တိုင်ပင်ရမယ့် ပဌမ လူက-
နေရာအနှံမှာ နေနေကြတဲ့ ကိုယ့်မိတ်ဆွေ၊
နောက် အစေအပါး၊
တတိယလူက ဥစ္စာအများအပြား ရှိတဲ့ ဗြာဟ္မဏ၊ မဟာသာလတွေ၊
စတုတ္ထလူက ဥစ္စာစုရှိကြတဲ့ သူကြွယ်တွေပဲ
ဒါလုပ်ပြီးလျင် အရှင်မင်းကြီးဟာ အရှင်မင်းကြီးရဲ့ ဘ၀ကို အထပ်ထပ်အောက်မေ့ရမယ့် အချက် ရှစ်ချက်ရှိတယ်။
ပဌမ ငါဟာအမျိုးသန့် သူ။
ဒုတိယ- ငါဟာ အဆင်းရှိသူ။
တတိယ- ငါ့မှာ လှူစရာပစ္စည်းပေါများသူ။
စတုတ္ထ၀- ဘေးရန်ကာကွယ်နိုင်လောက်အောင် စစ်သည်ရှိသူ။
ပဉ္စမ- အလှူခံ အမျိုးမျိုးတို့ ရဲ့ ရေတွင်းရေကန်ဖြစ်သူ။
ဆဌမ- ငါဟာ ဗဟုသုတရှိသူ။
သတ္တမ- ငါဟာ သီလရှိသူ။
အဌမ- ငါဟာ ပညာရှိသူ- ပဲ
နောက်ထပ်လည်း အရှင်မင်းကြီးရဲ့ ပုရောဟိတ်ဖြစ်တဲ့ ကျွန်ုပ်ကိုလည်း အထပ်ထပ် အောက်မေ့ သိမြင်ထားစရာ လေးချက်ရှိပါတယ်။
အဲဒါတွေကတော့ ငါ့ပုရောဟိတ်ဟာ-
ပဌမ- အမျိုးသန့် တယ်။
ဒုတိယ- ဝေဒကျွမ်းတယ်။
တတိယ- သီလရှိတယ်။
စတုတ္ထ- ပညာရှိတယ် လို့ ပဲ။
သည် တစ်ဆယ့်ခြောက်ချက်ကို ဘာဖြစ်လို့  ယဇ်ပွဲလုပ်ဖို့  အတွက် လုပ်ရတာလဲ- လို့  မဟာဝိ ဇိတက ပုဏ္ဏားကို မေးတယ်။ ပုဏ္ဏားက ပြန်ပြောတယ်။ ဒါ တစ်ခုခု ချွတ်ယွင်းလျင် ကဲ့ရဲ့သူကလည်း ကဲ့ရဲ့မှာပဲ။ ကဲ့ရဲ့တာ ခံပြင်းလျင် ယဇ်ကုသိုလ်နဲ့  မမျှတဲ့ အကုသိုလ်ပွားမယ်။ ယဇ်ပျက်တယ်ပေါ့။ ဒါ တစ်ခုခုမချွတ်ယွင်းတာကို အထပ်ထပ် အောက်မေ့ သိမြင်ပြီးသား ဖြစ်လျင် ယဇ်ပွဲကို သည်တစ်ဆယ့် ခြောက်ချက်ထဲက အချက်တွေနဲ့  ချွတ်ယွင်းတယ် ထင်ပြီး၊ ကဲ့ရဲ့သူက ကဲ့ရဲ့တဲ့အတိုင်း မဟုတ်ဘူး- လို့ သိပြီးဖြစ်လို့  မခံပြင်းဘူး။ ယဇ် အန္တရာယ် မရှိဘူး ပေါ့။ ဒါကြောင့် သည်တစ်ဆယ့်ခြောက်ပါးဟာ ယဇ်အခြံအရံ တစ်ဆယ့်ခြောက်ပါး ဖြစ်တယ် လို့  ဖြေပါတယ်။
သည်လိုဆိုလျင် ဒါတွေ လုပ်မယ်။ နောက်ထပ် လုပ်စရာ ဘာရှိသေးသလဲ- လို့  မဟာဝိဇိတက မေးတော့ ပုရောဟိတ်က စိတ်ထား သုံးပါးကို ပြင်ဆင်ရမယ်- လို့  ဆုံးမတယ်။ သုံးပါးက-
ပဌမ- ငါ့ပစ္စည်းတွေ ပျက်ပြုန်းကုန်မှာလား။
ဒုတိယ- ငါ့ပစ္စည်းတွေ ပြုန်းတီးနေတာပဲ။
တတိယ- ငါ့ပစ္စည်းတွေ ပျက်ပြုန်းခဲ့တာပဲ- လို့ နှလုံးမသာမယာ မဖြစ်ဘို့ ပဲ။ ဒါတွေ တစ်ခုခု ဖြစ်လျင်လည်း ဆင်းရဲအောင် ယဇ်ပွဲကျင်းပမိသလို ဖြစ်မှာမို့ ပဲ - လို့  ပုရောဟိတ်က ဆုံးမတယ်။ သည်ဆုံးမချက်အတိုင်း လိုက်နာနိုင်အောင် အလှူခံတွေကို အမျိုးမျိုးရှိမှာ မြော်လင့်ထားဖို့ လည်း ဆုံးမတယ်။ အမျိုးမျိုးက ဒုစရိုက်အနည်းအပါး ရှိသူ၊ အများအပြား ရှိသူ တွေဖြစ်နိုင်တယ်- လို့ ပဲ
ဒါတွေ ဆောင်ရွက်ပြီးလျင် မဟာဝိဇိတက ယဇ်ပွဲကြီးလုပ်တယ်။ ပစ္စည်း ဥစ္စာ အများအပြားနဲ့  ကူကြသူတွေလည်း အကူခံဖို့  ပြောဆိုကြပါတယ်။ ပြည့်စုံနေလို့  အကူအမခံပါရစေနဲ့  - လို့  ပြောတာနဲ့  သူတို့ ကလည်း ကူဖို့  ယူလာတဲ့ ပစ္စည်းတွေကို ပြန်ယူလည်း မကောင်းဘူး ဆိုပြီး အဲသည် ပစ္စည်းတွေကို ယဇ်ပွဲကြီးဘေးနားက ရံပြီး ယဇ်ပွဲကလေးတွေ လုပ်ကြတယ်
“ပုဏ္ဏားကြီး - ဒါဟာ မဟာဝိဇိတရဲ့ ယဇ်ပွဲပဲ။ သည် ရှေးအကြောင်းထဲမှာ ပုဏ္ဏားကြီး သိချင်တာတွေ ပါရဲ့ မဟုတ်လား”
“ရဟန်း ဂေါတမ၊ အပြည့်အစုံ ပါပါတယ်။ သည်အကြောင်းအရာ နာကြားရတဲ့ အတွက် ကျွန်ုပ် ဧည့်သည်တွေ အံ့သြကြသလို မအံ့သြနိုင်အောင် အတွေးတစ်ချက် နှောက်ယှက်နေပါတယ် ရဟန်း ဂေါတမ”
“ဘာလဲ ပုဏ္ဏားကြီး”
“မဟာဝိဇိတရဲ့ ပုရောဟိတ်ဟာ ရဟန်း ဂေါတမပဲ ဖြစ်မှာပဲ- ဆိုတဲ့ အတွေးပါပဲ”
“တွေးနိုင်ပါတယ် ပုဏ္ဏားကြီး၊ ပုရောဟိတ်ဟာ ငါတို့ အသိဉာဏ်က မွေးဖွားပေးတဲ့ ပုရောဟိတ် ဆိုတော့ ငါတို့ ပဲလို့  တွေးခွင့် ရှိပါတယ်”
“ရဟန်း ဂေါတမ- သည်ယဇ်တွေ နာကြားရမှ မေးမြန်းချင်စိတ် ထလာတာလေးတွေ ရှိပါတယ်။ အဲဒါ မေးပါရစေလား”
“ပုဏ္ဏားကြီး မေးပါ”
“ကြားရတဲ့ ယဇ်ထက် အကုန်အကျ၊ အလုပ်အကိုင်နည်းပြီး အကျိုးများတဲ့ ယဇ် ရှိသေးသလား”
“ရှိသေးတယ် ပုဏ္ဏားကြီး”
“အဲဒါ ဟောပါဦး”
“အမြဲ အလှူဝတ်ပဲ ပုဏ္ဏားကြီး”
“ ဒါကို ဘာ့ကြောင့် အကျိုးအာနိသင် ကြီးတယ် ပြောရတာလဲ ရဟန်း ဂေါတမ”
“တိုးဝှေ့ ရတဲ့ ယဇ်ပွဲကြီးတွေမှာ တရားမှတ်ရသူတွေက မတိုး မဝှေ့ လိုကြလို့  ရှောင်ကြတယ်။ အမြဲ အလှူဝတ်ထားရာမှာတော့ အဲသည် သူတွေက မတိုးမဝှေ့ ရတော့ လာကြလို့ ပဲ”
“အမြဲ အလှူဝတ်ထက် အကုန်အကျ၊ အလုပ်အကိုင်နည်းပြီး အကျိုး အာနိသင်ကြီးတဲ့ ယဇ် ရှိသေးလား ရဟန်း ဂေါတမ”
“ရှိတယ် ပုဏ္ဏားကြီး”
“အဲဒါ ဘာလဲ ဂေါတမ”
“စတုဒိသာ ကျောင်းဝိဟာ ဆောက်လုပ် လှူဒါန်းခြင်းပဲ”
“သည့်ထက် ပိုတဲ့ယဇ် ရှိသေးလား”
“ရှိတယ်”
“ဘာလဲ အသျှင်”
“သူတော်ကောင်းတွေနဲ့  သူတော်ကောင်း တရားတွေကို ယုံစား ကြည်ညိုတာပဲ”
“အဲဒါထက် အလုပ်အကိုင်၊ အကုန်အကျနည်းပြီး အကျိုးအာနိသင်ကြီးတဲ့ ယဇ်ကော ရှိပါသေး လား အသျှင်”
“ရှိတာပဲ”
“ဘာပါလဲ အသျှင်”
“သတ်ခြင်း၊ ခိုးခြင်း၊ ကာမမှားခြင်း၊ လိမ်ခြင်းများကို ရှောင်ရှားပြီး လူတွေကို ချမ်းသာရွှင်လန်း အောင် ဖြစ်စေမှု အလှူယဇ်ပဲ”
“သည့်ထက် အလုပ်အကိုင်၊ အကုန်အကျနည်းပြီး အကျိုးအာနိသင်ကြီးတဲ့ ယဇ် ရှိပါသေးလား”
“ရှိတယ်”
“ဘာလဲ အသျှင်”
“ရဟန်းပြု၊ ပါတိမောက်စောင့်မှု စတဲ့ စောင့်မှု လေးပါးနဲ့  နေ။ လက္ခဏာတွေဖြစ်တဲ့ အနိစ္စ၊ ဒုက္ခ စတာတွေကို ၀ိတက်၊ ၀ိစာရနဲ့  အတူ နှစ်သိမ့်၊ ချမ်းမြေ့၊ တည်မြဲနေအောင် ဈာန်တွေ အဆင့်ဆင့်ပွားပြီး ပု၊ ဒိ၊ အာ ၀ိဇ္ဇာတွေ ရအောင်ကျင့်တဲ့ ယဇ်ပဲ။ အဲဒါကတော့ အမြင့်ဆုံး ယဇ်ပဲ”
“အလွန်ကောင်းလှပါတယ်။ အို- အသျှင်ဂေါတမ။ တပည့်တော်ကို ဥပါသကာ- လို့ အသိအမှတ် ပြုပေးပါ။ ကျွန်ုပ်ရဲ့ ဆွမ်းကိုလည်း လက်ခံတော် မူပါ။ ကျွန်ုပ်- သျှင်ဂေါတမ တရားဖြင့် အမှန်အကန်ကို မြင်ပါပြီ။ အညံ့စား ယဇ်အတွက်ထားတဲ့ နွား၊ ဆိတ်၊ သိုးတွေလည်း လွတ်လပ်စွာ စားသောက်နေထိုင်ခွင့် ပြုတော့မယ်
၁။ ဖာလွန်ုကောင်းကို ဘာ့ကြောင့်စိတ်ဝင်စားသလဲ ?
ဓမ္မစကြာလည်းစေသော် အမည်ရှိတဲ့ ဟောပြောချက်ကို အကြောင်းအားလျော်စွာ လေ့လာခွင့် ရခဲ့တယ်။ ဓမ္မစကြာဆိုတာကို ဗုဒ္ဓဘုရားက တရားဦးအဖြစ် ဟောခဲ့တာကို သိနေပြီးရှိတော့ ဘုရားရဲ့ ဓမ္မစကြာနဲ့ များ ထပ်နေမလား၊ အဲဒါကို ဘယ်လိုခြားနားအောင်များ သိနေမလားလို့  စိတ်ဝင်တစား ဖြစ်ရတယ်။ ပြီးတော့ ... ...
ဓမ္မစကြာ လည်စေသော် ဆိုတဲ့ သည်အမည်ဟာ ဘာသာပြန်သူရဲ့ အဓိပ္ပါယ်ရှိအောင် မှည့်ခေါ် ထားတဲ့ အမည် မဟုတ်တာ သိရတယ်။ သူရဲ့ မူရင်းအမည်က ဖာလွန်ကောင်း လို့ ဖြစ်တယ်။ ဖာ- ဆိုတာ မြန်မာလို တရားဓမ္မ၊ လွန်- ဆိုတာက စက်ယန္တရား၊ ကောင်း- ဆိုတာက လည်ပတ်ခြင်းလို့  ရတယ်။ သုံးလုံးပေါင်းလိုက်တော့ ဓမ္မစကြာလည်ခြင်း ဆိုတာမျိုးဖြစ်တယ်။ ဓမ္မစက် လည်ပါစေ၊ ဓမ္မစက်လည်စေသား ဖြစ်လာတာကတော့ အဲသည် ၀ါကျဆိုင်ရာ ၀ိဘက် အပြုအပြင် အရပဲ ဖြစ်မှာပါ။
ဓမ္မစကြာလည်စေသော်ကို ညွှန်ပြသူဟာ လီဟုန်ကြည် ဆိုတဲ့ အမျိုးသားတဦး ဖြစ်တယ်။ သူဟာ အသက် ငါးဆယ်(၅၀) ၀န်းကျင်ရှိ တရုပ်အမျိုးသားပဲ။ သည်ညွှန်ပြချက်ဟာ တရုပ် ဓမ္မ ပရိသတ်ကို ညွှန်ပြတာတွေဖြစ်တယ်။ သူ့ ကို ယုံကြည်သူပေါင်း ဆယ်ကုဋေ လောက်ရှိတယ် လို့  ကျော်ကြားတယ်။ ဒါကလည်း သည်ညွှန်ပြချက်ကို လေ့လာဖို့  ကြီးမားတဲ့ ဆွဲဆောင်မှုပဲ။
၂။ လူအများအတွက် အကျိုးရှိတယ်ဆိုလျင် မပိတ်ပင်သင့်
နောက်ဆုံး စိတ်ဝင်စားတာက ...
တရုပ်အစိုးရက တရားဝင် ဗုဒ္ဓဘာသာအဖြစ် အသိအမှတ်ပြု မခံရတာဘဲ။
ဘယ့်ကြောင့် သည်လို ဖြစ်ရတာလဲ?
ဗုဒ္ဓဘာသာ တရားဓမ္မ မဟုတ်လို့ လား ?
လူမှာ အသုံးမကျလို့ လား?
သူတို့  ပါတီဖြစ်တဲ့ ကွန်မြူနစ် ဆန့် ကျင်လို့ လား ?
ဆိုတာတွေပဲ။
ဒါတွေကို ကွန်မြူနစ်အစိုးရကပဲ ဖွင့်ပေးခဲ့တာတွေပဲ။ မြို့ နယ်နဲ့  ခရိုင်အဆင့်ရှိသူတောင် ဆည်း ပူးကြတယ် သိရတယ်။ အခုတော့ တရားဝင် အသိအမှတ်ပြုဖို့  တောင်းဆိုသူတွေကို ဖမ်းဆီး နှိပ်စက်တယ် သိရတယ်။
အဲဒါ...
တရား သလား?
မတရား ဘူးလား?
လူမှုအကျိုးမဲ့ဆီ သွားမှာကြောင့် တရားဝင် အသိအမှတ်ပြုမှု မလုပ်တာဆိုရင်တော့ တရားမှာပဲ။ ပါတီရဲ့ ရုပ်ဝါဒနဲ့  ဆန့် ကျင်လို့ အသိအမှတ် မပြုတာဆိုရင်တော့ တရားမှာ မဟုတ်ဘူး။ ပါတီနဲ့  ဆန့် ကျင်ပေမယ့် ပြည်သူကို အကျိုးပြုရင် အသိအမှတ် မပြုတာဟာ မတရားဘူး။ ပါတီ မဆန့် ကျင်ပေမယ့် ပြည်သူကို အကျိုးနည်းစေမယ်ဆိုရင် အသိအမှတ် မပြု တာ တရားတယ် ပြောရမယ်။ ဒါအတွက် တရုပ်အစိုးရ တရားသလား- မတရားဘူးလားပေါ့။
လူအများအပြားရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို တားဆီးပိတ်ဆို့ လို့  တရုပ်အစိုးရ မတရားဘူး- လုပ်ဖို့ တော့ မဟုတ်ဘူး။ တရုပ် အစိုးရ ဖြစ်ဖြစ် ဘယ်အစိုးရဖြစ်ဖြစ် အစိုးရဟာ ပြည်သူ့  အုပ်ချုပ်ရေးမှာ စီမံခန့် ခွဲရသူပဲ။ သည်သူဟာ ပြည်သူကို နစ်နာစေမယ့် ကိုးကွယ် ယုံကြည်မှုဖြစ်ရင် ဒါကို အများပြည်သူထံ ပျံ့နှံ့ တာ မဖြစ်အောင် တားမြစ်ခွင့် ရှိသင့်တာပဲ။ တားမြစ်ခံရတာက အထူးစိတ်ဝင်စားဖို့  ကောင်းတာပဲ။ ဒါကြောင့် သည်ညွှန်ပြချက်ဟာ မလေ့လာမဖြစ် လေ့လာဖို့  ဆွဲဆောင်မှု ရှိတဲ့ ညွှန်ပြချက်အဖြစ် လေ့လာပါတယ်။
အသည်အချက်ကို လေ့လာရာမှာ အချက်နှစ်ချက်နဲ့  လေ့လာပါတယ်။
သည်ညွှန်ပြချက်ကို လေ့လာရာမှာ အချက်နှစ်ချက်နဲ့  လေ့လာမှာ ဖြစ်ပါတယ်။
ပဌမ တချက်က သည်ညွှန်ပြချက်ဟာ ဗုဒ္ဓဘာသာ ညွှန်ပြချက် ဟုတ်- မဟုတ် နဲ့ လေ့လာချက် ပေါ့။
ဒုတိယ တချက်က သည်ညွှန်ပြချက်ဟာ ဗုဒ္ဓဘာသာ ညွှန်ပြချက် ဟုတ်-မဟုတ်ထက် လူသား ကို အကျိုးများစေတဲ့ လူသားလျှောက်လှမ်းဖို့  သင့်တဲ့လမ်း ဟုတ် - မဟုတ် လေ့လာချက်ပဲ။
၃။ လီဟုန်ကြည်သည် ဗုဒ္ဓထက် သူ သာလွန်တယ်လို့  ယူဆ
ပဌမ လေ့လာချက်အဖြစ် ဦးဆုံးလေ့လာပါ့မယ်။
လီဟုန်ကြည်ရဲ့ ဓမ္မစကြာ လည်စေသော်- ဆိုတဲ့ ညွှန်ပြချက်ဟာ ဗုဒ္ဓဘာသာဆိုင်ရာ ညွန်ပြချက်လား?
သည်အဖြေအဖြစ် လီဟုန်ကြည်ကတော့ ဟုတ်တယ် ... ပြောမှာ တွေ့ ရတယ်။
သူ့ ညွှန်ပြချက်ထဲမှာ ဗုဒ္ဓဘာသာတရားဓမ္မမှာ ရပ်တည် ညွှန်ပြနေတယ် ဆိုတဲ့ သဘောတွေ လည်း အများအပြားတွေ့ ရတယ်။ ပြီးတော့လည်း ဗုဒ္ဓဘာသာသမိုင်းဝင် အကြောင်းအရာတွေ ကို အခါ အားလျော်စွာ ထုတ်ပြတာတွေလည်း ရှိတယ်။ နောက်ဆုံးအနေနဲ့  ဗုဒ္ဓဘာသာရဲ့ တွေးခေါ်မြော်မြင်ပုံအဖြစ် သည်နေ့  တည်ရှိနေတဲ့ ဗုဒ္ဓဘာသာတို့ ရဲ့ အတွေးအခေါ်မျိုးတွေ တွေးခေါ်မြော်မြင်ပြတာတွေ တွေ့ ရတယ်။
သည်တော့ သည်ညွန်ပြချက်ဟာ ဗုဒ္ဓဘာသာဆိုင်ရာ ညွှန်ပြချက်ဖြစ်တယ် ပြောရတော့မှာပေါ့။ ဒါပေမယ့် သည်ညွှန်ပြချက်ဟာ တကယ်ပဲ ဗုဒ္ဓဘာသာ တရားဓမ္မညွှန်ပြချက် ဟုတ်ပြီလား? လို့ တော့ မမေးဘဲထားလို့  မဖြစ်ဘူး။ ဘယ့်ကြောင့်လဲ ဆိုတော့ သူ့ ညွှန်ပြချက်ထဲမှာ ညွှန်ပြ သူဟာ “ ဘုရားထက်သာလွန်တယ် ” ပြောဆိုချက် ပါနေလို့ ပဲ။
ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဟာ ဆရာပဲ။ ဗုဒ္ဓဘာသာဝင် ဆိုသူတွေဟာ ဗုဒ္ဓဘုရား ညွှန်ပြပို့ ချတာတွေ အရ အသိပေါက်သူတွေရဲ့ အမည်တွေပဲ။ ဗုဒ္ဓဘာသာဝင် ခံယူပြီး ဗုဒ္ဓဘုရားထက် အသိတွေ အတတ်တွေ ပိုလွန်သွားပြီဆိုတော့ ဗုဒ္ဓဘာသာဝင် အဖြစ်က လွန်သွားသူ၊ ဗုဒ္ဓဘာသာဝင် မဟုတ်တော့ဘဲ ဖြစ်ရမှာပဲ။
သည်နေရာမှာ ပြောစရာတော့ နည်းနည်း ရှိတယ်။ ဘာလဲ ဆိုတော့ ဗုဒ္ဓဘာသာဝင်ဟာ ဗုဒ္ဓ ဘုရားထက် အသိတွေ အတတ်တွေ အားလုံး မလွန်ရတော့ဘူးလား? ဆိုတာပဲ။ သည်လိုတော့ မဟုတ်ဘူး၊ ဗုဒ္ဓဘုရား ဖော်ထုတ်လိုက်တဲ့ အသိပိုင်း အတတ်ပိုင်းဆိုင်ရာ အသိ အတတ်ထက် မလွန်ရမှာသာ ဖြစ်တယ်။ ဗုဒ္ဓဘုရား ဖော်ထုတ်လိုက်တဲ့ အသိအတတ်ပိုင်း ဆိုင်ရာ မဟုတ်တဲ့ အသိအတတ်တွေမှာတော့ ဗုဒ္ဓထက် ပိုချင်လည်း ပိုခွင့်ရှိပါတယ်။
ဟုတ်တယ်။ ဗုဒ္ဓဘာသာဘုရားရဲ့ တပည့်အဖြစ် ခံယူတာဟာ ကိုယ်တတ်သိနေတဲ့ အတတ် အသိတွေထက် ဗုဒ္ဓဘုရားက ပိုမိုတတ်သိနေတယ် ခံယူပြီး တပည့်ခံယူတာ မဟုတ်ပါဘူး။ ကိုယ်တတ် သိနေတာတွေထဲက ဗုဒ္ဓဘုရား မတတ်မသိတာတွေ အများအပြားပဲ ရှိစရာ ရှိပါ တယ်။ ဗုဒ္ဓဘုရားဟာ အရာရာမှာ ကိုယ့်ထက်တော်သူ သိသူ မဟုတ်နိုင်ပါဘူး။
ဒါပေမယ့် ကိုယ်ဘယ်လိုမှ မသိနိုင်တဲ့ ကိုယ်နဲ့ အတူ လူတွေ ဘယ်လိုမှ မသိနေကြတဲ့ လူလမ်း ကြောင်းအမှန်ကလေး တခုကို တီထွင်ဖောက်ထုတ်သွားနိုင်တဲ့ တစ်ဦးတည်းဖြစ်တဲ့ ပုဂ္ဂိုလ်မြတ် ဖြစ်ပါတယ်။ သည် အတတ်အသိဟာ လူ့ လောကအတွက် အတိုင်းမသိ အကျိုး ကျေးဇူး ကြီးမားပါတယ်။ ဒါပေမယ့် သည်အတတ်အသိဟာ လောကထဲမှာရှိနေတဲ့ အတတ် အသိတွေ အားလုံးကို တတ်တာ သိတာတော့ မဟုတ်ပါဘူး။
သည်အတတ်အသိဟာ လောကထဲရှိသမျှ အတတ်အသိအားလုံးကို တတ်သိတဲ့ အတတ် အသိ မဟုတ်ပေမယ့် အဲသည် အတတ်အသိတွေ အားလုံးထက် အရင်းကျ အရေးပါပြီး လူကို ကျေးဇူးအများစေဆုံး အတတ်အသိတော့ ဟုတ်တယ်။
အတတ်အသိတွေ မှန်သမျှဟာ နည်းနည်းဖြစ်ဖြစ်၊ များများ ဖြစ်ဖြစ် လူကို ကျေးဇူးပြုတာတွေ ချည်းပါပဲ။ ကောင်းအောင် ဖြစ်ချင်ဖြစ်မယ်၊ ဆိုးအောင်လည်း ဖြစ်ချင် ဖြစ်ပါမယ်။ ကျေးဇူး တစ် ခုခုတော့ ပြုမြဲပါပဲ။ လူ့ အကျိုးကို သယ်ပိုးတဲ့ အတတ်အသိချည်း ဖြစ်ပါတယ်။
အဲသည် အတတ်အသိတွေဟာ လူ့ ပတ်ဝန်းကျင်တွေနဲ့  လူကို ဘယ်လိုတည်ဆောက်ရမယ် ဆိုတာ သိတာနဲ့  တတ်တာတွေ ဖြစ်တဲ့ အသိအတတ်တွေ ဖြစ်နေကြတယ်။
ဗုဒ္ဓညွှန်ပြတဲ့ အတတ်အသိဟာ လူကို မစင်ကြယ်အောင် ပတ်ဝန်းကျင်က ကပ်လာတွေက လ ယောင်ဆောင်နေတာတွေကို သိမြင်တဲ့ အသိနဲ့ ၊ ဒါတွေကို ဖယ်ရှားတတ်တဲ့ အတတ်ဖြစ်တဲ့ လူစင်ကြယ်စေတဲ့ အသိနဲ့  အတတ် ဖြစ်ပါတယ်။
ဗုဒ္ဓညွှန်ပြတဲ့ အတတ်အသိမရဘဲ လောကထဲက အတတ်အသိမျိုးစုံး ရနေပြီး ကိုယ်လိုချင်တဲ့ ပတ်ဝန်းကျင်အမျိုးမျိုးကို တည်ဆောက်နိုင်ဦးတော့တောင်မှ ဗုဒ္ဓညွှန်ပြတဲ့ အတတ်အသိ မရရင် အဲသည် မရသူကို အဲသည် ပတ်ဝန်းကျင်က ကျေးဇူးတွေ တကယ် မပြုနိုင်ပါဘူး။ အဲသည်ကျေးဇူးတွေ တကယ် မခံစားရဘူးလို့  ဆိုလိုတာပါ။
တနည်း ပြောရရင် အိုးခွက် ပန်းကန်ကို စင်စင်ကြယ်ကြယ် သုံးချင်လို့  အိုးခွက်ပန်းကန်ကို စင်
ကြယ်အောင်ဆေးကြောချင်ရင် မဆေးကြောခင်မှာ ဆေးကြောမယ့် လက်ကို စင်ကြယ်အောင် ဆေးကြောသင့်ပါတယ်။ ဆေးကြောမယ့် လက်က မစင်ကြယ်ရင် အိုးခွက် ပန်းကန် စင်စင် ကြယ်ကြယ် သုံးချင်တာလည်း အပိုပဲနေမယ် မဟုတ်လား။
ဗုဒ္ဓဘုရားရဲ့ အတတ်အသိတွေဟာ လူကို ပတ်ဝန်းကျင်ကောင်းတွေနဲ့  ပံ့ပိုးဖို့  မဟုတ်ဘဲ အပံ့ အပိုးခံလူကို စင်ကြယ်စေဖို့ သာ ဖြစ်ပါတယ်။ စင်ကြယ်စေဖို့် ဟာ လူအတွက် ပဓာန အကျဆုံး ဖြစ်တဲ့အတွက် ဗုဒ္ဓဘုရားရဲ့ အတတ်အသိဟာ အတတ်အသိများထဲက တမျိုးသား ဖြစ်ပေမယ့် လူ့ မှာ ရှေ့ တန်းအကျဆုံး အတတ်အသိ ဖြစ်တယ်။
သည်အတတ်အသိကို တတ်သိရာမှာတော့ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူ ဖြစ်ဖြစ်၊ ဘယ်သူမှ ဗုဒ္ဓထက် သာလွန်သူ မရှိရပါဘူး။ ခေတ်စကားနဲ့  ပြောရရင် ရလေးတီဗီတီ (Relativity) ဆိုတဲ့ သီဝရီ (Theory) ကို အိုင်းစတိုင်း (Einstein) ဆိုသူ ဖော်ထုတ်ခဲ့တယ်။ သည်သီဝရီကို အိုင်းစတိုင်းထက် ပိုသိသူဆိုတာ မရှိကောင်းပါဘူး။ ပိုသိတယ် ဆိုရင် အဲသည် သူဟာ အိုင်းစတိုင်း အမှားကို သိသူပဲ ဖြစ်မယ်။
အခုလည်း လီဟုတ်ကြည် ပိုသိတယ် ဆိုရင် ဗုဒ္ဓမှားလို့  ဖြစ်ရပါမယ်။ ဗုဒ္ဓ အသိနဲ့  အတတ်ဟာ အဖက်ဖက်က မမှားဘူး ဆိုရင် လီဟုန်ကြည်သိတဲ့ ဗုဒ္ဓတရားဆိုတာ မှားလို့  ဖြစ်ရပါမယ်။ နှစ်ဦးလုံးလည်း မမှားကြဘူး။ လီဟုန်ကြည်ဟာ ဗုဒ္ဓထက်ပိုလွန်တဲ့ အတတ်အသိရှိသူ ဖြစ်တယ် - ဆိုတာတော့ မဖြစ်နိုင်ရဘူး။
မဖြစ်နိုင်ဘူး ဆိုရပေမယ့် ဖြစ်နေပြီလို့  လီဟုန်ကြည်က ဆိုးထားတော့ လီဟုန်ကြည်က သည် အဆိုအရ ဗုဒ္ဓဘာသာ တစ်ယောက် မဟုတ်ရဘူး ဖြစ်ရမယ်။ ဗုဒ္ဓဘာသာဆိုတာ ဗုဒ္ဓညွှန်ပြတဲ့ အလင်းကို ခံယူသောက်စို့ သူလို့  အဓိပ္ပါယ်ရတဲ့ စကားပဲ။ လီဟုန်ကြည်က အဲသည် လိုသူ မဟုတ်ဘူးဆိုတော့ လီဟုန်ကြည်ကို ဗုဒ္ဓဘာသာလို့  ပြောဖို့  အကြောင်းမရှိ ဖြစ်တာပေါ့။ ဗုဒ္ဓ အလင်းထက်လွန်တဲ့ အလင်းကိုတောင် ဖော်ထုတ်နိုင်ပြီဆိုတော့ ဗုဒ္ဓဟာ သူ့ ဆရာလည်း မဟုတ်တော့ဘူးပေါ့။ ဗုဒ္ဓကို ဆရာလို့  မညွှန်ပြနိုင်တော့သူကို ဗုဒ္ဓဘာသာလို့  ဘယ်လို ပြောမလဲ။